CNI New
၂၀၂၁ ခုနှစ်၊ ဇူလိူင် ၂၉
ပြည်တွင်းမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိတဲ့ အောက်ဆီဂျင်၊ Mask ၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းတွေ ပြတ်လပ်မှုမရှိစေပဲ အမြန်ဆုံး ဝင်ရောက်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းတွေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တင်သွင်းခွင့်ပြုနေတာတွေ ရှိပါတယ်။
အခုလို ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ကုသရေး ပစ္စည်းတွေ တင်သွင်းတဲ့နေရာမှာ တာချီလိတ် နယ်စပ် ကုန်သွယ်ရေး ကလည်း ထိုင်းနိုင်ငံကနေ တဆင့် မြန်မာပြည်ထဲကို Mask နဲ့ အောက်ဆီဂျင်အိုးတွေ တင်သွင်းနေပါတယ်။
Mask နဲ့ အောက်ဆီဂျင်အိုးတွေ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးကနေ တဆင့် တင်သွင်းနေတဲ့ အခြေအနေ၊ ထိုင်း- မြန်မာ ကုန်သွယ်ရေးမှာ ဘာတွေ အဓိကထား ကုန်သွယ်ရေးတွေ လုပ်နေလဲ၊ ကိုဗစ် ကပ်ရောဂါကြောင့် ကုန်သွယ်ရေးမှာ ဘာတွေ ဖြစ်နေလဲ စတဲ့ အကြောင်းတွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး တစ်ဦးကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။
လုံခြုံရေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်က အမည်မဖော်ပြလိုတဲ့အတွက် သတင်းရင်းမြစ်တောင်းဆိုအတိုင်း အမည်မဖော်ပြခြင်းဖြစ်ပါတယ်။
မေး ။ ။ တာချီလိတ် နယ်စပ်ဘက်ကနေ ဆေးဝါးနဲ့ဆေးပစ္စည်းတွေ လတ်တလော တင်သွင်းနေမှု အခြေနေ ဘယ်လိုရှိ ပါသလဲ။
ဖြေ ။ ။ တာချီလိတ်ကတော့ ဆေးတင်သွင်းတာတော့ မရှိပါဘူး။ ဒါပေမယ့် နှခေါင်းစည်း(Mask)နဲ့ အောက်ဆီဂျင်အိုး တွေ တင်သွင်းတာတော့ ရှိပါတယ်။ ဒီနှစ်မျိုး တင်သွင်းတာ ရှိပါတယ်။ တင်သွင်းတာလည်း နည်းတော့ နည်းပါတယ်။ တင် သွင်းတဲ့ ပမာဏတော့ မမှန်ဘူးဗျ။ တချို့ရက်တွေက တင်သွင်းသလို မသွင်းတဲ့ရက်တွေလည်း ရှိတယ်။ကျနော် တို့က မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား-၂ က ဖွင့်ထားတော့ ကုန်သွယ်မှုကတော့ မရပ်ဘူး။ သွားနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ကိုဗစ် စဖြစ် တုန်းကတော့ ရပ်သွားတာ ရှိခဲ့ဖူးတယ်။
ပုံ-ထိုင်း/မြန်မာ(တာချီလိတ်)ချစ်ကြည်ရေးတံတား
မေး ။ ။ လက်ရှိ ထိုင်းနဲ့မြန်မာ ကုန်သွယ်မှုတွေက ဆေးပစ္စည်း အသုံးအဆောင်အပြင် ဘယ်လို ကုန်စည်မျိုးတွေကို ကုန်သွယ်မှု နှစ်ဖက် အပြန်အလှန် ပြုလုပ်နေပါသလဲ။
