CNI Exclusive Interview

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်၊ တရုတ်၊ EU နိုင်ငံများက အာဆီယံကို ဦးတည်၍ ကြိုးပမ်းလျက်ရှိသည်။ ယခု ရက်ပိုင်းအတွင်းမှာလည်း အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အာရီဝမ်ယူဆွတ် မြန်မာနိုင်ငံသို့ လာရောက်၍ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံ ဆွေးနွေးရန် ရှိ သည်။

တချို့ကလည်း အာဆီယံသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်မည့် အခြေအနေမရှိကြောင်း သုံးသပ်လျက်ရှိနေသလို အာဆီယံအပေါ် အားမလို အားမရဖြစ်နေကြသည်။တခြားတစ် ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောင်းဆိုနေကြသလို တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံ မစေ့စပ်တမ်း အပြုတ်တိုက်ရေးကို အားသန်နေကြသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ အာဆီယံထိပ်သီး အစည်းအဝေးက ဒီလထဲမှာ ကျင်းပမယ်ဆိုပြီး ပြောနေကြတယ်၊ ဆိုတော့ အာဆီယံအစည်းအဝေးက မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိ အရေးပါတယ်လို့ ဆရာတို့ လေ့လာတွေ့ရှိ မိထားလဲ။

ဖြေ ။ ။ ဟုတ်ကဲ့ အာဆီယံကတော့ ပြောမယ်ဆိုလို့ရှိရင် ဒီအခု အာဆီယံနိုင်ငံတချို့ပေါ့ဗျာ။ အထူးသဖြင့် မလေးရှားတို့၊ အင်ဒိုနီးရှားတို့ပေါ့ စသဖြင့်က ပြီးခဲ့တဲ့ အာဆီယံနိုင်ငံများထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကနေပြီးတော့ မြန်မာပြည်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ၅ ချက်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ အကောင်အထည် ဖော်တဲ့နေရာမှာ နှေးကွေးနေတဲ့သဘောပေါ့နော်။ ဒါနဲ့ပတ်သက်လို့ မကျေလည်တဲ့ သဘောလည်းရှိနေကြ တယ်။

ဒါကြောင့်မလို့ ဒီထိပ်သီး အစည်းအဝေးကို မဖိတ်ဖို့ဆိုတဲ့ဟာမျိုးထိတောင် တိုက်တွန်းပြောဆိုနေကြတာ ရှိတာပေါ့။ ဒါပေမယ့် နောက်ဆုံး အခြေအနေဘယ်လိုတိုးတက်သလဲဆိုတာတော့ ကျနော်တို့ မပြောတတ် သေးဘူး။

မေး ။ ။ အခုဆိုရင် အာဆီယံက လာမယ့် အစည်းအဝေးမှာ နစကဥက္ကဋ္ဌကို မဖိတ်ဖို့ဆိုတဲ့ဟာမျိုးတွေအထိ ဆွေးနွေးလာတယ်ပေါ့လေ။ ဆိုတော့ နစကဥက္ကဋ္ဌကို မဖိတ်ခဲ့ဘူးဆိုရင် မြန်မာ့နိုင်ငံရေးအခြေအနေက ဘယ်လို အပြောင်းအလဲရှိနိုင်လဲ၊ ဖိတ်ခဲ့တယ်ဆိုရင်ရော ဘယ်လိုပုံစံဆက်ပြီးတော့ အပြောင်းအလဲဖြစ်နိုင်လဲ။

ဖြေ ။ ။ ဟုတ်ကဲ့ ဖိတ်ခဲ့တယ်ဆိုရင်တော့ ကျနော် မအံ့သြဘူးပေါ့နော်၊ ဘာလို့လဲဆိုတော့ အာဆီယံက သိတဲ့အတိုင်းပဲ အားလုံးကျေလည်မှ ဆုံးဖြတ်လို့ရတဲ့ အနေအထားပါ။ နောက်တစ်ခုက သူ့ရဲ့ အခြေခံမူက လည်း ပြောမယ်ဆိုရင် တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘူးဆိုတဲ့ အနေအထားအောက်မှာ သွား တယ်ဆိုတော့ ဖိတ်မယ်ဆိုလည်း ကျနော်သိပ်တော့ မအံ့သြဘူးပေါ့။

ဒါပေမယ့် မဖိတ်ဘူးဆိုတဲ့ အသံတွေ ထွက်လာတာပေါ့၊ အသံတွေထွက်လာတော့ ဒါက တော်တော်လေး စဉ်းစား စရာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ အာဆီယံကနေပြီးတော့ အထူးသံခန့်အပ်ထားတဲ့ ဘရူးနိုင်းသံအမတ်ပေါ့ဗျာ။ သူနဲ့ပတ်သက်လို့ လက်မခံနိုင်ရလောက်အောင် ကျနော်တို့ဘက်က ဘာတွေ အခက်အခဲ သိပ်ဖြစ်နေလဲပေါ့။ ဒါ စဉ်း စားဖို့လိုတယ်လို့ ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံအများစုကတော့ အာဆီယံက ဗဟိုချက်မှလိုလုပ်ပါ၊ မြန်မာပြည်ကိစ္စကို ဖြေရှင်းပါဆို ပြီး တိုက်တွန်းနေတာလေ။ အထူးသဖြင့်တော့ ဒီအနောက်နိုင်ငံတွေလည်းရှိတယ်။ နောက်တစ်ခါ တရုတ်နိုင်ငံကအစ ဂျပန်အဆုံးပေါ့။ အားလုံးက အာဆီယံက လုပ်ပါလို့ တိုက်တွန်းနေတဲ့ အနေအထားမှာ အာဆီယံက မအောင်မြင်ဘူးပေါ့ဗျာ။ ဒီလို အနေအထားမျိုး ဖြစ်သွားမယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ နောက်ပိုင်း နိုင်ငံတကာ သံတမန်ရေး ဝင်ရောက်ဖြေရှင်းတဲ့ ကိစ္စတွေ တော်တော်များများမှာ ကျနော်ထင်တယ် အဖု အထစ်တွေရှိမယ်လို့ ထင်တယ်။

