CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂ ရက်

ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်းတွေ မြင့်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းထဲကလည်း မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ရေကြီးနစ်မြှပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်ထဲက စပါးခင်း ရေကြီးနစ်မြှပ်မှု အခြေအနေတွေ၊ လယ်သမားတွေ ဘယ်လို အခက်အခဲတွေ ရှိနေလဲ၊ သက်ဆိုင်ရာက ဘာတွေ လုပ်ပေးဖို့ လိုအပ်နေလဲ စတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦီးတင်အောင်ဦးကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။         ။ ရခိုင်ပြည်နယ်ဘက်မှာ ရေကြီးမှုတွေကြောင့် စပါးခင်းတွေ ဘာတွေ ရေနစ်မြှပ်တာရော ရှိပါသလားရှင့်။

ဖြေ ။          ။ စပါးစိုက်ကွင်းတွေ ဘာတွေ ရေကြီးတဲ့ဟာတွေကတော့ ရှိပါတယ်။ ကျနော်တို့ ဒီဘက်မှာ သံတွဲဘက်ဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရေက တော်တော်လေးကို မြို့ထဲတောင်မှ ရေနစ်မြှပ်သွားတယ်။ တချို့ မြေနိမ့်တဲ့ ဘက်မှာဆိုရင် ရေက ၅ ပေ၊ ၆ ပေလောက်အထိ ရေနစ်မြှပ်သွားတယ်လို့ သိရတယ်။ ရေကြီးနစ်မြှပ်မှု အခြေအနေ စာရင်းဇယားကတော့ မြို့နယ် ဘက်က ကောက်နေပြီလို့ ကျနော်တို့ သိရတယ်ဗျ။

စစ်တွေ၊ မြောက်ဦး၊ မင်းပြားဘက်ကတော့ မြှပ်တော့မြှပ်တယ်။ သိပ်အများကြီး မြှပ်တယ်လို့တော့ မကြားမိသေးဘူး။ အတိအကျ စာရင်းဇယားတွေကတော့ ကျနော်တို့ မရရှိသေးပါဘူးဗျ။

မေး ။         ။ အခုက ကပ်ရောဂါကလည်း ဖြစ်နေသလို ရာသီဥတုကလည်း မကောင်းတော့ ရခိုင်ပြည်နယ်ရဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေကရော ဘယ်လိုမျိုး ရှိနေပါသလဲ။

ဖြေ ။          ။ စားနပ်ရိက္ခာက ဆန်ကတော့ ကျနော်တို့ ဆီမှာ ရှိပါတယ်။ ဆန်ကတော့ ဖူလုံမှုရှိပါတယ်။ ဈေးတွေ ဘာတွေ ကတော့ ဒီရာသီက မိုးတွင်းဖြစ်တော့ အပြောင်းအလဲ ရှိပါတယ်။ ဈေးတက်နေကျ ရာသီလည်း ဖြစ်တော့ ဈေးတော့ နည်း နည်း တက်ပါတယ်။ တခြား ပြည်မဘက်က လာရတဲ့ စားသောက်ကုန်တွေကတော့ တစ်အားကြီး ပြတ်တောက်နေတဲ့ ပုံစံ တော့ မရှိသေးပါဘူး။ လောလောဆယ်ကတော့ နည်းနည်းလေး ရှားပါးတယ်။ အဲ့ဒီတော့ ဈေးနှုန်းတွေက နည်းနည်းလေး မြင့်လာတဲ့ အတိုင်းအတာတော့ ရှိပါတယ်။

မေး ။          ။ ဈေးနှုန်းတွေ ဘယ်လောက် ရာခိုင်နှုန်းလောက် မြင့်နေလဲ၊ ဘယ်လိုကုန်ပစ္စည်းတွေမှာ မြင့်နေတာပါသလဲ။

ဖြေ ။           ။ ဈေးနှုန်းတွေ မြင့်နေတာတော့ အခုမှ မဟုတ်ပါဘူး။ ဒေါ်လာဈေးတွေ တစ်နိုင်ငံလုံးမှာ မြင့်တက်သွားတဲ့ အချိန် ရှိတယ်။ ဥပမာအားဖြင့် စားသုံးဆီဖြစ်တဲ့ စားအုန်း ဆီ ဈေးနှုန်းတွေပေါ့။ အရင်က တစ်ပိဿကို ကျပ် ၂၀၀၀ ဝန်းကျင်လောက် ရှိတာကနေ အခုဆိုရင် တစ်ပိဿကို ကျပ် ၄၀၀၀ ကျော်လောက် ရှိနေပြီပေါ့။ ကျနော် သိရသလောက် ရန်ကုန်မှာလည်း ကျပ် ၃၀၀၀ ကျော်လောက် ဖြစ်နေတယ်ဆိုတော့ ဒါက အကုန်လုံး ဆက်စပ်ပြီးတော့ ဈေးတက်လာတယ်ဆိုတဲ့ သဘောရှိတယ်။

