CNI Interview

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉

ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုများနှင့်လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲများ ကြောင့် မြန်မာ့အငွေ့အသက်တစ်ခုဖြစ်သော လက်ဖက်ဈေးကွက်မှာ ဈေးနှုန်းကျဆင်းမှု၊ထုတ်လုပ်မှုကျဆင်းမှု၊ လက်ဖက်စက်ရုံများ ပိတ်သိမ်းရမှု၊ ပြည်ပတင်ပို့မှုနှောင့်နှေးကြန့်ကြာနေသည်ကို ပြည်တွင်းရှိလက်ဖက်စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ၊လုပ်ငန်းရှင်များ ခံစားနေကြရသည်။

ထို့ကြောင့် လက်ရှိမြန်မာ့လက်ဖက်ဈေးကွက်တွင် ဈေးနှုန်းများမည်မျှအထိကျဆင်းပြီး စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊လုပ်ငန်းရှင်များ မည်သို့ရင်ဆိုင်နေရသလဲဆိုသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဦးမျိုးဝင်းအောင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။လက်ရှိ လက်ဖက်ဈေးကွက်အခြေအနေကို ရှင်းပြပေးပါအုံးရှင့်။

ဖြေ။ ။လက်ဖက်လက်ရှိဈေးကွက် အခြေအနေကတော့ Supply Change လို့ပဲပြောရမှာပေါ့နော်။ကျနော်တို့ စိုက်ပျိုးသီးနှံဖြစ်တဲ့အတွက်ကြောင့်မို့ စိုက်ပျိုးထုတ်လုပ်ရာကနေ တင်ပို့ရောင်းချတဲ့ အထိပေါ့ဗျာ။ လက်ဖက်အစို မှာဆိုရင် ပြည်တွင်းစားသောက်မှုကတော့ အများဆုံးပါ။ တစ်ခြား လက်ဖက်ခြောက်ရှိတယ်။ လက်ဖက်ခြောက် မှာမှ Green tea၊Black tea၊Red tea အစရှိသဖြင့် အမျိုးမျိုးရှိတယ်။ထုတ်လုပ်မှုပေါ်မူတည်ပြီးတော့မှ အမျိုးအစားတွေ အများကြီးရှိတာပေါ့နော်။ အခုချိန်ဈေးကွက်အရ ပြောမယ်ဆိုရင်တော့ လက်ဖက်တောင်သူတွေ အနေနဲ့ဈေးကွက်တွေက ဒီနှစ်တော်တော်ကို ဈေးမကောင်းဘူးလို့ ပြောရမယ်။ဈေးတွေလျော့နည်းမှုတွေနဲ့ ကြုံ တွေ့နေရတယ်။ အရင်နှစ်တွေထက် လက်ဖက်ရဲ့ရွက်စိမ်းတစ်ပိဿာဈေးနှုန်း တန်ဖိုးတွေကျတာရှိတယ်။ အဲ့ဒီတော့ထုတ်လုပ်မှုရဲ့ ဈေးနူန်းတန်ဖိုးကစပြီး ခူးစွတ်တဲ့အချိန်ကနေ ရောင်းချတဲ့အချိန်ထိ ဈေးနှုန်းတွေက အရမ်းကိုကျတယ်။ဈေးမရဘူး။လက်ဖက်ထုတ်လုပ်တဲ့သူတွေမှာ လက်ဖက်ကိုပြန်ပြီး ရောင်းချတာဖြစ်ဖြစ် ဈေးနှုန်းက မကောင်းဘူးလို့ ကျနော်တို့က မှတ်ချက်ပြုရမှာပါ။

မေး။ ။ကိုဗစ်ကပ်ရောဂါကြောင့် လက်ဖက်ဈေးနှုန်းတွေက ဘယ်လောက်ထိ ရိုက်ခတ်မှုတွေ ရှိနေတာလဲ။

