CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၈
၂၀၂၀ ခုနှစ်၊နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကြေညာခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရခြင်းမှာ မဲစာရင်းများ အငြင်းပွားမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက စိစစ်မပေးခဲ့ခြင်းကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ် သည့်အတွက် ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အဆိုပါ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းခြင်းနှင့်ပတ်သက်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို CNI သတင်းဌာနက မေးမြန်း၍ သူတို့သဘောထား အမြင်များကို စုစည်း တင်ဆက်ပေးလိုက်ပါသည်။
ဦးကိုကိုကြီးကိုတွေ့ရစဉ် ။ ( Htet Aung Phyoe)
ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီး
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်တာ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား။
ဖြေ ။ ။ အဓိက ကျနော်တို့က ၈၈၈၈ အရေးတော်ပုံကြီးကြောင့်မို့ ဒီပါတီစုံဒီမိုကရေစီလမ်းကြောင်း ပွင့်လာ တာပေါ့ဗျာ။ ပွင့်လာတဲ့ နောက်ပိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်လည်း အကောင်အထည်မဖော်ပဲ ပယ်ဖျက်ခံရ တယ်။ အခုတစ်ခါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်လည်း ရလဒ်ကြီး တစ်ခုလုံးကို ဖျက်သိမ်း ပြစ်လိုက်တယ်ဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ထဲမှာက နောက်နောင်လုပ်ပေးတဲ့ ရွေးကောက်ပွဲတွေနဲ့ ရွေးကောက်ပွဲနိုင်ငံရေးတွေ ဒီအပေါ်မှာပါ ယုံကြည်မှု ပျက်ပြားသွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီဟာကတော့ မဖြစ်သင့်ဘူးလို့ ကျနော် မြင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်တော့ အကျိုးဆက်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ အဓိက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အရာအားလုံးဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခဆိုရင်လည်း တကယ့်တကယ်က နောက်ဆုံးမှာတော့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်လို့ ကျနော်တို့က ယုံကြည်တယ်။ အဲတော့ ပြည်သူတွေကြားထဲမှာ နိုင်ငံရေးနည်းလမ်းက မယုံ ကြည်တော့ဘူး၊ နိုင်ငံရေးပါတီတွေဟာလည်း ဘာမှ မဆောင်ရွက်ပေးနိုင်ဘူး၊ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ အပေါ်မှာလည်း ပျောက်ဆုံးလာတယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေအနေက တော်တော်ဆိုးသွားပြီးလို့ ကျနော်မြင် တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍ ထိခိုက်သွားပြီဆိုရင် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက်က လမ်းပျောက်သွားသလို ဖြစ်သွားတာပေါ့။
မေး ။ ။ အခုလို ပယ်ဖျက်လိုက်တော့ နောက်နောင်ကို လုပ်မဲ့ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ အတွက် ဘယ်လို အခက်အခဲ ကြုံတွေ့နိုင်လဲ။