ဆေးဝါးတွေကတော့ ရန်ကုန်၊ မန္တလေးဘက်က လာတဲ့ ဆေးဝါးတွေများပါတယ်။ ဈေးနှုန်းတွေ တစ်အားတက်တယ်လို့တော့ ကျနော် မကြားမိသေးဘူး။ လောလောဆယ် လက်လီဆေးဆိုင်တွေမှာ ပြတ်လပ်မှုရှိတဲ့ ဆေးဝါးတွေကတော့ ဈေးတက်လိမ့် မယ်လို့ ထင်ပါတယ်။ ဒါကလည်း ဈေးကွက်သဘောအရ ရှားလာရင် နည်းနည်းလေး မြောက်တတ်သွားနိုင်တဲ့ သဘောတွေ့ ရပါတယ်။

 ဒါပေမယ့် တစ်အားကြီးတော့ ဈေးတက်သွားတာတော့ ကျနော်တို့ဆီမှာ မရှိသေးပါဘူး။ ဆေးဝါးတွေက လက်ရှိမှာ ရခိုင်ကို သယ်ရတာလည်း နည်းနည်းလေး ခက်တယ်။ အရင်ထဲက ရခိုင်ပြည်ထဲကို သယ်လာမယ့် ဆေးဝါးတွေဆိုရင် တာဝန်ရှိတဲ့ ပြည်နယ်ကောင်စီကနေ ခွင့်ပြုချက်တွေ ယူရပါတယ်။ နောက်ပြီး ကုန်ကားတွေကြတော့လည်း သိပ်ပြီး ပေါပေါများများ မထွက်ဘူးဆိုတော့ ပါမစ်ယူရတဲ့ ကိစ္စတွေမှာ အခက်အခဲလေးကတော့ နည်းနည်းရှိတယ်။ ဒီအတွက် ကြန့်ကြာမှုလေးတွေ ကတော့ ရှိနေပါတယ်။တအားကြီး ပြတ်တောက်သွားတဲ့ အဆင့်တော့ မရောက်သေးဘူးဗျ။

ပုံ-ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးလုပ်နေသည့် စက်လှေများပေါ်တွင် ကိုဗစ်ကာကွယ်ရေးဆေးဖြန်းနေစဉ်

 

မေး ။         ။ လက်ရှိ ရခိုင်ပြည်နယ်က ကပ်ဘေးရော၊ ရာသီဥတုဘေးရော ခံနေရတဲ့အတွက် စီးပွားရေး အခြေအနေက ဒီအတောအတွင်းမှာ ဘယ်လိုမျိုး ဖြစ်လာနိုင်ပါသလဲ။

ဖြေ ။          ။ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးက ကျနော်တို့ ခန့်မှန်းမိသလောက်တော့ ကောင်းတဲ့ဘက်တော့ မရောက်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဆီမှာ အရောင်း အဝယ် ကဏ္ဍတွေကလည်း တအားကြီး ခက်တယ်။ တအားကြီး သေးသွား တယ်။ ငွေကြေးစီးဆင်းမှုတွေကလည်း တအားကြီး နှေးသွားတဲ့အတွက် အခက်အခဲတွေနဲ့ စီးပွားရေးကတော့ နှေးသွားမယ်လို့ မြင်တယ်။ အဲ့လိုမှန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာက ကျေးလက်နေ ပြည်သူတွေ များတယ်။ အကုန်လုံးကလည်း စိုက်ပျိုးရေး လုပ်ငန်းတွေပဲ လုပ်ကိုင်ကြတာ ဖြစ်တယ်။ ဒီနေရာမှာလဲ ဆန်၊ စပါးစိုက်ပျိုးရေးကိုပဲ အဓိက လုပ်ကိုင်ကြတာ ရှိပါတယ်။ စပါးစိုက်ပျိုးတဲ့ နေရာမှာလည်း ဒီနှစ် က သွင်းအားစုတို့ ဘာတို့ကြတော့ ပြီးခဲ့တဲ့နှစ်ထက်စာရင် နှစ်ဆလောက် ဈေးတက်တယ်။ ပြီးခဲ့တဲ့နှစ်က ဓာတ်မြေဩဇာ တစ်အိတ် ကျပ် ၂၀၀၀၀ ကျော်လောက်ပေးရတာက ဒီနှစ်မှာဆိုရင် ကျပ် ၄၀၀၀၀ ကျော်လောက် ပေးရတဲ့အထိ ဖြစ်သွားတယ် ဆိုတော့ နှစ်ဆလောက် ခုန်တက်သွားတာပေါ့။

