CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၇

ပြည်တွင်းမှာ နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်လာနေဆဲမလို့ ဆေးဝါးနဲ့ ကိုဗစ် အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ နှာခေါင်းစည်း၊ ပီပီအီး(PPE)ဝတ်စုံတွေ၊ ရောဂါနဲ့သေဆုံးတဲ့သူတွေကို ထုတ်ပိုးတဲ့ Dead body သယ်တဲ့အိတ်တွေဟာ လိုအပ်နေတဲ့အတွက် ရောင်းလိုအားနဲ့ ဝယ်လိုအားတွေ တက်နေပါတယ်။

ဒါတွေကို ထုတ်လုပ်တဲ့ အသေးစား အလတ်စား စက်ရုံတွေလည်း များစွာ လိုအပ်နေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် PPE ဝတ်စုံ၊ Mask နဲ့ Dead body သယ်တဲ့အိတ်တွေ ထုတ်လုပ်နေတဲ့ အသေးစားအလတ်စား လုပ်ငန်းတစ်ခုဖြစ်တဲ့ Perfect အထည်ချုပ်စက်ရုံ တည်ထောင်သူ မဇင်မာထွန်းကို CNI သတင်းဌာနက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ ဒီလုပ်ငန်းကို ဘယ်လိုဖြစ်ပြီး စတင်တည်ထောင်ဖြစ်တာပါလဲ။

ဖြေ ။ ။ COVID-19 ပထမလှိုင်း စတင်ဖြစ်တုန်းက နှာခေါင်းစည်း(Mask)တွေ စချုပ်တာဖြစ်တယ်။ အရင်တုန်းကတော့ ဝန်ထမ်းလုပ်တာ။ နောက်တော့ ဈေးကွက် လိုအပ်ချက်အရဆိုပြီးတော့ နှာခေါင်းစည်းတွေ ချုပ်ရောင်းမယ်။ အထဲက တစ်ခါ သုံး ခံပြီးတော့ အဝတ် Mask လှလှလေးတွေ ချုပ်ရောင်းတာ။ အဓိကရည်ရွယ်ချက်ကတော့ အစ်မတို့ နိုင်ငံမှာက အခုဆိုရင် အလုပ်လက်မဲ့တွေ အရမ်းများတယ်။ သူတို့တွေ အလုပ်ရအောင်ဆိုပြီးတော့ Mask တွေ ချုပ်ရောင်းတာ။ အစ်မ ကိုယ်တိုင် ကတော့ မချုပ်တတ်ဘူး။ ချုပ်တတ်တဲ့ ကလေးတွေ အကုန်လုံးကို စုပြီးတော့ စချုပ်ရောင်းတာဖြစ်တယ်။

အဲ့အချိန်မှာ လူတွေက ဒါကိုတော်တော်များများ စိတ်ဝင်စားလာကြသလို NGO တွေကပါ လာပြီးတော့ ဝယ်ယူကြတယ်။ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်း တုန်းကဆိုရင် အဝတ် Mask အော်ဒါ ၆ သောင်းခွဲလောက် NGO တစ်ခုက မှာခဲ့တာရှိတယ်။ အဲ့လို ချုပ်ရောင်းရင်းနဲ့မှ ပီပီအီး(PPE)တို့၊ Surgical gown တို့ ဒါမျိုးလေးတွေပါ ချုပ်ပေးဖို့ အဆင်ပြေမယ်ဆိုရင် ချုပ်ပေးဖို့ ပြောလာတာရှိတယ်။ ဒါကြောင့် တချို့ ပိတ်သွားတဲ့ စက်ရုံကြီးတွေရှိတယ်။ အဲ့စက်ရုံကြီးတွေကမှ သူတို့မလိုတော့တဲ့ ပိုနေတဲ့ ပိတ်စတွေဝယ်ပြီးတော့ ချုပ်ခိုင်းတယ်။ ပြီးတော့ အစ်မက ပြန်ရောင်းတယ်ပေါ့။

