CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီမိုကရေစနှင့်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အာမခံကြောင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့်အဖွဲ့ကလွဲပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှဆို တွေ့ဆုံဆွေးနွေးနိုင်ကြေင်း နစက တာဝန်ယူမှု (၆)လပြည့် မိန့်ခွန်းပြောရာမှာ ထည့်သွင်း ပြောသွားခဲ့သည်။
အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်ပြီး တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကို CNI သတင်းဌာနက ဆက်သွယ်၍ သူတို့၏ သဘောထားများကို စုစည်း တင်ဆက်ပေးလိုက်ပါသည်။
စိုင်းလိတ် - အထွေထွေအတွင်းရေးမှူး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-SNLD)
မေး ။ ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အာမခံတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတယ်။ အဲဒီအပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အာမခံတယ်ဆိုတဲ့ ဥစ္စာက ပါးစပ်နဲ့ ပြောရုံနဲ့ မရပါဘူး။ လက်တွေ့ ပြသနိုင်ရမယ်။ လူထုရဲ့ ယုံကြည်မှုကို ရရှိအောင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အာမခံချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီးမှ ကိုယ်ကိုယ်၌ကလည်းပဲ ခေါင်းဆောင်လုပ်တဲ့ လူတွေကိုယ်၌ကလည်းပဲ အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်။
အပြောလောက်နဲ့ ကျနော်တို့တွေ ဖြတ်သန်းခဲ့တာ များလှပြီ၊ ကြာလှပြီပေါ့နော်။ လူထုတွေ တိုင်းရင်းသားပြည်သူလူထုတွေ စိတ်ချယုံကြည်ရတဲ့ အနေအထားမျိုး စောစောကပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကို အတိအကျ ပြဋ္ဌာန်းထားတာမျိုး မဟုတ်လို့ရှိရင် အပြည့်အဝ ယုံကြည်လို့ မဖြစ်နိုင်ပါဘူးခင်ဗျ။
မေး ။ ။ အာမခံတယ်လို့ ပြောသွားတဲ့အပေါ် ဘယ်လိုမျိုး လက်တွေ့ပြသင့်တယ်လို့ ထင်လဲ။
ဖြေ ။ ။ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ပြောတဲ့စကားပဲဗျာ။ ရှင်းရှင်းပြောရရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင်မှပဲ ကျော်လွန်ပြီးမှ လုပ်ဆောင်နေတဲ့ အပိုင်းတွေ ရှိနေတဲ့ကာလမှာ ဒါတွေကို အပြည့်အဝယုံကြည်ဖို့ဆိုတာ ကျနော်တို့ဘက်က ဘယ်လိုမှကို မစွန့်စားရဲပါဘူးခင်ဗျ။
မေး ။ ။ အကြမ်းဖက်အဖွဲ့ ကြေညာထားတဲ့ အဖွဲ့ကလွဲပြီး မည်သည့် လက်နက်ကိုင်အဖွဲ့မဆို တွေ့ဆုံ ဆွေးနွေးနိုင် ကြောင်း ဖိတ်ခေါ်ပါတယ်ပြောတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဟာ ပြည်သူတွေ ဖြစ်တယ်ဗျ။ ပြည်သူလူထုကိုယ်တိုင်က ဘယ်လို ဆန္ဒရှိတယ်ဆိုတာ အရင်ကြည့်ဖို့ လိုအပ်ပါတယ်။ အဲပေါ်မှာ အခြေခံပြီးတော့မှ ဖြစ်ပေါ်လာတဲ့ တွေ့ဆုံဆွေးနွေး ရေးဆိုတာမျိုးကတော့ ဒါက လုပ်ကောင်းတဲ့ အရာပေါ့နော်။ ဒါပေမယ့် လူထုရဲ့ ယုံကြည်မှု၊ နောက်လူထုရဲ့ ဆန္ဒကို အခြေမခံ တဲ့ အနေအထားမျိုး ဆိုလို့ရှိရင်တော့ ဒါစောင့်ကြည့်ရမယ့် အနေအထားပါပဲ ခင်ဗျ။
မေး ။ ။ လူထုရဲ့ ယုံကြည်မှုကိုရအောင် နစက အနေနဲ့ရော ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲလို့ ထင်လဲ။
ဖြေ ။ ။ လူထုရဲ့ ယုံကြည်မှုရအောင်ဆိုလို့ရှိရင် လူထုဆန္ဒအတိုင်းပေါ့နော်။ လူထုကိုယ်တိုင် ရွေးချယ်တင်မြောက်တဲ့ အစိုးရ ပေါ်ပေါက်ဖို့အတွက် သူ့အနေနဲ့ စဉ်းစားရမှာပေါ့နော်။ အဲအပေါ်ပဲ မူတည်ပြီးတော့ ဖော်ဆောင်ဖို့ လိုအပ်တာပေါ့ဗျာ။
ဦးရဲထွန်း(သီပေါ)- နိုင်ငံရေးလေ့လာသုံးသပ်သူ
မေး ။ ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အာမခံတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောတယ်။ အဲဒီအပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ကျနော်က အဲလို သူပြောတယ်ဆိုတာတော့ သိပ်မအံ့ဩဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အရင် ၂၀၁၀ ရွေးကောက်ပွဲကတည်းက နောက်ပိုင်းမှာ တပ်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအမြင် အပြောင်းအလဲတွေ စောင့်ကြည့် လာခဲ့တဲ့ လူလေ။ လွှတ်တော်ကနေတဆင့် စောင့်ကြည့်လာခဲ့တာဆိုတော့။ ဘာထူးထူးခြားခြား ပြောင်းလဲတာ တွေ့တုန်း ဆိုတော့ ဖက်ဒရယ်စနစ်ဆိုတဲ့ ဥစ္စာကို ဦးသိန်းစိန်နဲ့ တပ်အသိုင်းအဝိုင်းပေါ့။ ဦးရွှေမန်းကတော့ လွှတ်တော်ထဲ ရောက်နေလို့ ထားလိုက်ပေါ့။ အသိုင်းအဝိုင်းဟာ တဖြည်းဖြည်း ပိုနားလည်လာပြီးတော့ ဖက်ဒရယ်စနစ်ကို သွားဖို့ဆိုတဲ့ဟာကို သူတို့ ပိုပြီးတော့ သဘောပေါက်လာတယ်လို့ ယူဆတယ်။
ဒါကြောင့်မို့လို့ တဖက်ကလည်း သူတို့ လွှတ်တော်တက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက လွှတ်တော်တက်ရင်း နဲ့ တစ်ဘက်ကလည်း နိုင်ငံရေးသင်တန်းတွေ ဟောပြောပွဲတွေ တက်ပြီးတော့ တိတ်တိတ်လေး သူတို့ဟာသူတို့ လုပ်နေကြ တာ ရှိတယ်ဗျ။ ကျနော်တို့ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကြတော့လည်း အပြင်မှာ တခြားနိုင်ငံတကာ တက္ကသိုလ်တွေက ပညာရှင်တွေက လာပြီးတော့ ဟောပြောတာတွေ၊ ပို့ချတာတွေ ကိုယ့်ဘာသာကိုယ် ဆည်းပူးလေ့လာတာ တွေ ရှိသလို သူတို့မှာလည်း အုပ်စုအလိုက် ဆည်းပူးတာတွေ လေ့လာတာတွေရှိတယ်။ တပြိုက်နက်တည်းမှာပဲ သူတို့ ခေါင်းဆောင်တွေက ဒါကို ပိုပြီးတော့ နားလည်သဘောပေါက်အောင် လေ့လာကြတယ်။