ဖြေ။ ။ကိုဗစ်ကပ်ရောဂါကြောင့် လက်ဖက်ဈေးကွက်ရိုက်ခတ်မှုက ရှိတယ်ခင်ဗျ။ အဓိကတော့ ကျနော်တို့ ကိုဗစ်ကပ်ရောဂါ ကာလမှာဆိုရင် ဈေးတွေဖွင့်လို့မရဘူး။အမျိုးမျိုးပေါ့နော်။ဈေးနဲ့ပတ်သက်တဲ့ နေရာဌာနတွေက ပိတ်လိုက်၊ဖွင့်လိုက်ဖြစ်နေတယ်။ဈေးကွက်ကပါးတယ်။ အရောင်းအဝယ်တွေပါးတယ်။ အဲ့လိုမျိုး ကြုံတွေ့ နေရပါတယ်။ ကိုဗစ်ကြောင့်ပေါ့နော်။

မေး။ ။ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းနိုင်ငံရေးအပြောင်းအလဲနဲ့ပတ်သက်ပြီးတော့ရော လက်ဖက်ဈေးကွက်ကို ရိုက်ခတ်မှုရှိပါသလား။ တစ်ခြားသီးနှံတွေမှာဆိုရင် ဥပမာ-သစ်သီးဝလံတွေမှာဆိုရင် ပြည်ပဈေးကွက်တင်ပို့မှုတွေ ဖျက်သိမ်းလိုက်ရတာတွေရှိတော့ လက်ဖက်ဈေးကွက်မှာရော ဘယ်လိုရှိလဲရှင့်။

ဖြေ။ ။လက်ဖက်မှာကတော့ ပြည်တွင်းမှာစားသုံးမှုရှိတယ်။နိုင်ငံခြားတင်ပို့မှုရှိတယ်။စားသောက်ကုန်အနေနဲ့ နိုင်ငံခြားတင်ပို့မှုမှာ စာချုပ်စာတမ်းအနေနဲ့ ဖျက်သိမ်းရတာမျိုးတော့ မရှိပါဘူး။ဒီနှစ်၊ ဒီကာလ ၂၀၂၁ ခုနှစ်မှာပေါ့။ ဒါမျိုးစာချုပ်ဖျက်သိမ်းတာတော့ ကျနော်တို့ လက်ဖက်လောကမှာမရှိသေးဘူး။ မကြားသေးဘူးလို့ ကျနော် ပြောချင်ပါတယ်။

မေး။ ။လက်ဖက်ရဲ့ ပြည်ပတင်ပို့မှု ဈေးကွက်အခြေအနေကရော ဘယ်လိုမျိုးရှိလဲရှင့်။

ဖြေ။ ။ကျနော်တို့ ဘယ်လိုပြောမလဲဆိုရင် ပြည်ပတင်ပို့ရင် သူ့ရဲ့လုပ်ငန်းဆောင်တာတွေက အများကြီးရှိတယ်။ သက်ဆိုင်ရာဦးစီးဌာနရဲ့ထောက်ခံချက်တွေ၊ဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့ထောက်ခံချက်တွေလိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်တဲ့အတွက်ကြောင့် ရုံးတွေက ဖွင့်လိုက်၊ပိတ်လိုက် ရှိတာမို့ လက်ဖက်ဈေးကွက်က နိုင်ငံတကာ ဈေးကွက်ကို တင်ပို့မှုတွေက နှောင့်နှေးကြန့်ကြာမှုတွေရှိတယ်လို့ ပြောချင်ပါတယ်။ဥပမာ- အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)လိုမျိုး ကိုဗစ်စည်းနဲ့အညီ ဖွင့်လိုက်၊ပိတ်လိုက်လို့အခြေအနေမျိုးတွေ ကြုံရရင် ချိန်းထားတဲ့ သင်္ဘောတင်မယ့်ရက်နဲ့ဒီဘက်က စာရွက်စာတမ်း ပြည့်စုံမှုတွေက လွဲချော်သွားတဲ့အခါကျတော့ နှောင့်နှေးကြန့်ကြာမှုတွေတော့ ရှိပါတယ်။

မေး။ ။လက်ဖက်ကို ပြည်ပတင်ပို့ဖို့အတွက် လက်ရှိမှာ ဘယ်နိုင်ငံတွေနဲ့ချိတ်ဆက်ထားတာမျိုး ရှိပါသလဲ။