ချုပ်ခကို အဓိကထားယူပြီးတော့ တစ်ထည်ကို အများဆုံးအမြတ် ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ် အထိ ယူထားတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ သူများထက်ယှဥ်ရင် ဈေးတော့ သက်သာတယ်ပေါ့။ အရည်အသွေး ပိုင်းကျတော့လည်း စေတနာထားပြီး တော့ ချုပ်ပေးတယ်။ သေချာစစ်ပြီးတော့မှ ပါကင်ပိတ်တာ ဖြစ်တဲ့အတွက် ချုပ်ရိုးချုပ်သားကအစ ကောင်းတယ်။ ကုန်ကြမ်း ကတော့ တအားရှားတယ်။ ဈေးတွေကလည်း တက်တယ်။ အဲဒီတော့ ကိုယ်က ရောင်းဈေးကြ တက်လို့မရဘူး။ ဝယ်ရတဲ့ ကုန်ကြမ်းဈေးကြတော့ အရမ်းတက်တယ်။ အဲဒီတော့ တချို့အထည်တွေကြတော့ အမြတ်ကို ၅၀ ကျပ် ၊ ၁၀၀ ကျပ်ပဲ ယူ တော့တယ်ပေါ့။

မေး ။ ။ အခု ဈေးကွက်လိုအပ်ချက်က ဘယ်လိုရှိနေလဲ၊ ထုတ်လုပ်မှုတွေ တိုးပြီး ထုတ်လုပ်လာရတာ ရှိလား။

ဖြေ ။ ။ ရှိပါတယ်။ အခုဆိုရင် PPE ဝတ်စုံတွေပေါ့။ အခုနောက်ပိုင်းဆိုရင် Dead body လူသေအလောင်းတွေ ထည့်တဲ့ အိတ်မျိုးတွေပါ လာပြီး မှာကြတာရှိတယ်။ မနေ့ကဆိုရင် တစ်ဦးထဲ အော်ဒါအထည် ၅၀ အထိ လာမှာတာရှိတယ်။ အခု နောက်ပိုင်းက ရောဂါတော်တော် ဆိုးလာတဲ့အတွက် အိတ်တွေနဲ့ ပိတ်ပြီးချမှ အဆင်ပြေတာ။ ရိုးရိုးပုံမှန်အိတ်တွေနဲ့ ပတ်ပြီး ချမယ်ဆိုရင် ရောဂါပိုးတွေက ပြန့်နိုင်တဲ့အတွက် အလှူရှင် တော်တော်များများက Dead body အိတ်တွေ မှာယူကြတယ်။

အစ်မတို့ အခုဆိုရင် ထုတ်လုပ်မှုမနိုင်လို့ ဒီဘက်မှာ စက်ရုံတစ်ရုံ၊ ထန်းခြောက်ပင်ဘက်မှာ တစ်ရုံ၊ သံဒင်းဘက်မှာ တစ်ရုံ စုစုပေါင်း (၃)ရုံခွဲပြီးတော့မှ လုပ်နေရတယ်။ ဒီဘက်မှာဆိုရင် အစ်မတို့ လူတွေထပ်ခေါ်ပြီး ချုပ်ဖို့ရှိတယ်။ ရသမျှ ကုန်ကြမ်းတွေကို အကုန်လိုက်ဝယ်တယ်။ ဝယ်ပြီးရင် အစ်မတို့က တစ်ထည်ကို ကျပ် ၁၀၀ လောက် အမြတ်ယူပြီး ဈေးကွက် ထဲ ပြန်ရောင်းမယ်။

မေး ။ ။ ဝယ်လိုအား မြင့်တက်နေတယ်ဆိုတော့ ခါတိုင်းထက် ပမာဏ ဘယ်လောက်လောက် ဝယ်လိုအား မြင့်တက်နေ တာလဲ။

ဖြေ ။ ။ ဝယ်လိုအားကတော့ နေ့တိုင်းလိုလိုပဲ တိုးတာပေါ့။ စစချင်းတုန်းက အစ်မတို့ PPE ဝတ်စုံတွေဆိုရင် အထည်ရေ ၁၀၀ လောက်ပဲ တက်ချင်တက်မယ်။ ဒါပေမယ့် အစ်မရဲ့ ပေ့စ်(Page)မှာ တင်လိုက်တယ်။ Facebook Account မှာ တင် လိုက်တယ်ဆိုရင် Share တဲ့ သူတွေလည်းများတော့ တဆင့်စကား တဆင့်နားနဲ့ အရည်အသွေးလည်း ကြိုက်တယ်။ ဈေးနှုန်း ကလည်း သူများထက် သက်သာတယ်ဆိုရင် ဝယ်လိုအားကတော့ အခုရက်ပိုင်းမှာ နှစ်ဆသုံးဆလောက် တက်တယ်။ ဒီရက် တွေမှာတော့ ဝယ်လိုအားက တိုးတိုးလာတာပဲ ရှိတယ်။ လျော့သွားတာတော့ မရှိဘူး။

