CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၇
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)သည် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းက မိုင်းရှူး၊ မိုင်းရယ်၊ နမ့်လန်၊ သီပေါ၊ ကျောက်မဲ၊ တန့်ယန်း၊ လားရှိုး စသည့် ဒေသများအတွင် နေထိုင်ကြသည့် လူဦးရေ ၅ သိန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေရာတွင် ကျောက်မဲမြို့နယ်အတွင်းမှာ SSPP မှ သေနတ်ထောက်၍ ကိုဗစ်ကာကွယ်ဆေး မထိုးမနေရ ပြောကာ ထိုးခိုင်းနေသည်ဆိုပြီး သတင်းများပြန့်နေ သလို ကာကွယ်ဆေးထိုးပါက ပိုက်ဆံမည်မျှ ပေးရမည်ဆိုသော သတင်းများလည်း ပြန့်နေပါသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး SSPP/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဘုန်းဟန်ကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါ သည်။
မေး ။ ။ ဗိုလ်မှူး ကိုဗစ်ဆေးနဲ့ပတ်သက်ပြီး မေးချင်ပါတယ်၊ SSPP က ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာရှိတယ်ပေါ့လေ၊ ပြည်သူလူထု ကျန်းမာရေးအတွက် အဲတာ အခု တချို့သတင်းတွေ ပြန့်နေတာတွေ့တယ်၊ ကျောက်မဲဘက်မှာ SSPP က သေနတ်ထောက်ပြီးတော့ မထိုးမနေရဆိုတဲ့ ဟာမျိုးတွေ လုပ်တယ်ပေါ့၊ အဲတာက ဟုတ်ပါသလား။
ဖြေ ။ ။ အဲတာ လုံးဝမဟုတ်ဘူးဗျ၊ ကျနော်တို့ ကျောက်မဲဘက်မှာလည်း မထိုးရသေးဘူး၊ သီပေါဘက်မှာလည်း မထိုးရသေးဘူး၊ ဒါကတော့ ကျနော်တို့ကို မနာလိုတဲ့ အဖွဲ့ အစည်းတွေပေါ့လေ၊ ထင်ယောင်ထင်မှားဖြစ်အောင် ဝါဒဖြန့်တာလေ၊ အခု ကျနော်တို့ထိုးနေတာ ဝမ်ဟိုင်းနဲ့ကျေးသီးတစ်ဝှက်မှာပဲ ရှိနေသေးတာ။ အဲမှာ(ကျောက်မဲဘက်မှာ) ထိုးတယ်ဆိုတာ မဟုတ်ပါဘူး ခင်ဗျ။
အဲတာကြောင့် ကျနော်တို့ပြောလိုတာက ကျနော်တို့ စေတနာသန့်သန့်နဲ့ လုပ်နေတာ ဖြစ်တယ်၊ တခြား အဖျက်အမှောင့်လုပ်မယ့် အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကလည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတဲ့ သဘောဖြစ်တယ်၊ ကျနော်တို့ကို နိုင်ငံရေး ဂုဏ်သိက္ခာကျအောင် လုပ်တဲ့သဘော ဝါဒဖြန့်တာလို့ ယူဆတာပေါ့။ တကယ် လက်တွေ့ မြေပြင်မှာလည်း ဒီလိုပဲ ဖြစ်နေပါတယ်။
ပုံ- ပြည်သူလူထု ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေး SSPP က ဆောင်ရွက်ပေးနေစဉ်(SSPP)
မေး ။ ။ ဗိုလ်မှူးတို့ အခုထိုးပေးနေတဲ့ ဆေးက လူဦးရေ ၅ သိန်းစာလောက် မှာထားတယ်လို့ သိရတယ်လေ၊ အခု လူဘယ်လောက်လောက်ကို ထိုးနှံပေးပြီပြီးလဲ။
