CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၄ 

ကိုဗစ် တတိယလှိုင်းအခြေအနေမှာ လူမှုကူညီရေး အသင်းအဖွဲ့တွေ၊ ပရဟိတ ကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့ အောက်ဆီဂျင် ကူညီပေးတာ၊ လူနာတွေကို စင်တာတွေဆီ ပို့ဆောင်ပေးတာတွေ လုပ်ဆောင်ပေးနေရပါတယ်၊ အခု လက်ရှိ အချိန်မှာတော့ ကိုဗစ်ကြောင့် သေဆုံးလူနာတွေ များပြားလာတာကြောင့် Dead Body သယ်ဆောင်တာကိုပါ အဓိကထား လုပ်ဆောင်ပေးနေကြပါတယ်။

တောင်ဥက္ကလာပမြို့နယ်အတွင်းက မျှဝေခံစားတွဲလက်များ ပရဟိတအသင်းကတော့ အခုလိုအချိန်မှာ သေဆုံးလူနာတွေ သယ်ဆောင်ပေးရတာ များပြားနေပေမယ့် အောက်ဆီဂျင် လိုအပ်မှု အခြေအနေတွေကလည်း မြင့်တတ်နေဆဲ ဖြစ်တာ ကြောင့် လာမယ့် ရက်ပိုင်းအတွင်းမှာ အောက်ဆီဂျင် ကူညီပေးတာတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အခုလို အသင်းရဲ့ လုပ်ဆောင်နေမှု အခြေအနေတွေကို သိရဖို့အတွက် မျှဝေခံစားတွဲလက်များ ပရဟိတအသင်း ရဲ့  ဥက္ကဋ္ဌဖြစ်သူ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။            ။ အခုလက်ရှိ ကိုဗစ်တတိယလှိုင်းကာလမှာ ဆရာတို့ မျှဝေခံစားတွဲလက်များ ပရဟိတအသင်းအနေနဲ့ ဘယ်လို ကူညီပေးမှုတွေကို အဓိက လုပ်ဆောင်ပေးနေရလဲ။

ဖြေ ။            ။  အရင်ကတော့ အောက်ဆီဂျင်ကိစ္စတွေ လိုက်ကူညီပေးတယ်။ အခုက လူတွေ သေဆုံးတာများနေတော့ အဲဒီ ဘက်ကို ပြန်လှည့်နေရတယ်။ ရေဝေးကို ကျနော်တို့ တစ်ရက်ကို ကား ၅ စီးနဲ့ အယောက် ၃၀ လောက်ပို့နေရတယ်။ တစ်ခါ သယ်ရင် ၁၀ လောင်းပေါ့။ တတိယအသုတ်ဆို ည ၉ နာရီမှ ပြီးတယ်။ နောက် ၃ ရက် ၄ ရက်လောက် ပြီးရင်တော့ ကျနော်တို့ အောက်ဆီဂျင်ဘက်ကို ပြန်လှည့်မယ်။

မေး ။           ။ ကိုဗစ်ကြောင့် သေဆုံးသွားသူတွေကို သယ်ဆောင်ရတဲ့အခါ ဘယ်လို ပြင်ဆင်မှုမျိုးတွေနဲ့ လုပ်ဆောင်ရလဲ။ ဘယ်လို အခက်အခဲတွေရှိလဲ။

ဖြေ ။           ။ တချို့ကျတော့ ကိုဗစ်လို့လည်း မပြောဘူးလေ။ မသိပဲသွားရတာမျိုးတွေ ရှိတယ်။ ပထမတုန်းကတော့ PPE တွေဝတ်ပြီး သွားကြတယ်။ အခုနောက်ပိုင်းကျတော့ ကလေးတွေကလည်း PPE တွေတောင် မဝတ်ချင်ကြတော့ဘူး။ ဘာလို့ လဲဆိုတော့ သယ်ရ ပြုရနဲ့ဆိုတော့ မလွတ်လပ်တော့ နောက်ပိုင်းကျ surgical နဲ့ပဲသွားတယ်။

ပုံ- သေဆုံးလူနာ၏ Dead Body ကိုသယ်ရန် ပြင်ဆင်နေစဉ် 

မေး ။           ။ အခု ကိုဗစ် တတိယလှိုင်းမှာ နိုင်ငံရေး ပြသာနာတွေကလည်း ရှိနေတော့ ဗော်လန်တီယာ အင်အား အခြေအနေ ဘယ်လိုရှိနေလဲ။ ဆရာတို့အသင်းအနေနဲ့ရော ဘယ်လိုဖြတ်သန်းနေရလဲ။