မေး ။ ။ ခုနက ပြောသလိုပေါ့နော်။ Dead body သယ်တဲ့ ဝတ်စုံချုပ်တာတွေလည်း တိုးလာတယ်ဆိုတော့ ဒါတွေက လက်ရှိမှာ ဘယ်လိုပုံစံမျိုးနဲ့ ချုပ်နေတာလဲ။

ဖြေ ။ ။ အဲဒါကျတော့ အခုအစ်မတို့ ပထမဆုံးစချုပ်နေပြီ။ အခုလက်ရှိက Surgical gown ရယ်။ PPE ဝတ်စုံတွေရယ်။ ခြေအိတ်၊ လက်အိတ်၊ ခေါင်းစွပ်နဲ့ Mask တွေ ချုပ်တယ်ပေါ့။ စျေးကွက်ထဲမှာဆိုရင် Surgical gown တွေကို တစ်စုံ ၄၀၀၀ ကျပ်၊ ၄၅၀၀ ကျပ် လောက်နဲ့ ရောင်းပေးတယ်။ ချုပ်ခပဲ ယူပြီးတော့ ရောင်းပေးတယ်ပေါ့။ ခြေအိတ်တွေဆိုရင် တစ်စုံကို ကျပ် ၁၅၀၀ ပေါ့။

မေး ။ ။ ကုန်ကြမ်း အခက်အခဲရှိတယ်လို့ ပြောတယ်ပေါ့နော်။ လက်ရှိမှာ ကုန်ကြမ်းက ဘယ်နိုင်ငံကနေ အဓိက တင်သွင်း နေရတာလဲ၊ အခက်အခဲတွေက ဘယ်လိုမျိုး ဖြစ်ပေါ်နေတာလဲ။

ဖြေ ။ ။ ကုန်ကြမ်းကတော့ အစ်မတို့ နယ်စပ်တွေကနေတဆင့် ဝယ်တာဖြစ်တယ်။ ဒါပေမယ့် အခုက ဘယ်လိုဖြစ်လဲ ဆိုတော့ ပြီးခဲ့တဲ့ Second wave လောက်က စက်ရုံအကြီးတွေက အခုလို Surgical gown ချုပ်တဲ့ အထည်တွေရှိတယ်။ အဲ့ဒီ စက်ရုံကြီးတွေကျတော့ အခုချိန်မှာက အော်ဒါကလည်း နည်းတယ်။ အဲဒီတော့ PPE တို့၊ ဘာတို့ ချုပ်ရုံလောက်နဲ့ စက်ရုံက မလည်ပတ်နိုင်တာကြောင့် သူတို့ ပိတ်သွားတာတွေ ရှိတယ်။

ရုံ ၅၀ နဲ့ ၆၀ လောက် ရှိမယ်ထင်တယ် ပိတ်သွားတာပေါ့။ သူတို့တွေဆီမှာ ပိတ်စ ပိုနေတာတွေ ရှိတယ်။ အဲဒီတော့ စက်ရုံ အဟောင်းတွေ ကနေပြီးတော့ ပိတ်စတွေ အကုန်လိုက်ဝယ်တယ်။ ဒီတော့ သူတို့အတွက်လည်း ငွေပေါ်သလို အစ်မတို့ အတွက်လည်း နိုင်ငံခြားက မှာရတာထက် ကုန်ကြမ်းက ဈေးသက်သာတယ်။ ဒီလိုမျိုးတွေ လိုက်ဝယ်ပြီးတော့ ချုပ်ရောင်း ပေးတယ်ပေါ့။

မေး ။ ။ မိုးကာသားတွေကျတော့ ကုန်ကြမ်းတင်သွင်းတာ တရုတ်ပဲလား၊ ဘယ်က အဓိကထားပြီး တင်သွင်းလဲ။