ဖြေ ။ ။ ပြဿနာကတော့ စစ်တပ်က ၁၉၆၂ ပေါ့။ ပြောရရင်တော့ ၁၉၅၈ ကတည်းက နိုင်ငံရေးထဲ စပြီး စွက်ဖက်လာတာပေါ့။ အဲဒီ အကျိုးဆက်က နိုင်ငံရေးဆိုတာ သီးခြား ပရော်ဖက်ရှင်နယ် ကိစ္စတစ်ခုပဲ။ စစ်တပ်က နိုင်ငံရေးမှာပါလာတော့ စစ်တပ်ရဲ့ ပရော်ဖက်ရှင်နယ်လည်း ထိခိုက်တယ်၊ ပျက်စီးတယ်။
အဲတော့ အခုဆိုရင် ဆရာဝန်လည်း တော်လှန်ရေးသမားတွေဖြစ်၊ ကျောင်းဆရာလည်း တော်လှန်ရေးသမားတွေ ဖြစ်၊ အနုပညာသမားတွေလည်း တော်လှန်ရေးသမားတွေဖြစ်၊ အဲတော့ စစ်တပ်ကလည်း စစ်တပ်ရဲ့ ပရော်ဖက် ရှင်နယ်ပျောက်။ နောက်ဆုံး မီဒီယာထဲမှာတောင်မှ မီဒီယာတွေကိုယ်၌က တော်လှန်ရေးဘက် ဖြစ်တဲ့ဟာဖြစ်။ စစ်တပ်ကလည်း သူ့ဝါဒဖြန့်ရေးအတွက်ကို မီဒီယာကို ပြန်သုံးဆိုတော့ တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ပရော်ဖက်ရှင်နယ်လစ်ဇင်ပေါ့။ သီးခြားကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းတွေ၊ အခန်းကဏ္ဍတွေ ပျောက်ဆုံးသွားတာ ဟာ နိုင်ငံအတွက် ပြန်ပြီးတည်ဆောက်ဖို့ ခက်လိမ့်မယ်လို့ မြင်တယ်။
မေး ။ ။ အခုလို ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင် တာ ရှိပါသေးလဲဆရာ။
ဖြေ ။ ။ အဓိက ကတော့ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တာပေါ့နော်။ ကျနော်တို့က အကြောင်းတရားတွေကို မဖြေရှင်းပဲနဲ့ အကျိုးတရားတွေကို လိုက်သတ်နေရင်တော့ ဆန်စေရာ ကျည်ပွေ့လိုက် သလို ဖြစ်မယ်။ ဒါကြောင့်မို့လို့ တချိန်မှာ နိုင်ငံရေးပြဿနာ အားလုံးဟာ နိုင်ငံရေးနည်းလမ်းပဲ ဖြေရှင်းရမယ် ဆိုတဲ့ ယဉ်ကျေးမှုပေါ့နော် အဲကိုရောက်အောင် နိုင်ငံရေးပါတီတွေအနေနဲ့ ပြောသင့်ရင် ပြောရမယ်။
နောက်ပြောရရင် နိုင်ငံရေးပါတီတွေလည်း မလိုတော့ဘူး။ နိုင်ငံရေးပါတီတွေလည်း အကုန်လုံးပါတီတွေ မရှိ တော့ပဲနဲ့ အကုန်လုံး တော်လှန်ရေး လုပ်ရမယ်ဆိုတဲ့ ကိစ္စမျိုးကလည်း ကျနော်တို့ အဲဒီပုံစံမျိုးထဲကို တွန်းထည့် ခံရပြီဆိုရင်တော့ လက်နက်ကိုင်တော်လှန်ရေး နှစ်ပေါင်း (၇၀) သမိုင်းကြောင်း၊ နိုင်ငံတကာဖြစ်စဉ်တွေ အဲတာ တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိပြီးတော့ နိုင်ငံရေးလမ်းကြောင်းပေါ်ကို ပြန်ရောက်လာအောင် အားလုံး ဝိုင်းပြီး ကြိုးစားသင့်တယ်။
စစ်တပ်အနေနဲ့ကလည်း တစ်သက်လုံး ကိုယ်ဘယ်တော့မှာ မမှားခဲ့ဘူး။ ကိုယ်လုပ်တာ အမြဲတမ်းမှန်တယ်။ အမြဲ တမ်း ငါက ကယ်တင်နေတယ်ဆိုတဲ့ အယူအဆဟာ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ပဲနဲ့ ပိုပိုပြီး ရှုတ်ထွေး လာတယ်။ ပြဿနာအသစ်တွေ ပေါ်ပေါ်လာတယ်ဆိုတာကို မှန်မှန်ကန်ကန် ပြန်ပြီး ကောက်ချက်ချသင့်ပြီ။ ပြည်သူထောက်ခံမှုရတဲ့၊ ယုံကြည်မှုရတဲ့ စစ်တပ်ဖြစ်အောင် တပ်မတော်အနေနဲ့လည်း သူ့ရဲ့ အစဉ်အလာ ရပ်တည်ချက်ကို ပြန်ပြီးတော့ သုံးသပ်သင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။
ဦးစိုင်းလိတ်ကိုတွေ့ရစဉ်။ ( Hurn Kayang FB )
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အထွေထွေအတွင်းရေးမှူး စိုင်းလိတ်