ဖြေ။ ။လက်ဖက် Industry လို့ ပြောမှာပေါ့နော်။လက်ဖက်စို၊လက်ဖက်ခြောက်ကို ပြည်ပကိုတင်ပို့နေတဲ့ လုပ်ငန်းရှင်အများကြီးရှိပါတယ်။ကျနော်တို့အသင်းရဲ့ရရှိထားတဲ့ဒေတာတွေအရဆိုရင် ဂျာမနီ၊အမေရိက၊ယူကေ၊ တရုတ်၊စင်ကာပူစတဲ့ နိုင်ငံတွေကို တင်ပို့တာရှိသလို ထိုင်ဝမ်ကိုလည်း တင်ပို့တာရှိပါတယ်။အခုလက်ရှိမှာတော့ အသင်းရဲ့သတင်းအချက်အလက်အရ လက်ဖက်စိုတင်ပို့မှုအတွက် ညှိနိူင်းဆွေးနွေးတာတွေ မပြီးပြတ်သေးတာ ရှိတယ်။ လက်ဖက်ခြောက် Green tea အတွက်လည်း တင်ပို့ဖို့ ညှိနိူင်းဆွေးနွေးနေပါတယ်။ဒီရက်ပိုင်း ဒီလပိုင်း တွေမှာတော့ သင်္ဘောတင်ပြီးတော့မှ ကုန်သွယ်မှုတစ်ခု ပြီးဆုံးသွားတယ်ဆိုတဲ့ အခြေအနေမျိုးတော့ မရှိသေး ပါဘူး။

မေး။ ။တိုင်းရင်းသားဒေသတွေမှာလည်း တစ်ချို့က လက်ဖက်စက်ရုံတွေ ပိတ်ထားရမျိုးတွေရှိတယ်လို့ သိရတယ်။ဒါနဲ့ပတ်သက်ပြီးတော့ရော တိုင်းရင်းသားဒေသတွေမှာ လက်ဖက်လုပ်ငန်းရှင်တွေ၊တောင်သူတွေကို ဖွံ့ဖြိုးအောင် အသိပညာပေးတာမျိုးတွေ၊လုပ်ဆောင်ပေးနေတာမျိုးတွေ ကူညီပံ့ပိုးပေးတာမျိုးတွေ ဘယ်လို လုပ်ပေးသွားဖို့ရှိလဲရှင့်။

ဖြေ။ ။ကျနော်တို့ အသင်းအနေနဲ့ကတော့ အဓိကရည်ရွယ်ချက်ကတော့ လက်ဖက်လောက တစ်ခုလုံး စိုက်ပျိုးတဲ့နေရာကနေ စပြီးတော့ တင်ပို့၊ရောင်းချတဲ့ Supply Change တစ်ခုလုံးမှာ ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတကာနဲ့တန်းတူဈေးကွက်ရရှိဖို့၊နိုင်ငံတကာနဲ့တန်းတူအရည်အသွေးတွေနဲ့ယှဉ်ပြိုင်နိုင်ပြီးတော့မှ နိုင်ငံတကာရဲ့ထုပ်ပိုးမှုနည်းစနစ်ရရှိဖို့ ဒါမျိုးအနေနဲ့သွားနေပါတယ်။ အဓိက လက်ဖက်ပေါက်ရောက်တဲ့ ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တို့၊ ကရင်ပြည်နယ်၊ ချင်း၊ ရှမ်းတောင်၊ ရှမ်းမြောက် စရှိသဖြင့် အဓိက ပေါက်ရောက် ထွက်ရှိတဲ့ဒေသတွေမှာ ကျနော်တို့က အသင်းအဖွဲ့လေးတွေပေါ့ ကျနော်တို့စုဖွဲ့ထားပါတယ်။အသင်းအနေနဲ့ သက်ဆိုင်ရာနေရာဒေသ အစုအဖွဲ့လေးတွေနဲ့ချိတ်ဆက်ပြီးတော့ လက်ဖက်ရဲ့ဈေးကွက်ကိုလည်း စဉ်ဆက်မပြတ် ချိတ်ဆက်ပြီးတော့မှ ဖွံ့ဖြိုးရေးအတွက်ကို ကူညီနိုင်သလောက် ကျနော်တို့တွေကူညီပါတယ်။ စောနက မေးထားသလို တိုင်းရင်းသားဒေသတွေမှာ လက်ဖက်စက်ရုံတွေ ပိတ်ရတယ်ဆိုတာကလည်း အဓိကတော့ ကိုဗစ်ရဲ့စည်းကမ်းနဲ့အညီ ဖွင့်ရ၊ပိတ်ရတဲ့အခြေအနေအရလို့ပဲ ကျနော်ကတော့ ပြောပါရစေ။

