CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၅

မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ တတိယလှိုင်းကို ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်၊အခုလို ကိုဗစ်-၁၉ တတိယလှိုင်းနဲ့အတူ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး ကျပ်တည်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြိုလဲလာမှု စတဲ့ အခြေအနေ သုံးရပ်ကို တပြိုင်တည်း ရင်ဆိုင်နေကြရတဲ့အတွက် လွတ်လပ်ရေးရပြီးနောက်ပိုင်း အခုအခြေအနေက မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး အခြေအနေကို ရောက်လို့နေပါတယ်။

အခု ကိုဗစ်-၁၉ တတိယလှိုင်းဟာဆိုရင် မြန်မာနိုင်ငံအတွက် အမျိုးသားအရေး တစ်ရပ်လုံးဖြစ်လာပြီး နိုင်ငံရေးပြဿနာ တွေကို ခဏထားပြီးတော့ လူသားချင်းစာနာ ထောက် ထားမှု အခြေခံပေါ်ကနေ ကိုဗစ်-၁၉ တတိယလှိုင်းကို ကျော်လွှားဖို့ အပစ်ရပ် (၁၀)က လိုလားနေသလို ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ(CSMC)ကို ဖွဲ့စည်းပြီးတော့ သက်ဆိုင် ရာ အင်အားစုတွေနဲ့ လက်တွဲ ဖြေရှင်းဖို့ ကြိုးပမ်းလာတာတွေ့ရပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ(CSMC)မှာ ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဉီး(ABSDF)ရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ရဲဘော်မျိုးဝင်းကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။            ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ(CSMC)ကို ဖွဲ့စည်းဖြစ်တဲ့အကြောင်း အရင်ဆုံး ပြောပြ ပေးပါဦး ဆရာ။

ဖြေ ။            ။ ကိုဗစ် - ၁၉ ပြဿနာက အရေးပေါ်အခြေအနေဖြစ်တယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် မှု ဖြစ်တယ်။ အမျိုးသားရေးပြဿနာဖြစ်တယ်။ အဲတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြီး ဖြစ်တယ်။ အဲပြဿနာကို ဖြေရှင်းဖို့ဆိုရင် တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ပဲနဲ့ အားလုံးပါဝင်ပြီး ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ့ အခြေခံမှုကနေပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံဖြစ်ပေါ်လာဖို့အတွက်ကို ညှိနှိုင်း ဆောင် ရွက်မယ့် ကော်မတီဖွဲ့စည်းတာပေါ့နော်။

ပုံ-ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ(CSMC)တွင် ပါဝင်သူ နှစ်ဉီး(NCA-S EAO)

မေး ။             ရှေ့လုပ်ငန်းစဉ် (၈) ရပ်ဆိုတာ ဘာတွေ ဘာလဲဆရာ

ဖြေ ။             ။ ဒီဟာကိုတော့ အသေးစိတ်ပြောဖို့ နည်းနည်းတော့ ခက်တယ်။ ဆိုလိုတာက ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် ကိုဗစ် -၁၉ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆိုရင် တော့ ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ အင်အားစု အားလုံးနဲ့  ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်မယ်။ ပြီးတော့ နိုင်ငံတကာ အကူအညီတွေလည်း လိုအပ်တာပေါ့။

အခြေအနေတွေကို တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်ပြီးတော့မှ ဒါတွေကို ထိန်းချုပ်ကာကွယ်ဖို့၊ ကုသဖို့ လိုအပ်တဲ့အတွက် ကျနော်တို့ EAO တွေ ဒေသမှာလည်းပဲ လက်ရှိ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အကူ အညီတွေ လိုအပ်တာပေါ့။ဒါတွေကိုလည်း အကူအညီတွေ ရရှိအောင်ကြိုးပမ်းသွားမယ်။

အခြေခံအားဖြင့်တော့ နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အခုထုတ်တဲ့ ကြေညာချက်မှာလည်း ပါပါတယ်။ နိုင်ငံရေးပေါ်မှာ အခြေမခံပဲနဲ့ လူသားချင်းစာနာ ထောက်ထားမှု အခြေခံပေါ်ကနေ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် အခြေခံတွေ ဖြစ်လာအောင် ကျနော်တို့ ကြိုးပမ်းသွားဖို့အတွက်ပေါ့။ ဒီကော်မတီကို ကြိုးပမ်းညှိနှိုင်း ဆောင်ရွက် သွားဖို့ အတွက်ပေါ့။

မေး ။           EAO တွေ ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး နစကနဲ့ ချိတ်ဆက် လုပ်ဆောင်တာ ရှိလားဆရာ

ဖြေ ။          ။ ပြည်တွင်းအင်အားစုအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတာ အခြေခံပါ။ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ပူးတွဲဆောင်ရွက်တာတို့ လိုအပ်ရင် လိုအပ်လာ လိမ့်မယ်လို့ မျော်လင့်ပါတယ်။ ဒါကတော့ တဆင့်ချင်း ညှိနှိုင်းဆောင်ရွက်သွားရမယ့်ကိစ္စ ဖြစ်တယ်ပေါ့နော်။

မေး           လောလောဆယ်ချိတ်ဆက်ပြီး လုပ်ဆောင်တာ မရှိသေးဘူး ဆိုတဲ့သဘောပေါ့နော်ဆရာ။