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်တာ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား။
ဖြေ ။ ။ မဖြစ်သင့်ပါဘူးခင်ဗျ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေ ရှိကောင်း ရှိခဲ့လိမ့် မယ်။ ရှိတယ်လို့လည်း ယူဆလို့ရပါတယ်။ ဒါပေမယ့် မဲရလဒ်နဲ့ ပတ်သက်လို့ကတော့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ တွက်ချက်မယ် ဆိုလို့ရှိရင် အများစုသော မဲရလဒ်တွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေလို့ ကျနော်တို့က ယူဆတယ်။ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိကောင်းရှိခဲ့ လိမ့်မယ်။
ဒါပေမယ့် ရိုးသားစွာ၊ မှန်ကန်စွာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုရှိပါတယ်။ အဲတော့ အကုန်လုံးကို ဝါးလုံးသိမ်းရိုက်ပြီးတော့ ဒီလိုမျိုး ပယ်ဖျက်ကြောင်း ကြေညာလိုက်တာကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်မြင်ပါတယ်ခင်ဗျ။
မေး ။ ။ ရွေးကောက်ပွဲရလဒ်ပယ်ဖျက်လိုက်တော့ အကျိုးဆက်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ နိုင်ငံရေးအရ အငြင်းပွားမှုတွေ၊ နိုင်ငံရေးအရ တွန်းတိုက်မှုတွေ ဒီထက်မက ကြီးထွားလာနိုင်တယ်။ ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းအရ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအရ လုပ်လိုက်တဲ့ ရွေးကောက်ပွဲကို အခုလို မျိုး မကြာခဏ အာဏာသုံးပြီး ပယ်ဖျက်လိုက်တာမျိုး၊ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုလိုက်တာမျိုးက ဒီမိုကရေစီအတွက် အဟန့်အတားလည်း ဖြစ်စေပါတယ်ဗျ။
မေး။ ။ အခုလို ပယ်ဖျက်လိုက်တော့ နောက်နောင်ကို လုပ်မဲ့ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ အတွက် ဘယ်လို အခက်အခဲ ကြုံတွေ့နိုင်လဲ။
ဖြေ ။ ။ ကြုံတွေ့ရနိုင်တာပေါ့။ ၁၉၉၀ တုန်းက ဒီလိုမျိုးအဖြစ် ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် နဝတ၊ နအဖ ကိုယ်တိုင်က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တယ်လို့ တရားဝင်ကြေညာတာမျိုး တစ်ခါမှ မလုပ်ပါဘူး။ အခု နစက အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တာဟာ နောက်တစ်ကြိမ်၊ သူလုပ်မဲ့ ရွေးကောက်ပွဲ ကြရင်တော့ ဘယ်တိုင်းရင်းသား ပြည်သူလူထုက သူ့အပေါ် ယုံကြည်မှုရှိမှာလည်း။
အဲ့ခါကြရင် မေးခွန်းတွေက ထုတ်စရာအများကြီး ဖြစ်လာတာပေါ့နော်။ ဆိုတော့ ကျနော်တို့ ဒီမိုကရေစီသွားတဲ့ အခင်းအကျင်းကို သေးသိမ်စေတယ်။ အယုံအကြည်မဲ့စေတယ်။ ဒီလုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အများကြီးရှိဖို့ လိုအပ်လာနိုင်တာပေါ့နော်။
မေး ။ ။ အခုလို ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး အန်ကယ်စိုင်းလိတ် အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးသလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ သက်ဆိုင်ရာ စကစ က ရွေးကောက်ပွဲ ဘယ်လိုပဲ ရလဒ်ကို ပယ်ဖျက်သည် ဖြစ်စေ။ ရိုးသားစွာနဲ့ မှန်ကန်တိကျစွာ ကျနော်တို့ကို မဲပေးခဲ့တဲ့ လူထုရဲ့ ဆန္ဒအတိုင်း၊ တင်မြောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ဆက်လက်ပြီးတော့မှ အသိအမှတ်ပြု သွားမှာ ဆိုတာကို ပြောချင်ပါတယ်။