ဒီအပေါ်မှာမှ သူတို့က ခါတိုင်း လယ်တစ်ဧကကို ဓာတ်မြေဩဇာ (၁)အိတ်၊ (၂) အိတ်သုံးနိုင်ရင် ဒီနှစ်မှာ သုံးနိုင်ဖို့အတွက် တော်တော်လေး ခက်ခက်ခဲခဲ လုပ်နေရတဲ့အတွက် နောက်နှစ်ကျရင် စပါးအထွက်ကလည်း ကျနော်တို့ ကျဆင်းလာနိုင်တယ် ဆိုတဲ့ အနေအထားတွေ မြင်နေရပါတယ်။ ခြုံငုံပြီးပြောရရင် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးကတော့ တော် တော်လေးကို တုံ့ဆိုင်း နေတယ်။ တော်တော်လေး ရပ်တန့်နေမယ်လို့တော့ မှန်းလို့ရတယ်။ ကျနော်တို့ကတော့ ဆက်ပြီး မကျဆင်းပါစေနဲ့လို့တော့ ဆုတောင်းနေရမယ့် အနေအထား ရှိတယ်။

မေး ။         ။ အဲဒီတော့ လက်ရှိ တာဝန်ရှိသူတွေ အနေနဲ့ ရခိုင်ပြည်နယ်ကို ဘာတွေ ပံ့ပိုးဖို့ လိုအပ်နေပါသလဲရှင့်။

ဖြေ ။          ။ လက်ရှိကတော့ ကျနော်တို့ ရခိုင်ဒေသမှာ သွင်းအားစုတွေကို တင်သွင်းတဲ့အခါ လယ်သမားတွေအတွက် ဘာလုပ်ပေးနိုင်မလဲ။ အများစုက ကျေးလက်ဒေသမှာ နေတဲ့သူတွေဆိုတော့ စီးပွားရေးကို ဘာတွေ အထောက်အကူ ပြုပေး နိုင်မလဲ။ အဲဒါတွေကတော့ သူတို့လုပ်လိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုကတော့ ငွေကြေးစီးဆင်းမှု အပိုင်းတွေပေါ့။ လက်ရှိ အချိန်မှာတော့ ကျနော်တို့ ရခိုင်ဒေသက နည်းနည်းလေး အေးချမ်းနေတဲ့ သဘောတော့ တွေ့ရပါတယ်။ အဲဒီတော့ ငွေကြေး စီဆင်းမှုတွေလည်း နည်းနည်းလေး လုံခြုံချောမွေ့အောင် ဒီထက်လုပ်ပေးတယ်ဆိုရင်တော့ အထိုက်အလျှောက် ခံသာမယ် ပေါ့လေ အဲဒီလိုပဲ မြင်မိပါတယ်။

မေး ။         ။ တခြား ဘာများ ဖြည့်စွက်ပြောလိုပါသေးလဲရှင့်။

ဖြေ ။         ။ ရခိုင်ပြည်ဘက်ကျတော့ သွားရေး လာရေး လမ်းပန်းဆက်သွယ်ရေးက တော်တော်လေး ခက်ခဲတဲ့ ဒေသဖြစ်တဲ့ အတွက် တာဝန်ရှိတဲ့ အစိုးရပိုင်းကလည်း ပံ့ပိုးကူညီမှုတွေ လိုတယ်။ နောက်တစ်ခုက ပုဂ္ဂလိက ဘက်ကလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ လိုတယ်။ အဲလိုလုပ်မှပဲ အရင်အခြေအနေထိ မရောက်နိုင်သေးဘူးဆိုရင်တောင်မှ တော်တော်လေးကို ရုန်းကန်ရမယ့် အနေအထားရှိပါတယ်။ ဒါကြောင့် အကုန်လုံးက စည်းစည်းလုံးလုံးနဲ့ လုပ်မှပဲ ရမယ်လို့ ကျနော်ကတော့ နောက်ဆုံး ပြောချင်ပါတယ်။

#ဦီးတင်အောင်ဦး #ရခိုင်ပြည်နယ် #ကုန်သွယ်ရေး #ငွေကြေး #ကျန်းမာရေး #ကိုဗစ်၁၉ #စီးပွားရေး #CNImyanmar #cninews