ဖြေ ။           ။ ကျနော်တို့ အသင်းကတော့ အဲဒီလိုမျိုးတွေဖြစ်လေလေ၊ ဗော်လန်တီယာအင်အားကတော့ ပိုများ လာလေ လေပဲ။ ပထမလှိုင်းရော၊ ဒုတိယလှိုင်းရောကလူတွေပါ ပြန်ပါလာကြတယ်။ အခု ကျနော်တို့ လူဦးရေကတော့ အယောက် ၃၀ လောက်တော့ရှိတယ်။ ဆေးဖြန်းတာကို သပ်သပ် တစ်ဖွဲ့ခွဲထားတယ်။ Ambulance ကတော့ ၅ စီးရှိတယ်။ နောက် ရက်တွေဆိုရင်တော့ အောက်ဆီဂျင်လိုက်ကူဖို့ရှိတယ်။

မေး ။           ။ Dead Body သယ်ဆောင်မှုအပိုင်းမှာ ကားတစ်စီးထဲမှာ စုပြီး သယ်နေရတဲ့ အခြေအနေတွေလည်း မြင်တွေ့ နေရတယ်။ ဆရာတို့ အသင်းအနေနဲ့ရော ဘယ်လို သယ်ဆောင်ပေးနေရလဲ။

ဖြေ ။           ။ အဲ့ဒီလိုပဲ သယ်နေရပါတယ်။ ပထမ စစတုန်းကတော့ တစ်ခါသယ်ရင် ၄ လောင်း၊ ၅ လောင်း သယ်တယ်။ အခုက သတ်မှတ်ထားတာလည်းရှိတော့ ၂ လောင်းပဲ သယ်ရမယ်ဆိုတော့ တစ်စီးကို ၂ ဦးနှုန်းနဲ့ပဲ သယ်ပါတယ်။ တချို့ကျ တော့လည်း အိမ်မှာ ပုပ်ပွနေတာတွေ နံစော်နေတာတွေ ရှိတယ်။

မေး ။           ။ သုသာန်တွေကို သွားပို့ပေးတဲ့အခါ မြင်တွေ့ရတဲ့ အခြေအနေတွေက ဘယ်လိုရှိလဲ။

ဖြေ ။           ။ မြင်တွေ့ရတာတွေကတော့ စိတ်မကောင်းစရာတွေကြီးပါပဲ။ ကျနော်တောင် အသင်းအနေနဲ့ အမှန်တိုင်း ပြောရမယ်ဆို ပိုလို့တောင် မသယ်ချင်တော့ဘူး။ ဒါပေ မယ့် မသယ်လို့လည်း မရဘူး။ အခုက  ကျနော်တို့က ပရဟိတ ဆိုတော့ ပရဟိတသဘောမျိုးပဲ သွားချင်တယ်။ အခုက တချို့က Body တစ်ခုကို ဘယ်လောက်ဆိုပြီး တောင်းတာ တွေ ရှိတယ်။ တကယ်တော့ အဲ့လိုတွေ မဖြစ်သင့်ဘူးခင်ဗျ။ ငွေကြေးမတတ်နိုင်တဲ့ သူတွေဆိုရင် တော်တော်လေး ဒုက္ခရောက် တယ်လေ။

သင်္ချိုင်းမှာက ကဒ်ဝယ်ပြီး သင်္ဂြိုဟ်ရတယ်။ သင်္ဂြိုဟ်ခကတော့ ၅၀၀၀ ပေးရတယ်။ ကျနော်တို့အသင်းက တစ်နေ့ကို ၃ ခေါက် သယ်ပေးတာဆိုတော့ ညပိုင်းဆို မိုးချုပ်တယ်။ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေဆိုရင် ကျနော်တို့အသင်းကပဲ ကဒ်ဝယ် ပြီး ရိုက်ပေးလိုက်ပါတယ်ခင်ဗျ။ 

ပုံ- သေဆုံးလူနာ၏ Dead Body ကိုသယ်ရန် ပြင်ဆင်နေစဉ်

မေး ။           ။ ဆရာအသင်းအနေနဲ့ရော ဗော်လီတီယာတွေ ကိုဗစ်ကူးစက်မခံရအောင် ဘယ်လို ကာကွယ် လုပ်ဆောင် ပေးနေရလဲ။