ဒေါက်တာအောင်နိုင်ဦးကိုတွေ့ရစဉ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အရွေးချယ်ခံခဲ့ရသူ ဒေါက်တာအောင်နိုင်ဦး
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်တာ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား။
ဖြေ ။ ။ မှတ်ချက်ပေးရရင်တော့ သူတို့ကတော့ ပြောချင်တာကတော့ အာဏာထိန်းတယ်လို့ပဲ ပြောပြော၊ သိမ်းတယ်လို့ပဲ ပြောပြော အကြောင်းပြချက်ရှိတာပေါ့။ သူ့တို့ အပြောအရ မဲမသမာလို့ သိမ်းတာပေါ့။ သတ်မှတ်ကာလအတွင်း သမာသမတ်ကျတဲ့ ရွေးကောက်ပွဲကိုတော့ အချိန်မီ ပြန်လုပ်ဖို့ လိုတာပေါ့။ အဲလိုမှ မဟုတ်ရင်တော့ ဒါအကြောင်းပြချက် အမျိုးမျိုးနဲ့ ရွေ့မယ်ဆိုရင်တော့ လူထုရဲ့ ယုံကြည်အားကိုမှု ပိုလို့ ဝေးသွား မှာပေါ့။
မေး ။ ။ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုက်တော့ အကျိုးဆက်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ အကျိုးဆက်တွေက အများကြီးပါပဲ။ ဒီမိုကရေစီလမ်းကြောင်းက ကျနော်တို့ ထင်ထားတာထက် ပိုပြီးတော့ သွေဖီတဲ့ လမ်းကြောင်းကို ရောက်သွားနိုင်တယ်။ စိတ်ပူတာ တစ်ချက်။ နောက်တစ်ချက်ကလည်း ကိုယ့်နိုင်ငံကို တိုးတက်ရာ၊ တိုးတက်ကြောင်း ကူညီအားပေးနေတဲ့ နိုင်ငံတကာတွေရဲ့ ထောက်ပံ့မှုတွေကလည်း လျော့ကျသွားနိုင်တာပေါ့နော်။
တနည်းအားဖြင့် ပြောရရင်တော့ ကျနော်တို့ကို စီးပွားရေးဆိုင်ရာတို့၊ ပုဂ္ဂိုလ်အဖွဲ့အစည်းဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှုတွေ ဘာတွေ သက်ညှာတဲ့ဟာတွေကို ကိုယ့်နိုင်ငံအတွက် ထိခိုက်သွားနိုင်တာပေါ့။ အကျိုးဆက်တွေက အများကြီးပေါ့နော်။ ကိုယ့်နိုင်ငံ ထိခိုက်တဲ့ နစ်နာတဲ့ အနေအထားမျိုးကတော့ ဖြစ်လာနိုင်တာပေါ့။ ကျနော်မြင် တာက။
မေး ။ ။ အခုလို ပယ်ဖျက်လိုက်တော့ နောက်နောင်ကို လုပ်မဲ့ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ အတွက် ဘယ်လိုအခက်အခဲကြုံတွေ့နိုင်လဲ။
ဖြေ ။ ။ အဲတာကတော့ လောလောဆယ် ကျနော်ကြိုပြီးတော့ သုံးသပ်ရခက်တယ်။ ဘာလို့လည်းဆိုတော့ နောက်လုပ်မဲ့ ရွေးကောက်ပွဲမှာ အခုလက်ရှိ ဖွဲ့ထားတဲ့ UEC ရဲ့ ရပ်တည်သဘောထားချက်တွေ၊ နောက်ပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ လာမလဲဆိုတာကလည်း မသိနိုင်သေးဘူး။ ဆိုလိုတာက ရွေးကောက်ပွဲ စနစ်တွေကအစ ပြောင်းမလား၊ ပြင်မလား၊ နောက်တစ်ခုကလည်း ပါတီနိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်တွေကို လတ်တလော အနေအထားအရ ဘယ်လိုမျိုး ဆက်ပြီးတော့ ဖွင့်ပေးမယ်ဆိုတဲ့ဟာတွေက သိပ်မသေချာ မရေရာ သေးဘူးပေါ့လေ။ အားကြောင့် ပြောရတာခက်ပါတယ်။
#ဉီးကိုကိုကြီး
#စိုင်းလိတ်
#ဒေါက်တာအောင်နိုင်ဉီး
#၂၀၂၀ရွေးကောက်ပွဲ
#ရလဒ်ဖျက်သိမ်း
#UEC
#နစက
#နိုင်ငံရေး
#သူတို့သဘောထား
#နိုင်ငံရေးပါတီ
#CNImyanmar
#cninews
#ChannelNewsIndependent