ဖြေ ။ ။ အခု လောလောဆယ်တော့ ကျနော်တို့ ဌာနချုပ် ဝန်းကျင်မှာဆိုတော့ လူ ၂၀၀၀ ဝန်းကျင် ထိုးပြီးသားဖြစ်တယ်။ အန္တရာယ်ရှိတဲ့လက္ခာ တစ်စုံတစ်ယောက်မှ မပေါ် သေးပါဘူး၊ အဲတာကြောင့်မလို့ ဆိုရှယ်မီဒီယာတွေမှာ ဝါဒဖြန့်နေသလို မဟုတ်ပါဘူး။ အဓိကတော့ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ဖို့ လုပ်နေတာဖြစ်တယ်။ တချို့တွေကလည်း အဖျက်အမှောင့်လုပ်တာပေါ့လေ။
မေး ။ ။ ဒါဆို ဗိုလ်မှူးတို့ အခု ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ဟာက လူဦးရေ ၅ သိန်းစာဆိုတာ တရုတ်အစိုးရက ထောက်ပံ့ပေးတာလား၊ သို့မဟုတ် တရုတ်ဘက်ကနေ ဝယ် တာလား ဝယ်တယ်ဆိုရင်ရော ဘယ်လောက်လောက် ကုန်ကျစရိတ်တွေရှိလဲ။
ဖြေ ။ ။ ပြောရမယ်ဆိုရင် ကျနော်တို့ အဖွဲ့အစည်းကနေပြီးတော့ စီမံချက် ချတာပါ၊ ဘယ်အဖွဲ့အစည်း ဘယ်လွှမ်းမိုးမှုမှအောက်ကနေမှ ကျနော်တို့လုပ်နေတာမဟုတ်ပါဘူး၊ ဒီကာကွယ်ဆေး တစ်ယောက်ထိုးဖို့ဆိုရင် တရုတ်ငွေ ၆၀၀ ဆိုရင် တစ်သိန်းကျော်ကျော်လောက် ကျပါတယ်။ လူတွေက အလကားရပြီးတော့ ထိုးနေတယ်၊ ပြီးတော့ ဆိုးကျိုးရှိ တယ်ဆိုပြီးတော့ ဝါဒလျောက်ဖြန့်တယ်။ အခု ကျနော်တို့ လုပ်နေတာ ကျနော်တို့အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။
ပုံ- SSPP မှ လူထုကို ထိုးပေးမယ့် ကိုဗစ်ကာကွယ်ဆေးကို SSPP မှ ဗိုလ်မှူးစိုင်းဘုန်းဟန် ထိုးခံနေစဉ်(SSPP)
မေး ။ ။ အခုက တရုတ်ဆေးတွေကို ပြည်သူလူထုက ယုံကြည်မှု ကင်းမဲ့နေတာပေါ့လေ၊ တချို့ကလည်း ဆိုရှယ်မီဒီယာမှာ တရုတ်ဆေး မယုံရဘူးလို့ ပြောကြဆိုကြတဲ့ အခါကျတော့ လူတွေက စိုးရိမ်လာတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူး ဘာများ ပြောနိုင်မလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ ကျနော်တို့ အခု လက်ရှိသုံးနေတဲ့ ဆေးတွေက ဗဟိုကော်မတီကနေ အရင်စထိုး ပါတယ်၊ ပြီးတော့မှ ကျနော်တို့အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေရော အကုန်လုံး ထိုးပြီးသားဖြစ်တယ်၊ ကျနော်တို့ အယောက် ၂၀၀၀ ဝန်းကျင်လောက် ထိုးပြီးသားဖြစ်တယ်။ လောလောဆယ်ထိ အန္တရာယ်ရှိတယ်ဆိုတဲ့ လက္ခာ တစ်စုံတစ်ယောက်မှ မရှိဘူး။
ကျနော်တို့ ဝယ်တဲ့ကုမ္ပဏီကလည်း တစ်ခုခုဖြစ်ရင် သူတို့တာဝန်ယူမယ်လို့ပြောပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အဖွဲ့အစည်းလည်း တာဝန်ယူမှာဖြစ်တယ်။ ထိုးချင်တဲ့လူရှိရင် ကျနော်တို့ ထိုးပေးတယ်၊ မထိုးချင်လည်း ကာယကံရှင်ရဲ့ ဆုံးဖြတ်မှုအပေါ် မူတည်ပြီးတော့ လုပ်သွားမှာဖြစ်တယ်။ မထိုးချင်လည်း ကျနော်တို့ အတင်းအဓမ္မ သေနတ်ထောက်ပြီး တော့မှ ထိုးခိုင်းမှာလည်း မဟုတ်ပါဘူး၊ ပိုက်ဆံယူပြီး ထိုးတာလည်းမဟုတ်ပါဘူး။ ကျနော်တို့ စေတနာ သန့်သန့်နဲ့လုပ်နေတာ ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။