ဖြေ ။          ။ ကျနော်ကိုယ်တိုင် P ဖြစ်ဖူးတယ်။ မကြာသေးဘူး။ အခုတော့ ပြီးသွားပြီ။ ကလေးတွေ ကျတော့လည်း စိတ်ဓာတ်တွေက ကြောက်စိတ်လည်း မရှိကြတော့ဘူး။ ကျနော်ကတော့ မှာထားတယ်။ နှခေါင်းစည်း(Mask)တွေ လက်အိတ်တွေကတော့ အဓိကတပ်ဖို့ပေါ့။ သူတို့ပြန်လာရင် ကျနော်တို့ အသင်းကတော့ ကြက်ပေါင်းရည်တွေ ဘာတွေ တိုက်တယ်။ ဆေးကတော့ နိုင်နိုင်ဖြန်းပေးတယ်။

မေး ။            ။ အောက်ဆီဂျင် လိုအပ်မှု အခြေအနေတွေကော ဘယ်လိုကြားသိနေရလဲရှင့်။

ဖြေ ။            ။ အောက်ဆီဂျင်ကတော့ အခုချိန်မှာ အကုန်လုံးက ပြတ်လတ်နေကြတာ။ ကျနော်တို့ဆီမှာ ကား ၅ စီးရှိတယ်။ တစ်စီးမှာ အောက်ဆီဂျင် ၂ လုံးပါတယ်။ စဖြစ်ဖြစ်ချင်းတုန်းက ကျနော်တို့ဆီကနေ အောက်ဆီဂျင် ပေးရှူထားတော့ အခုက ကျနော်တို့ဆီမှာဆို အောက်ဆီဂျင်အိုးတောင် မရှိတော့ဘူး။ ဒီနေ့မှာတော့ အဖွဲ့တစ်ခုက ဝင်လာတယ်။

အောက်ဆီဂျင် ဖြည့်ပေးမယ်ဆိုပြီးပြောတယ်။ အစိုးရကို တင်ထားပေးမယ်ပေါ့နော်။ ဘယ်နှလုံးလောက်ရှိလဲပေါ့လေ။ ကျနော်ကတော့ ၃၅ လုံးလို့တော့ ပြောထားတယ်။ ၄၀ လီတာအိုးတွေ ပေါ့နော်။ အဲ့ဒီ ၃၅ လုံးရရင်တော့ အောက်ဆီဂျင် ပေးတဲ့ ဘက်ကို ကျနော်တို့ ပြန်စတော့မှာပါ။ လူခွဲပြီးတော့ လုပ်ဦးမှာပါ။ အောက်ဆီဂျင်ကတော့ လူ့အသက်ပဲ လေ။ အောက်ဆီဂျင်ပြတ်ပြီးတော့ သေသွားတဲ့လူနာတွေ တော်တော်များတယ်။ အဖွဲ့အစည်းတွေ အနေနဲ့ပဲဖြစ်ဖြစ် သက်ဆိုင်ရာ အကြီးအကဲတွေဖြစ်ဖြစ်  အောက်ဆီဂျင်ကို အဓိက ပံ့ပိုးပေးကြပါလို့ပဲ ပြောချင်ပါတယ်။

မေး ။             ။ ဆရာတို့ မျှဝေခံစားတွဲလက်များ ပရဟိတအသင်းက တောင်ဥက္ကလာလို့သိရပါတယ်။ ကူညီကယ်ဆယ်ရေး အပိုင်းမှာ ဘယ်လိုနေရာတွေအထိ လုပ်ဆောင် ပေးနေရလဲ။

ဖြေ။            ။ ကျနော်တို့ဆီမှာတော့  ဟယ်လို တစ်ချက်လုပ်တာနဲ့ ဘယ်ပဲဖြစ်ဖြစ် တတ်နိုင်သလောက် ကူညီပါတယ်။ အခုဆို မင်္ဂလာတောင်ညွန့်ဘက်တွေအထိ DB (Dead Body)သွားသယ်ပေးတယ်။ ဘယ်နေ့ဘယ်မြို့နယ်ဆိုပြီး သတ်မှတ်ထားတာတော့ မရှိပါဘူး။

#ဦးမင်းလွင်ဦး #DeadBody #ပရဟိတ #လူမှုကူညီရေးလုပ်ငန်း #ကိုဗစ်၁၉ #သေဆုံးလူနာ #ကျန်းမာရေး #မြန်မာနိုင်ငံ #ရန်ကုန် #CNImyanmar #cninews