နောက်တစ်ခုကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့်တော့ EU နဲ့ အမေရိကန်ပေါ့ သူတို့အနေနဲ့က မြန်မာ ပြည် အရေးကို ကိုယ်ထိလက်ရောက် ဝင်မလုပ်ချင်လှဘူးပေါ့ဗျာ။အဲအနေအထားမှာ ကဲအာဆီယံရှေ့က လုပ်ပါဆိုတဲ့ အနေအထားမျိုးထားတာ အဲတော့ အာဆီယံနဲ့တောင်မှ အလုပ်မဖြစ်ဘူးဆိုရင် ပြောမယ်ဆိုရင် ကျနော်တို့ စစ်ကောင်စီအနေနဲ့က အနောက်နိုင်ငံတွေကို ကဲပိုပြီးတော့ အရေးယူပါ ပိုပြီးလုပ်ပါဆိုတဲ့ဟာမျိုး ကိုယ့်ဘာသာကို တွန်းအားပေးတဲ့ အနေအထားမျိုး ဖြစ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ ဟုတ်ကဲ့ ဒါဆို အခုဆိုရင် အာဆီယံကနေ မြန်မာ့အရေးကို လုပ်ဖို့ နိုင်ငံတကာကလည်း အားပေး နေတာပေါ့။ ဒါပေမယ့် အာဆီယံကလည်း ထင်သလောက် မလုပ်နိုင်ဘူး၊ ဆိုတော့ ဆရာပြောသလိုပဲ အာဆီယံက နောက်ဆုတ်သွားပြီး အနောက်နိုင်ငံတွေက နိုင်ငံရေးအရ ဖိအားပေးတာတွေ ပိုများလာတယ်၊ ဆန်ရှင်ပိတ်တာတွေ ပိုများလာမယ်ဆိုရင် မြန်မာနိုင်ငံရေး အခင်းအကျင်းက ဘာတွေ ဆက်ဖြစ်နိုင်လဲ၊ ဘယ်လို အပြောင်း အလဲတွေဖြစ်နိုင်လဲ။

ဖြေ ။ ။ ဟုတ်ကဲ့ အခုအနေအထားမှာတော့ဗျာ၊ နိုင်ငံအများစု တိုက်တွန်းနေတာက တွေ့ဆုံ ညှိနှိုင်းရေးပေါ့၊ ဒီအနေအထားက မအောင်မြင်နိုင်သေးဘူးပေါ့ဗျ။ ကျနော်တို့ ကြန့်ကြာဦးမယ်လို့ တွက်လို့ရပါတယ်။ နောက် တစ်ခုကကျတော့ အခု အာဆီယံမှာ အထူးသံခန့်တဲ့အနေအထားက ဒီနှစ်ကုန်ထိပဲဗျ။ ဘရူနိုင်းက အခုလက်ရှိမှာ ဥက္ကဋ္ဌပေါ့။ အဲအနေ အထားမှာ အလှည့်ကျ ဥက္ကဋ္ဌက ကမ္ဘောဒီးယားဖြစ်လာလိမ့်မယ်။ အဲတော့ အထူးသံက လည်း ကမ္ဘောဒီးယားရဲ့ ကိုယ်စားလှယ် တစ်ဦးဦးဖြစ်လာမှာပေါ့ဗျာ။

အဲတော့ အဲလို အနေအထားမှာ သံတမန်အသိုင်းအဝန်းကြားမှာ ပြောနေတာရှိတယ်ဗျ။ အဲတာ ဘာလဲဆိုတော့ ကမ္ဘောဒီးယားသာဖြစ်လာရင် တရုတ်ရဲ့ ဖိအားက ကမ္ဘောဒီးယားကိုယ်စားလှယ်ကနေ တဆင့် သက်ရောက် လာနိုင်တယ်ဆိုတာမျိုးလည်း ပြောဆို ဆွေးနွေးနေတာတွေရှိတာပေါ့နော်။ အဲတော့ ပြောမယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ ဘယ်လိုအနေအထားမျိုးကို မျှော်မှန်းပြီးတော့ ဘယ်လိုမျိုးဆုံးဖြတ်နေလဲ၊ ကြန့်ကြာနေလဲ ဒါကတော့ ကျနော်တို့လည်း မပြောတတ်ဘူးဗျ။

မေး ။ ။ ