CNI Interview
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၁
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်များကို ဇူလိုင်လ ၈ ရက်နေ့ကတည်းက ပိတ်ထားသည်မှာ ဒီကနေ့ အချိန်ထိ ဖြစ်ပြီး သုံးလကျော်ကြာမြင့်နေပြီဖြစ်သည်။ အဆိုပါ နယ်စပ်ဂိတ်များကို အားကိုးနေရသည့် ကုန်သည်များနှင့် အလုပ်သမားများအနေဖြင့် ခက်ခဲ ဆုံးရှုံးမှုများစွာဖြင့် ရင်ဆိုင်နေရကာ ယင်းကဲ့သို့ နယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ထားဦးမည်ဆိုပါက မြန်မာနိုင်ငံအတွက်သာမက ကုန်သည်လုပ်ငန်းရှင်များ အတွက်ပါ မည်သို့သော ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲ စသည်တို့နှင့် ပတ်သက်ပြီး မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဠ ဦးမင်းသိန်းကို CNI သတင်းဌာနက မေးမြန်းထားသည်။
မေး။ ။ အခုနယ်စပ်ဂိတ်ပိတ်ထားတဲ့ကာလမှာ အရှုံးပေါ်တဲ့ကုန်သည်တို့ ဆိုးဆိုးဝါးဝါးနစ်နာနေတဲ့ ကုန်သည် တို့ရှိလား။
ဖြေ။ ။ အရမ်းနစ်နာသွားတဲ့ကုန်သည်တွေဆိုရင် နံပါတ်တစ် ကြက်သွန်ကိုပြောမယ်။ ကြက်သွန်က အကြာကြီး ထားလို့မရဘူး။ သူတို့တန်းစီတယ်ဗျာ။ လေး၊ ငါး၊ ဆယ်ရက်၊ တစ်ပတ်၊ နှစ်ပတ်ပေါ့။ နှစ်ပတ်လည်းကျော်ရော နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ ကြက်သွန်တင်ကားကြီးကို ပြန်မောင်းလာ။ ၁၀၅ မိုင်မှာ အလကား ပေးရတဲ့အဖြစ်ကို ရောက်သွားတာ။ နည်းနည်းပါးပါးကောင်းတဲ့ဟာကျတော့ တစ်ပိဿာမှ ၂၀၀ ပဲပေး။ ဘယ်လောက်ပဲပေးဆိုပြီးတော့ ရောင်းချသွားတဲ့ကုန်သည်တွေကတော့ သူတို့က ရှုံးတာမဟုတ်ဘူး ဆုံးကို ဆုံးသွားတာ။ အခြားရှုံးတဲ့သူက ဘာတွေရှုံးတုန်းဆို ဆန်တွေ ဆန်ကွဲတွေ သယ်လာတယ်။ အဲ့တုန်းက ကားခ သုံးထောင်လောက်ရှိတယ်။ ဒီရောက်တော့ တရုတ်ပြည်ထဲမသွားရဘူး။ မသွားရတော့ ဗမာပြည်ကို ပြန်ချတယ်။ ဗမာပြည်ကို ပြန်ချပြီးတော့ ပြန်ပြီးတော့ ပြန်သယ်မယ် ငါတို့ ပိုက်ဆံလည်းလိုပြီ တရုတ်ကလည်း ဘယ်လောက် ကြာမယ်မှန်း မသိသေးဘူးဆိုပြီးတော့ ဗမာပြည်ကို ပြန်ချတော့လည်း အခုလောင်စာဆီစျေးတွေက တက်တော့ စရိတ်ကတအားမြင့်တယ်။ အသွားအပြန်ကို သူက တစ်ရက် ၈၀၀၀ လောက်ဆုံးနေပြီ အဲ့မှာတင်။ အဲ့လိုရှုံးတာ။ ဆုံးတဲ့သူလည်းရှိသလို ရှုံးတဲ့သူလည်း ရှိတယ်။ တချို့အရင်းပြုတ်သွားတဲ့သူတောင်ရှိတယ်။ အရင်း နည်းနည်း ပါးပါးနဲ့ လုပ်သွားတဲ့သူတွေက ဘာမှ ရှေ့လည်းမတိုးနိုင် နောက်လည်းမဆုတ်နိုင်နဲ့ လည်စင်းပြီးခံသွားရတဲ့သူတွေ အများကြီးရှိတယ်။
မေး။ ။ တရုတ်နယ်စပ်ဂိတ်ပိတ်ထားတာကြောင့် ဘယ်လိုကုန်တွေထိခိုက်လဲ။
ဖြေ။ ။ Import က လာမယ်ဆိုရင်လည်း ဘာတွေလာမလဲဆိုတော့ နံပါတ်တစ် ကျနော်တို့ လယ်ယာ စိုက်ပျိုးရေးမှာ အများဆုံးအသုံးပြုရတဲ့ ဓာတ်မြေဩဇာ၊ နံပါတ်နှစ် ဆောက်လုပ်ရေးပစ္စည်းတွေ၊ နံပါတ်သုံး လျှပ်စစ်ပစ္စည်းတွေ၊ နံပါတ်လေး စားကုန်သောက်ကုန်ပစ္စည်းတွေ ဒါမျိုးတွေ တရုတ်ပြည်ဘက်ကဝင်တယ်။ အဲဒီတော့ အခု တရုတ်ပြည်ကမလာနိုင်တော့ဘူး။ အဝင်ကိုလည်း စောနကပြောတဲ့ ဆန်တို့၊ ပဲတို့၊ ပြောင်းတို့၊ ဖရဲတို့၊ ရေထွက်ပစ္စည်းတို့ ဒါတွေလည်း မသွားနိုင်တော့ဘူး။ ဒါတွေက အဓိကကုန်ပစ္စည်းတွေပဲ။ ပြည်တွင်းမှာပါ ထိခိုက်တယ်လေ။ အခုဆောက်လုပ်ရေးပစ္စည်းတွေ စျေးတက်သွားပြီ။ ကြက်သွန်ဖြူမလာလို့ ကြက်သွန်ဖြူ စျေးတွေတက်သွားပြီ။ ခေါက်ဆွဲဖာတွေမလာတော့ ခေါက်ဆွဲဖာတွေစျေးတက်သွားပြီ။ နောက်ဆုံးတစ်သျှူးကအစ စျေးတက်သွားတယ်။ တရုတ်ပြည်ကလာတဲ့တစ်သျှူးကအစ။ အဲဒီလိုတွေဖြစ်နေတယ်။
မေး။ ။ တရုတ်ဘက်ကို ပို့လို့မရတော့ ပြည်တွင်းမှာပဲ ပို့တဲ့အခါမှာရော ဘယ်လိုအခြေအနေရှိလဲ။ တရုတ်နဲ့ ပြည်တွင်း ကွာဟချက် ဘာတွေရှိမလဲ။
ဖြေ။ ။ ဖရဲသီးကို တရုတ်ပြည်ကလည်းတော်တော်လေးဝယ်ကြတယ်။ တရုတ်ကလည်း ပိတ်သွားရော အဲဒီ ဖရဲသီးက တရုတ်သွားလို့မရတော့ဘူး။ အထားလည်းမခံတော့ ဗမာပြည်မှာရောင်းရတယ်။ အရင်တုန်းက တရုတ်ပြည်ကိုရောင်းရင် တစ်လုံးကို ဗမာငွေ ၂၀၀၀ ရတဲ့ဖရဲသီးက ဒီမှာ ၂၀၀ နဲ့လည်းရောင်း၊ ၃၀၀ နဲ့ လည်းရောင်း၊ ၄၀၀ နဲ့လည်းရောင်း အဲ့လိုရောင်းလိုက်ရတာ။ ဒီချိန်ကဖရဲသီးစစိုက်ရမယ့်အချိန်ရောက်ပြီ။ တရုတ်ပြည်ကို ကြည့်နေတာ။ တရုတ်ပြည်ဂိတ်သာမဖွင့်ရင် သူတို့က ဆက်ပြီးတော့ မစိုက်တော့ဘူး။ ဘာလို့ဆို စိုက်လိုက်လို့ စိုက်စရိတ်ကလည်း တအားမြင့်တယ် မနှစ်ကနဲ့မတူဘူး။ တကယ်လို့များ ဖရဲသီးပေါ်ချိန်မှာ တရုတ်ဂိတ်တွေဟာ ပိတ်ထားမြဲပိတ်ထားဆဲဆိုရင်တော့ သွားပြီ။ ရှုံးတာမှ ခွက်ခွက်လန်အောင်ရှုံးတာ။ ဒါကြောင့် ဖရဲသီး ဧကတော်တော်များများစိုက်မယ့်သူတွေက ကြည့်နေကြတာ။ တချို့ကတော့ မစိုက်ရဲဘူး။ သူတို့ စိုက်လိုက် လို့များ တကယ်လို့ ဖရဲသီးပေါ်ချိန် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လောက်မှာမှ တရုတ်ကမဖွင့်သေးဘူးဆိုရင် သွားပြီ။ ပြည်တွင်းမှာ ရောင်းလို့ရတယ် စျေးပေါပေါနဲ့ရောင်းရမှာ။
မေး။ ။ လက်ရှိမှာတရုတ်နယ်စပ်ဂိတ်တွေအားလုံးပိတ်ထားရတဲ့အနေအထားပေ့ါ။ ဒီလိုသာ ဆက်ပြီး ပိတ်ထားမယ်ဆိုရင် မြန်မာဘက်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသွားနိုင်လဲ။
ဖြေ။ ။ ကျနော်ကတော့ နယ်စပ်ကိုမှီခိုပြီးလုပ်စားနေရတဲ့ ကုန်သည်တစ်ယောက်အနေနဲ့ပြောပြော၊ နယ်စပ်မှာ အခုဖြစ်ပေါ်နေတဲ့လုပ်ငန်းရှင်တွေရဲ့အခက်အခဲကိုပဲပြောပြော အခုလိုမျိုး တရုတ်-မြန်မာ ကုန်သွယ်ရေး နယ်စပ် ဂိတ်တွေကို ပိတ်လိုက်တာကတော့ နိုင်ငံတော်အနေနဲ့လည်း အများကြီးထိခိုက်တယ်။ ကျနော်တို့လို ကုန်သည် တွေအနေနဲ့လည်းအများကြီးထိခိုက်တယ်။ ကုန်စည်ပို့ဆောင်တဲ့ယာဉ်မောင်းတွေအနေနဲ့လည်း အများကြီး ထိခိုက် တယ်။ နောက်တစ်ခါ ကျနော်တို့ ကုန်သည်တွေကို မှီခိုပြီးတော့ လုပ်ကိုင်စားသောက်နေရတဲ့ ကုန်ထမ်းတဲ့ အလုပ်သမားတွေဆို ပိုဆိုးသေးတယ်။ စားဝတ်နေရေးပါအခက်အခဲရှိတယ်။ နယ်စပ်ဂိတ်တွေသာ ဒီလို ပိတ်ထား မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာနိုင်လဲဆိုရင်တော့ တစ်ရက်ကနေ နှစ်ရက် တစ်လ ကနေ နှစ်လ အဲဒီလိုသာ ဆက်ပိတ်သွားမယ်ဆိုရင်တော့ နိုင်ငံတော်အတွက်လည်း အများကြီးထိခိုက်တယ်။ ကျနော်တို့ ကုန်သည်တွေအနေနဲ့လည်း အများကြီးထိခိုက်တယ်။ နောက်တစ်ခါ ကုန်သည်တွေနဲ့ပတ်သက်ပြီးတော့ ဆက်နွယ် နေတဲ့ လုပ်ငန်းအမျိုးမျိုးဟာလည်း အများကြီးထိခိုက်တယ်။
မေး။ ။ တကယ်လို့ နယ်စပ်ဂိတ်က ဆက်ပြီးပိတ်ထားဦးမယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ကြမလဲ။
ဖြေ။ ။ ဆန်သမားတွေက ဒီအချိန်ဆန်ပေါ်ပြီ။ အောက်တိုဘာ ၁၅ ဆို တစ်နိုင်ငံလုံးပေါ်ပြီ။ တို့ကတော့ နိုဝင်ဘာလကုန်အထိ စောင့်ကြည့်မယ်။ အန်ကယ်က ဆန်သမားဆိုတော့ ဆန်သမားအနေနဲ့ နိုဝင်ဘာလ လယ်လောက်မှ မရရင် တရုတ်ပြည်လုပ်ငန်းကိုရပ်ပြီးတော့ တခြားတနေရာပေါ့ မြဝတီတို့ ဘာတို့ဘက်ကို ပြောင်းလုပ်မယ်လို့တော့ဆုံးဖြတ်ထားတယ်။ ဒါ ကျနော်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပေါ့။ ကျန်တဲ့ သူတွေလည်း ဒီလိုသာ ကြာရှည်စွာဂိတ်ကြီးပိတ်ထားမယ်ဆိုရင်တော့ တခြားလုပ်ငန်းတစ်ခုကို ပြောင်း ရတော့မှာပေါ့။
မေး။ ။ တခြားဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ။ ။ တခြားဖြည့်စွက်ပြောချင်တာကတော့ အမြဲတမ်းပြောနေကျစကားပဲပေါ့။ ဒီ ဂိတ်တွေကို အမြန်ဆုံးပြန်ဖွင့်ပေးပါလို့ပဲ တောင်းဆိုရမှာပဲ။