CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၂
တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသား လက်နက်ကိုင်တွေ ရေးထိုးခဲ့တာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဆိုရင် (၆)နှစ်ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေး အကျပ်အတည်းဖြစ် ပေါ်နေပြီး NCA အရ နိုင်ငံရေးဆွေးနွေးမှုတွေဟာလည်း ရပ်တန့်ပါတယ်။
ဒါကြောင့် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲကနေ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)က တာဝန်ရှိသူတွေကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။
ပဒိုစောတောနီး (နိုင်ငံခြားရေးတာ၀န်ခံ) ကရင်အမျိုးသားအစည်းအရုံး(KNU)
မေး ။ ။ တချို့က ပြောကြတယ် NCA က ပျက်ပြီဆိုပြီး တချို့ကလည်း မပျက်ဘူးပေါ့။ ဒီအပေါ်မှာ ဆရာတို့ သဘော ထားကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျနော်တို့ သဘောထားက တောက်လျှောက်ပဲ ထုတ်ပြန်ပြောပြီးပြီလေ အာဏာသိမ်းပြီးကတည်းက အဲဟာလည်း စကား ကြီး စကားကျယ် လျှောက်ပြောမနေတော့ဘူး။ အလုပ်လုပ်စရာရှိတာ ကျနော်တို့ ကြိုးစားပြီး လုပ်နေကြတာပဲ။ NCA က ခေါင်းထဲကို မထည့်ထားတော့ဘူး။ ဒါပေမယ့် ပြောတဲ့လူလဲ ပြောနေကြတာပဲလေ။
မေး ။ ။ NCA ၆ နှစ်ပြည့်နဲ့ ပတ်သက်ပြီး ဘာမျှဖြည့်စွက်ပြောကြားလိုသေးလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ဘာမှ ထူးခြားတာ မရှိပါဘူး။ ကျနော်တို့က အလုပ်လုပ်တဲ့ အခါမှာ ယုံကြည်မှုနဲ့ အလုပ်လုပ်နေတဲ့အခါ သိတဲ့အတိုင်းပဲလေ NCA ထိုးလိုက်တယ်ဆိုလည်း ကျနော်တို့ ယုံကြည်မှုက ဘာလဲဆိုတော့ ကျနော်တို့က နိုင်ငံရေး ဆွေးနွေး ပွဲကို တက်ပြီးတော့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းမယ်။
နိုင်ငံရေးအသစ်၊ ယဉ်ကျေးမှုအသစ်ဆိုပြီးတော့ NCA မှာ ပါပြီးသား။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ ကြုံရတဲ့အခါ ကြ တော့ NCA က တစ်ချက်မှ မလိုက်ဘူးကွာ။ ပေါက်တတ်ကရ အကုန်လုံးဖောက်ပြီးတော့ တစ်ချက်မှ ကတိမတည်တဲ့ လူနဲ့ ကျနော်တို့ ဘယ်လိုရှေ့ဆက်သွားမလဲ။ ကျနော်ကတော့ ပြောကို မပြောချင်တော့ဘူး။
ဒါကြောင့်မို့လို့ ကျနော်ပြောချင်တာက ဒီနိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တခြားနည်းလမ်း ရှိရင်လည်း ကျနော်တို့ ရှာမှာပဲ။ နောက်ပြီးတော့ ဖြစ်နိုင်တဲ့ နည်းကို ကျနော်တို့ အတတ်နိုင်ဆုံး လုပ်မယ်။ တစ်ခုသေချာတာ ပြောချင် တာက အာဏာသိမ်းတာ ကျနော်တို့ လုံးဝလက်မခံဘူး။ အာဏာသိမ်းဆန့်ကျင်တဲ့ သူနဲ့ ကျနော်တို့ လက်တွဲပြီး လုပ်သွား မယ်။ အခက်အခဲ ဘယ်လိုပဲရှိရှိ စိန်ခေါ်မှု ဘယ်လိုပဲရှိရှိ အတတ်နိုင်ဆုံး နည်းလမ်းတွေနဲ့ လက်ချင်းတွဲပြီးတော့ လုပ်သွားမှာ ပဲ။ ဒါက လက်ခံလို့ကို မရတဲ့ ကိစ္စ ဒါက ကျနော်တို့ရဲ့ သိက္ခာပဲ။
ဒေါ်စောမြရာဇာလင်း (ဗဟိုအလုပ်အမှုဆောင်) ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)
မေး ။ ။ တချို့က ပြောကြတယ် NCA က ပျက်ပြီဆိုပြီး တချို့ကလည်း မပျက်ဘူးပေါ့။ ဒီအပေါ်မှာ ဆရာမတို့ သဘောထားကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ ဥပမာ လူတွေက အထင်နဲ့ အမြင်နဲ့ပဲ ပြောနေကြတာ အခုထိ ရှိနေဆဲလေ။ NCA ကို လက်မှတ်ထိုးတဲ့ထဲမှ EAO ၁၀ ဖွဲ့ ဖြစ် တယ်။ EAO ၁၀ ဖွဲ့ကလည်း NCA ပျက်သွားပြီဆိုတာကို တရားဝင် မပြောသေးဘူး။ ထိုနည်းလည်းကောင်း အစိုးရ လွှတ်တော်၊ တပ်မတော်ပါခဲ့တယ်။ အခုလွှတ်တော် မရှိဘူး။ အစိုးရကတော့ အငြင်းပွားတာပေါ့လေ။ တချို့ကလည်း လက်ရှိအစိုးရကို အတည်ယူတယ်။ တချို့ကလည်း အငြင်းပွားနေဆဲဖြစ်တယ်။ ဒါပေမယ့် တပ်မတော်ကတော့ ရှိတယ်။ တပ်မတော် မရှိဘူးဆိုတာတော့ ပြောလို့မရဘူး။ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမတို့ကတော့ ဒီ NCA ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းသည် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရဘူး။ စစ်ရေးနဲ့ ဖြေရှင်းလို့ မရတော့ဘူး။ ဒီမြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ကျမတို့ စားပွဲဝိုင်းမှာ အေးအေးဆေးဆေးနဲ့ ဖြေရှင်းဖို့ လိုတယ်။ ပြီးလို့ရှိရင် ပွင့်ပွင့် လင်းလင်း ပြောဆိုဆွေးနွေးနိုင်တဲ့ အခင်းအကျင်း တစ်ခုဖြစ်ဖို့လိုတယ်။
ဘာကြောင့် ဒီလို တိုက်ပွဲသံသရာမှ နှစ်ပေါင်းရာချီပြီးမှ ရှိနေမှာလဲ။ ဘယ်သူပဲ သေသေ၊ တပ်ကပဲ သေသေ၊ တိုင်းရင်းသား ဘက်ကပဲ သေသေ၊ ဘယ်သူပဲသေသေ ကိုယ်တို့ရဲ့ ညီကိုမောင်နှမတွေ သားသမီးတွေ သေနေကြတာပဲ။ ဒီအနိဋ္ဌာရုံတွေကို ကျမတို့ ဆက်သယ်နေမှာလားဆိုတဲ့ စဉ်းစားချက်တွေ ကြောင့်ပဲ။ ဒါကြောင့် ကျမတို့က ဒီ NCA ဆိုတာ ပေါ်ပေါက်လာရခြင်း ဖြစ်တယ်။ ဒါကို မရှိတော့ဘူးလို့ ပြောလိုက်ရင် သံသရာဆိုးကြီးကို ဆက်သွားရမယ့် သဘောမျိုးဆိုပြီး လက်ခံတယ်။
ကျမအနေနဲ့လည်း အင်မတန်ကို တိုက်ဖို့ ဝါသနာပါခဲ့တယ်။ ကျမတို့က လက်နက်ကိုင်နည်းလမ်းနဲ့ပဲ အဓိက တိုက်ပွဲဝင်မယ် ဆိုပြီးတော့ သန္နိဋ္ဌာန်နဲ့ပဲ တော်လှန်ရေးမှာ ကြိုးပမ်းခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှ မနိုင်ဘူး။ အစိုးရလည်း မနိုင် ဘူး။ ဒီတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေလည်း မနိုင်ဘူး။ သံသရာပဲ ရှည်နေတယ်။ သံသရာပဲ ရှည်နေတယ်ဆိုတော့ နှစ်ဖက်စလုံးက သုံးသပ်ဖို့လိုတယ်။ ကိုယ်မနိုင်၊ သူမနိုင်မဖြစ်ပဲနဲ့ ကိုယ်နိုင် သူနိုင်ဖြစ်ဖို့လိုတယ်။ ကိုယ်လည်း နိုင်ရမယ်။ သူလည်း နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကတော့ ဆွေးနွေးရေးလမ်းကြောင်းပဲ။ အဲတာကို နိုင်ငံတော် ကို အုပ်ချုပ်နေတဲ့ အစိုးရတိုင်းလည်း နားလည်ဖို့လိုသလို ကျမတို့ တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးလည်း နားလည်ဖို့လိုတယ်။