ဖြေ ။ ။ ထိုင်းနဲ့ကတော့ တင်သွင်းတာကတော့ အိမ်ဆောက်ပစ္စည်းတွေ များတယ်။ နောက်ပြီးတော့ ဒေသသုံးတဲ့ စက်သုံးဆီတွေ တင်သွင်းတယ်။ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းတယ်၊ ဒါပါပဲ။ တင်ပို့တဲ့ ပစ္စည်းတွေကတော့ လောလော ဆယ်တော့ ပြောင်းတွေ တင်ပို့နေတယ်။ ကြက်သွန်ဖြူ/နီ နည်းနည်းတင်ပို့တယ်။ ပြောင်းကတော့ တောက် လျှောက် တင်ပို့လာတာ အခု နောက်လကုန်ရင် နောက်ဆုံးတင်ပို့ရမှာ ဖြစ်တယ်။ အဲ့ဒီတော့ ပြောင်းတင်ပို့တာတော့ နည်းနည်းတော့ လျှော့ သွားမယ့် သဘောရှိတယ်။
မေး ။ ။ အခု ပြည်တွင်းမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားကူးစက် ပြန့်ပွားမှု နှုန်းတွေကလည်း မြင့်တက်နေတဲ့ အတွက် လက်ရှိမှာ နှာခေါင်းစည်းတို့၊ အောက်ဆီဂျင်အိုးတို့ တင်သွင်းမှုတွေကရော ဘယ်လောက်များများ တင်သွင်း နေရပါသလဲ။
ဖြေ ။ ။ Mask ဆိုရင် အများဆုံး တင်သွင်းတဲ့နေ့က ၉၀၀ နဲ့ ၁၈ ကီလိုရှိတယ်။ တချို့နေ့တွေဆိုရင် ကီလို ၃၀၀ ကျော် မျိုးပေါ့ တင်သွင်းပါတယ်။ အောက်ဆီဂျင်အိုးတွေကတော့ လီတာ ၆၀၀ ကနေ ၁၅၀၀ လီတာ ပတ်ဝန်းကျင်လောက် တင်သွင်း တာ ရှိပါတယ်။
မေး ။ ။ နောက်ပြီး ပြည်တွင်းက လုပ်ငန်းရှင်တွေ လွယ်လွယ်ကူကူ တင်သွင်းနိုင်အောင် စီးပွားကူးသန်းအနေနဲ့ ဘာ တွေများ ဆောင်ရွက်ပေးနေတာ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့က လိုင်စင်နဲ့ပတ်သက်ပြီးတော့ ကိုဗစ်ပစ္စည်းတွေနဲ့ ပတ်သက်ရင် လိုင်စင်မလိုအောင် ဖြေလျှော့ပေး လိုက်တယ်။ လိုင်စင်မလိုဘူးဆိုရင် လျှောက်ရတဲ့အချိန်၊ လိုင်စင်ကြေး ဒါတွေ သက်သာမယ်။ ဒီမှာလည်း တင်သွင်းလာတဲ့ နေရာမှာလည်း အခက်အခဲမရှိအောင် ကျနော်တို့ ဌာနရယ်၊ သက်ဆိုင်ရာဌာနရယ်၊ ဒေသဆိုင်ရာ အကောက်အခွန်တို့ ပေါင်းစပ်ပြီးတော့ တံတားတွေမှာ မြန်အောင်လုပ်ပေးတာပေါ့ဗျာ။ မြန်မြန်ဆန်ဆန် သွင်းလာလို့ရအောင် လုပ်ပေးနေပါတယ်။
မေး ။ ။ ပြည်တွင်းမှာ Mask နဲ့ အောက်ဆီဂျင်အိုးတွေက ရောဂါကူးစက်မှုများနေတော့ လိုအပ်ချက် အရမ်းများတယ်။ ဒီတော့ စျေးကွက်မှာ ဈေးနှုန်းတွေက ပုံမှန်ဈေးထက် နှစ်ဆသုံးဆ မြင့်တက်နေတာတွေရှိတော့ ဒါတွေကို ဘယ်လိုမျိုး ဖြေရှင်း ဆောင်ရွက်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ အဲ့ဒါကတော့ လူကြီးတွေ အပေါ်ပိုင်းက ဘယ်လိုမျိုး ဖြေရှင်း ဆောင်ရွက်မလဲ မသိဘူး။ ကျနော်တို့ အပိုင်း ကတော့ ဟိုဘက်က သွင်းလာတဲ့ ဈေးနှုန်း အမှန်အတိုင်းပဲ ခွင့်ပြုပေးနေတာ ဖြစ်တယ်။ ဒီမှာတော့ ဈေးကြီးတာမရှိဘူး။ ဒါပေမယ့် ပြည်မဘက် ရောက်သွားရင်တော့ သယ်ယူစရိတ်တို့၊ ဘာတို့နဲ့ တဖြေးဖြေး ဈေးများသွားတာ ရှိကောင်း ရှိမယ်။