လေ့လာကြတဲ့ အခါကြတော့ အခုသူတို့သွားနေတဲ့ သူတို့ရေးထားတဲ့ ၂၀၀၈ ကလည်း အခြေခံအားဖြင့်တော့ အဲဒီပုံစံ ဖက်ဒရယ်ပုံစံပဲ။ ကိုယ့်ဒေသဆိုင်ရာ လွှတ်တော်တွေနဲ့ ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ ပေးထား တာပဲဆိုတဲ့ အခြေခံအားဖြင့် အဲဒီလို သူတို့ နားလည်လာတယ်။ အဲအပေါ်မှာ ပိုပြီးတော့ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီအောင် လွတ်လွတ်လပ်လပ် အုပ်ချုပ်တယ်။ လွတ်လွတ်လပ်လပ် ပြည်သူလူထုက ရွေးကောက်တင်မြောက်တယ်ဆိုတဲ့ အခွင့် အရေး တွေ ရဖို့အတွက် အခြေခံဥပဒေ ပြောင်းရမယ်ဆိုတာလည်း သဘောပေါက်လာတယ်။ ဒါကြောင့်မို့လို့ သူက ဒီစကား ကို ပြောတာ ကျနော်ကတော့ သိပ်မအံ့ဩဘူး။ ဒီလမ်းပဲ ရှိတာပဲ ဒီလမ်းပဲ သူတို့သွားရမှာပဲ။
မေး ။ ။ အဲ့ဒီမိန့်ခွန်းမှာပဲ သူက အကြမ်းဖက်အဖွဲ့ကြေညာထားတဲ့ အဖွဲ့ကလွဲပြီး မည်သည့်လက်နက်ကိုင်အဖွဲ့မဆို တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ပါတယ်ပြောသွားတယ်။ ဒီအပေါ်ရော ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ သူက ရွေးထုတ်လိုက်တယ်ထင်ပါတယ်။ အကြမ်းဖက် အဖွဲ့အစည်းဆိုပြီးတော့ သတ်မှတ်လိုက်တဲ့ အခါကျ တော့ အရင်တုန်းကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့နော်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကတော့ အခုကျတဲ့အခါတော့ ထပ်ပြီးတော့ အသစ်ပေါ်လာတာ PDF လိုဟာမျိုးတွေပေါ့။ NUG ကတော့ ခေါင်းဆောင်အဖွဲ့အစည်းပေါ့ နိုင်ငံရေးပါတီနဲ့ တူတာပေါ့။ NUG ကတော့ ဒီဟာကို ဦးဆောင်တဲ့အဖွဲ့ပေါ့။ အဲ့လိုအဖွဲ့တွေကို ကန့်ထုတ်လိုက်ချင်တဲ့ သဘောလို့ ထင်ပါတယ်။
ဆိုလိုတာက ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းလည်း ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်လို့ တစ်ဖက်က ပြောလို့မရ အောင် သူက အကြမ်းဖက် အဖွဲ့စည်းအဖြစ် ကြေညာထားသောဆိုတော့ သူပဲဆုံးဖြတ်မှာပေါ့။ ဘယ်အဖွဲ့တော့ ငြိမ်းချမ်းရေး ဆွေးနွေးလို့ ရတယ်။ ဘယ်အဖွဲ့တော့ မရဘူးဆိုတာ တပ်ကပဲ ဆုံးဖြတ်မယ်ဆိုတဲ့သဘောပေါ့။ သူကြေညာထားရင် ဒါ ဆွေးနွေးလို့ မရဘူးပေါ့။ သူကအဲ့ဖက်က အဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းလို့ မကြေညာထားဘူးဆိုရင်တော့ လာ ဆွေးနွေးလို့ ရတယ်ဆိုတော့ သူက လက်ခံမယ်ဆိုတဲ့ သဘောပေါ့။