မေး ။ ။ လာမည့် အောက်တိုဘာ ၁၅ ရက် ဆိုရင် NCA (၆)နှစ်ပြည့်ပြီးပေါ့နော်။ ဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ဖို့ ရှိလဲ။ ဘာမျှပြောကြားလိုပါသလဲ။
ဖြေ ။ ။ ကျမတို့က ထူးထူးခြားခြား ပြင်ဆင်ထားတာ မရှိဘူး။ ဒါပေမယ့် ကျမတို့ စိတ်ထဲရင်ထဲမှာ NCA ဆိုတာ ရှိနေဆဲဖြစ်တယ်။ ဒီ NCA ရဲ့ အနှစ်သာရကို မပျက်အောင်သွားဖို့ ဆန္ဒက ကျမတို့ ရင်ထဲမှာ ရှိတယ်။ ကျမတို့ EAO ထဲမှာတော့ Statement ထုတ် ကြမယ်လို့ ထင်ပါတယ်။ Statement ထွက်လာလိမ့်မယ်ထင်ပါတယ်။
မေး ။ ။ NCA (၆) နှစ်ပြည့်နဲ့ ပတ်သက်ပြီး ဘာမျှဖြည့်စွက် ပြောကြားလိုသေးလဲ။
ဖြေ ။ ။ ကျမတို့ကတော့ ဒီအနှစ်သာရကို လုံးဝပြစ်ပယ်လို့ မရဘူး။ ခုလောလောဆယ်မှာတော့ NCA ပါနေတဲ့ အကြောင်းအရာတွေ ကို ဆွေးနွေးလို့ မရဘူးဆိုတဲ့ အနေအထားဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် တစ်တိုင်းပြည်လုံးရဲ့ အနာဂတ် ကြည့်တဲ့အခါမှာ ရခိုင်၊ မွန်၊ ရှမ်း စသည့်အားဖြင့် ခွဲပြီး ကြည့်ချင်းမျိုး မဟုတ်ဘဲ။ တစ်တိုင်းပြည်လုံးရဲ့ အနာဂတ် ပြည်သူတွေမှာ ရှိနေတဲ့ အနာဂတ်ကို ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ဖက်ဒရယ်နိုင်ငံ အစစ်မထူထောင်လို့ မရတော့ဘူး။
ကျမတို့က ဘာကြောင့် ဖြစ်နေလဲဆိုလို့ရှိရင် ရပိုင်ခွင့်တွေ ဆုံးရှုံးနေလို့ဖြစ်တယ်။ ကိုယ့်ရဲ့ ဘဝကို ကိုယ်တို့ မဖန်တီးနိုင်လို့ ဖြစ်တယ်။ အဲတာကြောင့် ဒါကိုတော့ အားလုံး နားလည်တယ်ဆိုလို့ရှိရင် ဒီပြဿနာကို မဖြေရှင်းနိုင်စရာမရှိဘူး။ အတ္တကို လျှော့ဖို့လိုတယ်။ အတ္တကို ကိုယ်စီကိုယ်စီ လက်ကိုင်ထားမယ်ဆိုရင် ဒီသံသရာ ဝဲဂယက်ထဲက ကျမတို့ ထွက်ရမှာ မဟုတ် ဘူး။
အဲတာကြောင့်မို့ အားလုံးက အတ္တကို ဖယ်ပြီးတော့မှ တိုင်းပြည်တစ်ခုလုံးရဲ့ ပြည်သူများရဲ့ အနာဂတ် တိုင်းပြည်ရဲ့ အနာဂတ် ဆိုတာမျိုးကို ကျမတို့ ကြည့်ဖို့လိုတယ်။ ကျမတို့ နိုင်ငံတကာသွားပြီဆိုရင် နိုင်ငံတကာရဲ့ အေးချမ်းတည်ငြိမ်မှုတွေ ပျော်စရာ ကောင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ဒေါသ မရှိဘူး။ လူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်စေ့ နေထိုင်နိုင် ကြတယ်။ ဒါကို ကျမတို့အားကျတယ်။ ဒီလိုနိုင်ငံမျိုးကိုပဲ ကျမတို့ ဖြစ်စေချင်တယ်။
ဗိုလ်မှူးကြီး စိုင်းငင်း (အတွင်းရေးမှူး-၂) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)