တချို့ကလည်း ဒီကာလတွေမှာ ဈေးတင်ရောင်းတဲ့သူတွေ ရှိတယ်။ ဒါတွေကတော့ လူကြီးတွေ အပိုင်းက သူတို့ ဖြေရှင်းဖို့ လုပ်ပါလိမ့်မယ်။ ကျနော်တို့ အောက်ခြေအပိုင်းကျတော့ လုပ်လို့တော့ မရဘူးပေါ့နော်။ အောက်ခြေမှာတော့ လွယ်လွယ် ကူကူ တင်သွင်းလို့ရအောင် ရုံးပိတ်ရက်မရှိဘူး။ မနက် ၆ နာရီကနေ ည ၆ နာရီအထိ ဆောင်ရွက်ပေးနေပါတယ်။
ပုံ-တာချီလိတ်ကုန်သွယ်ရေးစခန်း
မေး ။ ။ ဘဏ္ဍာနှစ် တစ်နှစ်ကို ထိုင်းနဲ့ ကုန်သွယ်မှု ပမာဏ ပျမ်းမျှ ဘယ်လောက်လောက် ကုန်သွယ်မှု ပြုလုပ်နိုင်သလဲရှင့်။
ဖြေ ။ ။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတုန်းက ပို့ကုန်က အမေရိကန်ဒေါ်လာ ၆၀ သန်းကျော်ရှိပြီး သွင်းကုန်က ဒေါ်လာသန်းပေါင်း ၈၀ ကျော် လောက်ရှိတယ်။ မနှစ်ကတော့ နည်းနည်း ပိုတက်လာတယ်ပေါ့။ ထိုင်းကို ပြောင်း စပြီးတင်ပို့ ရလို့ ဖြစ်တယ်။
မေး ။ ။ တာချီလိတ် ကုန်သွယ်ရေးဇုန်နဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲရှင့်။
ဖြေ ။ ။ လောလောဆယ်က ပြည်တွင်းမှာလည်း ကိုဗစ်ရောဂါ ဖြစ်တာများနေတော့ ကုန်သွယ်မှုပိုင်းမှာတော့ နည်း နည်းလေးတော့ ကျကျလာတာ ရှိတယ်။ ဟိုဘက် ထိုင်းမှာကလည်း ဖြစ်နေတယ်။ အဲ့ဒီတော့ ထိုင်းဘက်က တချို့ ကျနော်တို့ မြန်မာဘက်က လိုချင်တဲ့ ကုန်တွေက ဝယ်လို့ မရတာတောင် ဖြစ်နေတယ်။
ဒါကြောင့် ကုန်သွယ်မှုမှာတော့ နည်းနည်းလေး ကျလာတာ ရှိတယ်။ ဒီလောက်ပါပဲ။ ကျန်တာတော့ ကုန်သွယ်မှုက ရပ်မသွား ဘူး။ မနှစ်က ကိုဗစ်-၁၉ စဖြစ်ကတည်းက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၁)က ပိတ်လိုက်တယ်။ တံတား(၂)က ကုန် သွယ်မှုကတော့ တောက်လျှောက်ရှိနေတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကုန်သွယ်မှုက နည်းနည်းကျတယ်။ ကိုဗစ် ပြီးသွား ရင်တော့ ပြန်တက်လာမှာပေါ့။ လက်ရှိကတော့ ကိုဗစ်ဖြစ်နေဆဲ ကာလဆိုတော့ ကုန်သွယ်မှုကို နည်းနည်းလေး ထိခိုက်နေတာ ရှိတယ်။
မေး ။ ။ ကုန်သွယ်မှုက ကိုဗစ်ကြောင့် ဘယ်လောက်လောက် ထိခိုက်မှု ရှိနေတာလဲ၊ လောလောဆယ် ထိုင်းဘက်မှာ ကိုဗစ်ဖြစ်ပွားမှုတွေ မြင့်နေလို့ တချို့ ကုန်ပစ္စည်းတွေက တင်သွင်းလို့ မရဘူးဆိုတော့ ဘယ်လို ကုန်ပစ္စည်းမျိုးတွေ ဖြစ်မလဲရှင့်။
ဖြေ ။ ။ အခု ကျနော်တို့ အဓိက တင်သွင်းက ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ ဖြစ်တယ်။ ဘိလပ်မြေ၊ သံ ချောင်း၊ အုတ် စတာတွေ ဖြစ်တယ်။ဒါမျိုးတွေပဲ အခုက ဝယ်ရတာ နည်းနည်းလေး ခက်တယ်ပေါ့။ သူတို့ဘက်က သိပ်ပြီးတော့တောင် မရောင်းနိုင်တဲ့ အနေအထားရှိတယ်။ ဒါက ကုန်သည်တွေဆီက တဆင့်ကြားရတာပေါ့။
#တာချီလိတ် #ထိုင်း #မြန်မာ #နယ်စပ်ကုန်သွယ်မှု #ကျန်းမာရေး #ကိုဗစ်၁၉ #တင်သွင်းမှုပမာဏ #အခက်အခဲ #Interview #CNImyanmar #cninews