မေး ။ ။ ဟုတ်ကဲ့ ဒီဆေးထိုးတာနဲ့ပတ်သက်ပြီး ဗိုလ်မှူးတို့ကလည်း တာဝန်ယူမှု တာဝန်ခံမှုနဲ့ သွားတာပေါ့လေ၊ တစ်ဖက်မှာကျတော့လည်း တရုတ်ဆေးက အာမခံချက် မရှိဘူးဆိုတဲ့ သတင်းတွေဖြန့်နေတာဆိုတော့ ဗိုလ်မှူးတို့ ထိုးပေးနေတဲ့ ဆေးက ဘာဆေးလဲ၊ နာမည်က ဘာလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော် မက်ဆေ့စ်ထဲမှာ ပို့ပေးထားပါမယ်၊ ပိုပြီးတော့ သေချာသွားအောင်လို့ အခုက ကျနော်တို့ ပြောပြီပြီးလေ၊ ကုမ္ပဏီကလည်း တာဝန်ယူမှု တာဝန်ခံ မှုရှိရမယ်၊ ကျနော်တို့ အဖွဲ့အစည်းလည်း တာဝန်ယူမှု တာဝန်ခံမှုရှိပါတယ်။ တကယ်လို့ ကျနော်တို့က တစ်ခုခု ဖြစ်သွားလို့ရှိရင် ကျနော်တို့ အဖွဲ့အစည်းမှာ တာဝန်ရှိတယ်ပေါ့လေ၊ အဲဒါကြောင့်မလို့ ကျနော်တို့ လက်လွတ်စပယ် မလုပ်ဘူးဆိုတဲ့ အကြောင်းပြောလို ပါတယ်ဗျ။
ပုံ- SSPP မှ ပြည်သူလူထု ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေး ပြင်ဆင်နေစဉ်(SSPP)
မေး ။ ။ နောက်ဆုံး မေးချင်တာပါ၊ အခုဆို ကိုဗစ်-၁၉ မြန်မာပြည်မှာ ဖြစ်နေတာမှာ တချို့အဖွဲ့အစည်းတွေရော ၊ နစက ကရော ကာကွယ်ဆေး ထိုးပေးဖို့လုပ်နေတာတွေ ရှိတယ်၊ ဒါပေမယ့်လည်း နိုင်ငံရေးမတည် မငြိမ်ဖြစ်မှုကြောင့် ပြည်သူလူထုက ရွေးချယ်ရ ခက်နေတာတွေလည်းဖြစ်နေတယ်၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ရော ဗိုလ်မှူး ဘာများ ပြောချင်တာရှိမလဲ။
ဖြေ ။ ။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ အဓိကတော့ နိုင်ငံရေးရည်မှန်းချက်မရှိဘဲနဲ့ စေတနာ သန့်သန့် လုပ်ဖို့ပါပဲ။ ပြီးတော့ အကုန်လုံး ပူးပေါင်းဆောင်ရွက်မှု ပါမှပဲ ကျနော်တို့ လုပ်နိုင်မယ်လို့ ယူဆတယ်လေ၊အဲဒါ ကြောင့် ဒီရောဂါက ဘယ်ဟာမှ ကန့်သတ်နယ်မြေဆိုတာမရှိဘူး၊ အဲဒါကြောင့်မလို့ အကောင်းဆုံး နည်းလမ်းက စေတနာ သန့်သန့်နဲ့လုပ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့နော်။သက်ဆိုင်ရာအဖွဲ့တွေ ကလည်း သက်ဆိုင်ရာ ပြည်သူလူထုတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိရှိလုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်။
#စိုင်းဘုန်းဟန် #SSPP #ကိုဗစ်၁၉ #ကာကွယ်ဆေးထိုး #သတင်းမှားတွေပြန့်နေ #ကျန်းမာရေး #တရုတ် #ရှမ်းပြည်နယ် #လူဦးရေငါးသိန်း #CNImyanmar #cninews