ဖြေ ။            ။ အခုမှ ကျနော်တို့ ကော်မတီဖွဲ့တာကို ကော်မတီဖွဲ့ပြီးပြီဆိုရင် ပြည်တွင်းအင်အားစု အားလုံးရော၊ နိုင်ငံတကာအင်အားစု အားလုံးနဲ့ရော တွေ့ဆုံနိုင်ရေး ကျနော်တို့ တဆင့်ချင်း ကြိုးပမ်းသွားရမှာပေါ့။ ဘာလို့ လည်းဆိုတော့ အင်အားစုအားလုံးနဲ့ ပူးတွဲဆောင်ရွက်သွားဖို့ ကျနော်တို့ ဖိတ်ခေါ်ထားတာတွေ၊ ကမ်းလှမ်းထား တာတွေ၊ တောင်းဆို ထားတာတွေ ရှိတာကိုး။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆိုရင်တော့ အားလုံးပူးပေါင်းမှ ရမယ်ဆိုတာကို ကျနော်တို့ အခြေခံထားတာ လေ။ အဲလိုဆိုတော့ အင်အားစုအားလုံးနဲ့ ကျနော်တို့ လိုအပ်သလို ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်မှုတွေကို တဆင့်ပြီးတဆင့် ရှိလာလိမ့်မယ်လို့ ဒီလိုပဲ မျော်လင့်ပါတယ်။

မေး            အခု CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တပ်ချုပ်က တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ် လိုက်တဲ့အပေါ်  ဆရာတို့ ဘယ်လိုမြင်လဲ။

ဖြေ ။            ။ ကျနော်တို့ ကြိုးပမ်းတဲ့အထဲမှာလည်း အဲကိစ္စလည်း ပါတာပေါ့နော်။ ဆိုလိုတာက ဒီတိုင်းပြည်မှာ ရှိတဲ့ အရင်းအမြစ်တွေ အားလုံးကို ကိုဗစ် - ၁၉ ကုသရေးထဲမှာ ပါဝင်လာဖို့ ကျနော်တို့ ကြိုးပမ်းရမှာဖြစ်တယ်၊ ကျနော်တို့ ရင်းမြစ်အားလုံး။ ကျနော်တို့ရင်းမြစ် မလုံလောက်ဘူးဆိုရင် နိုင်ငံတကာကို အကူအညီတောင်း ရမှာပေါ့။

ကျနော်တို့ ရင်းမြစ်ထဲမှာတောင် အရေးကြီးဆုံးက ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ပညာရှင်တွေပေါ့နော်။ ဒီပညာရှင်ဆိုတာလည်းပဲ နေ့ချင်းညချင်း လုပ်ယူရ တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေကို ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ထိုက်သင့်တဲ့ ဖြေလျှော့မှုတွေ၊ စာနာမှုတွေ လုပ်ပေးရပါမယ်။ ကျနော်တို့ လုပ်ငန်းတွေထဲမှာလည်း ကိုယ့်ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သတ် တဲ့ ရှိနေတဲ့ အကန့်အသတ်တွေ ကျော်လွှားနိုင်ရေးကိုလည်း သက်ဆိုင်ရာ အားလုံးနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ သဘောထား လုပ်ငန်းစဉ်တစ်ခုတည်းမှာ ပါရပါတယ်။ ဒါလည်း ကျနော်ဆက်ကြိုးစားမှာပါ။

ပုံ-PPST က ဖွဲ့စည်းလိုက်တဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ(NCA-S EAO)

မေး ။             အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါဦးဆရာ။

ဖြေ ။             ။ ကျနော်တို့ လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုဗစ် - ၁၉ ပြဿနာ တတိယလိုင်းပေါ့နော်။ အားလုံးလည်း သိပြီးဖြစ်မှာပေါ့။ တော်တော်လေးကို တိုင်းပြည်အတွက် လူသားလုံခြုံမှု၊ တစ်ဦးချင်းရဲ့ ဘဝကို ထိခိုက်နေပြီ ဖြစ်တာကိုး။

ဒါပေမယ့် တဆက်တည်းမှာပဲ ဒီတိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးပဋိပက္ခကလည်း ဖြစ်ပွားနေတာကို။ နိုင်ငံရေး ပဋိပက္ခကြောင့် သက်ရောက်လာတဲ့ စီးပွားရေးပြဿနာ။ အဲတာတွေ လည်း ရှိတာကိုး။ နိုင်ငံရေးပြဿနာကို အခြေခံပြီးတော့မှ ရှိနေကြတဲ့ အင်အားစုကြားထဲမှာ ကိုဗစ် - ၁၉ ပြဿနာကို ဖြေရှင်းဖို့ ဦးစားပေးပြီးတော့မှ ဆောင်ရွက်ဖို့အတွက်ကို ဦး တည်ကြိုးပမ်းဖို့အတွက် အဲဒီအခြေခံပေါ်ကနေ အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေခံတစ်ခုရအောင် ကျနော်တို့ ကြိုးပမ်းစေချင်ပါတယ်။

အခုကာလမှာ ကျနော်တို့ ပြည်သူတစ်ဉီးအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝမှု မရဘူးဖြစ်နေတယ်။ လူသားချင်းစာနာထောက်ထားမှု အခြေခံပေါ်ကနေပြီးတော့ နိုင်ငံရေးပြဿနာတွေကို ခဏလေးထားပြီးတော့မှ ဦးစားပေးပြီးတော့မှ အခုလက်ရှိ ကျန်းမာရေးရင်ဆိုင်နေရတဲ့ အတွင်းကို အင်အားစုအားလုံးလက်တွဲပြီးတော့ တစ်ညီတညွတ်နဲ့ ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းလိုပါတယ်။

#ရဲဘော်မျိုးဝင်း #PPST #ကျန်းမာရေးကော်မတီဖွဲ့ #လူသားချင်းစာနာထောက်ထားမှု #နိုင်ငံရေးပြဿနာခဏထား #ပူးပေါင်းဆောင်ရွက်သင့် #ကိုဗစ်၁၉ #ကျန်းမာရေး #လူမှုရေး #မြန်မာ #CNImyanmar #cninews