ဖြေ ။ ။ တရုတ်ရယ်လို့တော့ မဟုတ်ဘူး။ အစ်မတို့ ဝယ်လက်တွေကတော့ မင်္ဂလာစျေးတို့ ဘာတို့ပေါ့နော်။ ဒိုင်အကြီး တွေဆီက တဆင့်ခံ ပြန်ဝယ်တာပေါ့။ သူတို့ကတော့ နိုင်ငံအစုံက တင်သွင်းမှာ ပေါ့နော်။ ယိုးဒယား မိုးကာသားပေါ့။ တရုတ် ဘက်က သွင်းတာတော့ နည်းပါတယ်။ ဒိုင်အကြီးတွေဆီ ပိုက်ဆံသွင်းပြီးတော့ အထည်အလိပ်လိုက်တွေ ပြန်ဝယ်တာ များ တယ်။ ပြီးတော့ ပိတ်လိုက်တဲ့ စက်ရုံအဟောင်းတွေဆီကနေ ပိတ်လိပ်တွေ ပြန်ဝယ်တယ်။

မေး ။ ။ ဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလားရှင့်။

ဖြေ ။ ။ အဓိက‌တော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခုလိုမျိုးတွေ ဖြစ်နေရတာပေါ့။ အလုပ်လက်မဲ့ လူဦးရေ တွေက လည်း တိုးလာနေတယ်။ အခုက ကပ်ရောဂါနဲ့ဆိုတော့ အပြင်သွားရင်လည်း ပရဟိတ သမားတွေအနေနဲ့က PPE တွေ၊ Surgical gown တွေ ဝတ်သင့်တယ်။ ဒါဆိုရင်ပိုပြီးတော့ အဆင်ပြေမယ်ပေါ့။

အဓိကတော့ ဒါတွေကို ပံ့ပိုးချင်လို့ အစ်မတို့က လုပ်ဖြစ်သွားတာ။ အရင်က အထည်တွေ ချုပ်တာ။ နောက်ပိုင်းကျတော့ ကိုယ့်မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဒါမျိုးတွေကို ချုပ်ဖြစ်သွားတာ။ အစ်မက တစ်စုံကို ကျပ် ၄၀၀၀ နဲ့ ဈေးသက်သက်သာသာ ရောင်းတော့ ဝယ်တဲ့သူအနေနဲ့လည်း တစ်စုံဝယ်မယ့်နေရာမှာ နှစ်စုံဝယ်နိုင်သွားတယ်ပေါ့။ ဒီရည်ရွယ်ချက်နဲ့ ချုပ်ဖြစ်သွားတာ ပါ။

အဓိကပြဿနာကတော့ အစ်မတို့ ဝယ်လိုအား များလာတဲ့အခါ ကုန်ကြမ်းရောင်းတဲ့သူတွေက ရောင်းကောင်း တယ်ဆို ပြီးတော့ ဈေးက တက်တက်လာတယ်။ စည်းသိပ် မထားကြဘူးပေါ့။ အဲ့ဒီ ပြဿနာလေးတွေ ရှိတယ်။ လက်ရှိတော့ အဲ့ဒီ ပြဿနာလေးတွေ ရင်ဆိုင်နေရတယ်။ မဖြစ်မနေ လိုချင်နေမှန်းသိတော့ ပုံမှန် ၅၀၀ လောက်ပေးနေရတဲ့ နေရာမှာ ၆၀၀ လောက်ဖြစ်သွားတာတွေ ဈေးဒီထက် တင်ရောင်းတာတွေ။ အရင်ဝယ်နေကျ ဈေးမပေးတော့တာတွေပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရင်းနှီးမှုကသပ်သပ် ဈေးတင်ရောင်းတာကသပ်သပ် အဲ့လို ဈေးတင်ရောင်းလာတဲ့ ကုန်ကြမ်းသမားတွေ ရှိတယ်။ ဒီလို အခက်အခဲမျိုးတွေကတော့ ရှိပါတယ်။


#မဇင်မာထွန်း 
#အင်တာဗျူး
#ကျန်းမာရေး
#ကိုဗစ်၁၉
#PPE
#Mask
#ကုန်းကြမ်းရောင်းသူ
#အထည်ချုပ်စက်ရုံ
#CNImyanmar
#cninews