မေး ။ ။ တချို့က ပြောကြတယ် NCA က ပျက်ပြီဆိုပြီး တချို့ကလည်း မပျက်ဘူးပေါ့။ ဒီအပေါ်မှာ ဆရာတို့ သဘောထားကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျနော်တို့ ဘက်က ရှင်းပါတယ်။ RCSS အနေနဲ့ရော PPST အစုအဖွဲ့အနေနဲ့ရော စစ်တပ်ကနေပြီး အာဏာသိမ်း ပြီးတဲ့နောက် ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ထုတ်ပြန်ထားတာ ရှိပါတယ်။ NCA အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်း တွေတော့ လက်ရှိ အနေအထားအရ ဆောင်ရွက်နိုင်ခြင်းမရှိဘူး။ အဲတာ တစ်ချက်ပေါ့။ ဒါပေမယ့် NCA ရဲ့ အနှစ်သာရကို ဆွဲကိုင်ပြီးမှ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ သဘောထားရှိတယ်ဆိုတဲ့ အနေအထားဖြစ်တယ်။
ကျနော်တို့အနေနဲ့က NCA ဟာ မပျက်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တပ်မတော် ရော၊ ကျနော်တို့ EAO ရော နှစ်ဖက်စလုံးကပဲ ဒီ NCA ဟာ ဆက်လက်ရှိနေပါသေးတယ်။ ဆက်လက် ဆုပ်ကိုင်နေပါသေး တယ်ဆိုတဲ့အတွက် NCA မပျက်သေးဘူးလို့ပဲ အဲလိုမြင်ပါတယ်။ ဒါပေမယ့် ခုနက ပြောသလိုပေ့ါ။ ဒီ NCA မပျက်ဘူး ဆိုပေ မယ့်လည်း NCA အရ NCA အကောင်အထည် ဖော်ဆောင်ရွက်ရေးတွေတော့ မလုပ်နိုင်ဘူး။ ပြောမယ်ဆိုရင် အခု အနေ အထား အဲလို ဖြစ်ပါတယ်။
မေး ။ ။ လာမည့် အောက်တိုဘာ ၁၅ ရက်နေ့ဆိုရင် NCA (၆)နှစ်ပြည့်ပြီး ဆိုတော့အဲဒါနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ဖို့ ရှိလဲ။ ဘာမျှပြောကြားလိုလဲ။
ဖြေ ။ ။ အခု ကျနော်တို့ RCSS အနေနဲ့ရော PPST အနေနဲ့ရော ကျနော်နားလည် သလောက်ဆိုရင်တော့ လာမယ့် နှစ်ပတ်လည် (၆) နှစ် ပြည့်အတွက်တော့ ထုတ်ပြန်ကြေညာချက် ထုတ်ကြမယ်လို့တော့ နားလည်တယ်။ ခါတိုင်းနှစ်ကြတော့ အခမ်းအနားတွေ လုပ်ကြတာပေါ့။ ဒီနှစ်ကြတော့ နိုင်ငံရေး အခြေအနေအရရော ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအရရော ပူးတွဲလုပ် နိုင် မယ့် အနေအထား မရှိဘူးပေါ့။ ဒါကြောင့် ချုပ်ပြီးပြောရမယ်ဆိုရင်တော့ ခုလောလောဆယ် NCA နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေတော့ Statement မှာပဲ သဘောထားတော့ ထည့်ပြီး ထုတ်ပြန်မယ်လို့ နားလည် တယ်။
မေး ။ ။ NCA (၆) နှစ်ပြည့်နဲ့ ပတ်သက်ပြီး ဘာမျှဖြည့်စွက် ပြောကြားလိုသေးလဲ။
ဖြေ ။ ။ အခုလက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ကျနော်တို့ RCSS အနေနဲ့က နောက်ဆုံး တနေ့ကျရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကနေပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ အဖြေရှာဖို့က အကောင်းဆုံး နည်းလမ်းလို့ မြင်တာပေါ့။ ဒါကြောင့် ခုနပြောသလို ကျနော်တို့ RCSS ဖြစ်စေ၊ PPST ဖြစ်စေ၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကိုပဲ ဦးတည်ပြီးတော့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်ဆိုတာကို ပြောကြားလိုပါတယ်။