ဈေးကွက်တစ်ခုက ကုန်ကြမ်းရဲ့ဈေးကျသွားတယ်။ဝယ်လိုအားကလည်း ကျလာတယ်။ဈေးကွက်ကြီးတစ်ခုလုံး ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုလုံးက ချိတ်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ စားသုံးမှုတွေလည်း လျော့နည်း လာတယ်။ထုတ်လုပ်မှုဘက်မှာလည်း စားသုံးမှုဈေးကွက်ပေါ်မူတည်ပြီးတော့မှ အဆင့်ဆင့်အားလုံးက ချိတ်ဆက် ပြီးတော့မှဖြစ်တဲ့အတွက် ဒီနှစ်ကတော့ အခြေအနေအရပ်ရပ်ကြောင့် ကျနော်တို့ လက်ဖက်ဈေးကွက်က ထုတ်လုပ်မှုတွေလျော့နည်းတယ်။အလုပ်အကိုင်အနေနဲ့ဆိုရင်လည်း စက်ရုံတွေက ပိတ်လိုက်ရ၊ဖွင့်လိုက်ရနဲ့ စက်ရုံတွေရဲ့ထုတ်လုပ်မှုကလည်း ရာသီဉတုအခြေအနေအရလို့ပဲ ပြောရမယ်ထင်တယ်။အထွက်နှုန်းတွေလည်း နည်းတယ်လို့ ဒီနှစ်မှာမှတ်ချက်ပြုရမှာပါ။

မေး။ ။လက်ဖက်ဈေးနှုန်းတွေက ဒီနှစ်မှာဘယ်လောက်ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတာလဲ။

ဖြေ။ ။လက်ဖက်ဈေးကွက်တွေက ဒီနှစ်မှာ အနည်းဆုံး ၂၀ ရာခိုင်နူန်း၊ ၃၀ ရာခိုင်နှုန်းလောက်ထိ ကျသွား ပါတယ်။

မေး။ ။ကိုဗစ်ကာလက လက်ရှိမှာလည်းဖြစ်နေဆဲ နောက်ထပ်ဘယ်လိုမျိုးဖြစ်လာမယ်ဆိုတာလည်း မှန်းဆလို့ မရသေးတော့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ထိခိုက်မှုကိုတန်ပြန်ဖို့ လက်ဖက်ဈေးကွက်ကို ဘာတွေများ လက်ရှိမှာ ဆောင်ရွက်နေပါသလဲ။