စစ်ကောင်စီအနေနဲ့က ဒီလိုဆက်သွားမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းလို့ ပြောမယ်ဆိုရင် နောက်အသစ် ပေါ်လာတဲ့ အဖွဲ့တွေပါ ရောနေမှာစိုးလို့ ဒါကို သူကတော့ခွဲခြားပြီးတော့ ဖယ်ထုတ်လိုက်တဲ့ သဘောပါပဲ။ အရင်လမ်းအတိုင်း သွားတဲ့ နေရာမှာ နောက်လူတွေ မပါဘူးလို့ ပြောချင်တာပေါ့ဗျာ။
ဦးသာထွန်းလှ- ဥက္ကဋ္ဌ (ရခိုင်အမျိုးသားပါတီ-ANP)
မေး ။ ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အာမခံတယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီနေ့မိန့်ခွန်းမှာ ပြောကြားသွားခဲ့တယ်။ အဲ့အပေါ် တိုင်းရင်းသားပါတီ တစ်ခုအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အဲ့လိုပဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြောနေကြတာပဲ။ ပါးစပ်ပြောပဲရှိတယ် မြန်မာနိုင်ငံမှာ အကောင်အထည်ဖော် တဲ့ အဖွဲ့အစည်းကို ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ မတွေ့ဖူးခဲ့ဘူး။ ပါးစပ်ပြောပဲရှိတယ် အကုန်လုံး။
မေး ။ ။ ဒါဆိုရင် ဒါဟာ ပါးစပ်ပြောတစ်ခုပဲလို့ ဆိုလိုချင်တာလား။
ဖြေ ။ ။ လက်တွေ့ အကောင်ထည်ဖော်ပြီး အလုပ်လုပ်မှ ယုံကြည်မှာပေါ့။ ဒီလိုပါးစပ်ပြော လုပ်နေလို့က ဘာမှ ဒီနိုင်ငံ မှာ ဘယ်လိုမှ တည်ငြိမ်တဲ့ နိုင်ငံရေး အခင်းအကျင်း ဖြစ်လာမှာ မဟုတ်ဘူးလို့ မြင်တယ်။
မေး ။ ။ နောက် အဲ့ဒီမိန့်ခွန်းမှာပဲ သူက အကြမ်းဖက်အဖွဲ့ ကြေညာထားတဲ့ အဖွဲ့ကလွဲပြီး မည်သည့် လက်နက်ကိုင်အဖွဲ့ မဆို တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ပါတယ် ပြောသွားတယ်။ အဲ့ဒီအပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ တွေ့ဆုံဆွေးနွေးရေး လုပ်နေတာကလည်း ကြာပြီ။ အဲ့လိုပဲ တွေ့ဆုံဆွေးနွေးရေးကလည်း ပါးစပ်ပြောဖြစ်နေ တဲ့ အခြေအနေတွေရှိတယ်။ တွေ့ဆုံဆွေးနွေးရေးဆိုတာ နိုင်ငံကို တည်ဆောက်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ လို တယ်။ ကိုယ့်အဖွဲ့အစည်း အပေါ်စီးရလိုစိတ်နဲ့ တွေ့ဆုံဆွေးနွေးလို့ ဒီနိုင်ငံရေး ပြဿနာကတော့ အဖြေထွက်မှာမဟုတ်ဘူး။
အဲ့ဒါကြောင့် အမှန်တကယ် ဒီနိုင်ငံကို ဖက်ဒရယ်နိုင်ငံ တည်ဆောက်ချင်တဲ့ မဖြစ်ဖြစ်အောင် တည်ဆောက်လိုစိတ်နဲ့ တွေ့ဆုံ ဆွေးနွေးရေးဖြစ်ဖို့ လိုတယ်။ အမည်ခံ တွေ့ဆုံဆွေးနွေးရေးမျိုး ရုပ်ပြ တွေ့ဆုံဆွေးနွေးရေးမျိုး ကတော့ ဘာမှ အဖြေထွက် လာမှာ မဟုတ်ဘူး။
#စိုင်းလိတ် #ဉီးရဲထွန်း #ဉီးသာထွန်းလှ #အင်တာဗျူး #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ဖက်ဒရယ်ပြည်ထောင်စု #ဒီမိုကရေစီ #CNImyanmar #cninews