ဖြေ။ ။လက်ဖက်ဈေးကွက်ကို ဖော်ဆောင်ဖို့က ကိုဗစ်နဲ့ဆက်စပ်ကြည့်မယ်ဆိုရင် ကျနော်တို့ အခုက စက်တင်ဘာလရောက်ပြီပေါ့နော်။လက်ဖက်ရာသီဆိုတာကတော့ ၁၁ လ နှောင်းပိုင်းဆိုရင် စိုက်ပျိုးမှုကနေ ထွက်ရှိလာတဲ့ လက်ဖက်ရွက်လေးတွေ ခူးဆွတ်မှုကပြီးပြီ။ဒါဆို ကျနော်တို့က လက်ဖက်ခူးဆွတ်မှုပြီးပြီလို့ ပြောရမှာပေါ့နော်။ရာသီလည်းကုန်ပြီပေါ့။ကုန်ပြီဆိုရင် တောင်ပေါ်မှာရှိနေတဲ့ စိုက်ပျိုးတာရယ်၊ထုတ်လုပ်တာတွေ ရယ်က နှစ်တိုင်းနှစ်တိုင်း ဒီအချိန်က နားကြရမှာပါ။စိုက်ပျိုးတဲ့အပိုင်းမှာရှိတဲ့သူတွေကတော့ နောက်နှစ်ဧပြီမှာ ပြန်စဖို့အတွက်ကို အားယူကြရမယ်။ခြံပိုင်ရှင်တွေကလည်း လက်ဖက်ခူးဆွတ်တဲ့အထိ ပြီးသွားရင် နောက်တစ်နှစ် အသစ်ထွက်ရှိလာမယ့် လက်ဖက်မျိုးတွေကောင်းဖို့အတွက် လက်ဖက်အမျိုးအစားတွေ အရည်အသွေးတွေနဲ့ စိုက်ခင်းတွေကောင်းဖို့အတွက်ကို အားယူကြရမယ်။ဆောင်ရွက်ကြရမှာဖြစ်တယ်။ပြည်တွင်းဈေးကွက်အနေနဲ့ ကလည်း မှန်းဆလို့မရတဲ့ လှိုင်းတွေများလာမလား။အဲဒီတော့ ဈေးကွက်တွေ ဘယ်လိုဖြစ်မလဲဆိုတာ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကလည်း ဒီဈေးကွက်ကို အမြဲစောင့်ကြည့်ပြီးတော့မှ ဈေးကွက်ကို ဒါ့ထက်လည်း တောင်သူတွေ ဒုက္ခမများရအောင်၊အခုထက်ပိုနည်းတဲ့ ဈေးနှုန်းတွေနဲ့ ဒုက္ခမရောက်ကြရအောင် အားလုံး လက်တွဲပြီးတော့မှ နိုင်ငံတကာ ဈေးကွက်သော်လည်းကောင်း၊ ပြည်တွင်းဈေးကွက်သော်လည်းကောင်းပေါ့နော်။ နောက်ထပ် ဈေးကွက်အသစ်တွေကိုထပ်ရှာပြီးတော့မှ ဈေးကွက်တွေ မယိုင်နဲ့သွားအောင် အားလုံးက ဝိုင်းဝန်းကြိုးစားနေ ကြပါတယ်။

မေး။ ။မြန်မာ့လက်ဖက်ကို ကြိုက်နှစ်သက်လို့ ကမ်းလှမ်းထားတဲ့ နိုင်ငံမျိုး၊ ဈေးကွက်ထိုးဖောက်ဖို့ စဉ်းစားလုပ်ဆောင်နေတဲ့ ပြည်ပနိုင်ငံမျိုး ရှိလား။

ဖြေ။ ။ရှိပါတယ်။ ကျနော်တို့ အသင်းအနေနဲ့လည်း အာဆီယံလက်ဖက်အဖွဲ့နဲ့ ဒေသတွင်း ချိတ်ဆက်မှုတွေ ရှိတယ်။ နည်းပညာဖလှယ်မှုတွေရှိတယ်။ စိုက်ပျိုးတဲ့အရည်အသွေးသော်လည်းကောင်း နည်းပညာသော်လည်း အာဆီယံဒေသတွင်းမှာလည်း နိုင်ငံတွေအချင်းချင်း ချိတ်ဆက်ပြီးတော့မှ နည်းပညာ ဖလှယ်တာတွေလည်း ရှိပါတယ်။ အဲဒီတော့ မြန်မာ့လက်ဖက်ကို စိတ်ဝင်စားမှုတွေက ရှိပါတယ်။ နှစ်စဉ်တိုင်းမှာလည်း နိုင်ငံတကာ ပြပွဲတွေ သွားလေ့ရှိပါတယ်။ အော်ဂဲနစ်နဲ့ ပတ်သက်တဲ့ပွဲတွေလည်း သွားလေ့ရှိပါတယ်။

တရုတ်ဈေးကွက်၊ကိုရီးယားဈေးကွက်စသဖြင့် ပြည်ပနိုင်ငံတွေရဲ့ဈေးကွက်တွေကိုလည်း ချိတ်ဆက်ပြီးတော့ သွားရောက်လေ့လာတာရှိပါတယ်။ အမေရိကန်မှာရှိနေတဲ့ နိုင်ငံတကာပြပွဲတွေမှာ ကျနော်တို့ မြန်မာနိုင်ငံ လက်ဖက်အသင်းနဲ့အတူ ကျနော်တို့ကိုထောက်ပံ့ကူညီနေတဲ့ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပြီးတော့မှ ဈေးကွက်အတွက် ဈေးပွဲတော်တွေမှာ ပြသတာတွေ၊ ရောင်းချတာတွေ၊ လေ့လာတာ တွေရှိပါတယ်။ ကျနော်တို့ရဲ့ မြန်မာလက်ဖက်ကို စိတ်ဝင်စားမှုတွေရှိပါတယ်။ အမေရိကန်၊ ယူကေ ၊ ဂျာမနီ နိုင်ငံတွေကနေ စိတ်ဝင်စားတာတွေရှိပါတယ်။

မေး။ ။ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသေးလားရှင့်။

ဖြေ။ ။ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် အခုလက်ရှိ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်အားလုံးကတော့ ဈေးကွက်အနေနဲ့ရော ထုတ်လုပ်သူရော၊ရောင်းချသူရော အားလုံးဟာ ဒီအချိန်မှာ ကပ်ရောဂါကြောင့်ရော အခြေအနေအမျိုးမျိုးကြောင့် အပြောင်းအလဲတွေကြောင့်ရော အရောင်းပါး၊ အဝယ်ပါး တွေ ဖြစ်နေကြတာပေါ့နော်။လုပ်ငန်းတွေ အရင်လိုမသွက်ဘူး။လုပ်ငန်းတွေ အေးနေတဲ့အချိန် ပါးနေတဲ့အချိန်မှာ ကျနော်တို့ရဲ့လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေက ထုတ်လုပ်မှုအပိုင်းမှာသော်လည်းကောင်း၊ စားသုံးမှု အပိုင်းမှာသော်လည်းကောင်း နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီးတော့မှ မိရိုးဖလာဆိုတဲ့ ထုတ်လုပ်မှုစနစ်ကနေမှ စနစ်ကျသော နိုင်ငံတကာနဲ့တန်းဝင်သော ထုတ်လုပ်မှုဆိုင်ရာသော်လည်းကောင်း၊ လက်ဖက်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေ ရှိပါတယ်။ ဒါတွေကို အွန်လိုင်းကနေ ဖြန့်ချိပြီးတော့မှ အခုလိုအရောင်းပါး၊ အဝယ်ပါးနေတဲ့ အချိန်မှာ အသင်းအနေနဲ့ သင်တန်းတွေ ပေးနေပါတယ်။ ပြောင်းလဲလာတဲ့ ဆက်သွယ်မှုပုံစံအရ zoom အစည်းအဝေးတွေကတစ်ဆင့် ပညာရပ်တွေသင်တန်းတွေ ပေးနေတာဖြစ်တဲ့အတွက် ကပ်ရောဂါပြီးသွားလို့ ဈေးကွက်တွေ ပြန်လည်ကောင်းမွန်လာတဲ့အချိန်ရောက်ရင် လက်ရှိထက် ကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေ ဆက်လက်ထုတ်လုပ်နိုင်မယ့် လုပ်ငန်းရှင်တွေ အများကြီးရှိလာနိုင်တယ်။ ဒါကြောင့် ကျနော်တို့မျှော်လင့်ချက် ကြီးကြီးနဲ့လုပ်ဆောင်နေပါတယ်။ ဈေးကွက်အနေနဲ့ကတော့ စိတ်မကောင်းစွာနဲ့ပဲ လုပ်ငန်းရှင်တွေ အားလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျဆင်းနေမှုကို ခံစားနေရပါတယ်။ ဒီ့အတွက်လည်း အသင်းအနေနဲ့ရော ကျနော် တစ်သီးပုဂ္ဂလအနေနဲ့ရော စိတ်မကောင်းပါဘူး။ ဒါကြောင့်လည်း ကျနော်တို့ ကြိုးစားနိုင်သလောက် အသင်းနဲ့အတူ အသင်းဝင်တွေအားလုံး ဈေးကွက်အတွက် ကြိုးစားနေပါတယ်။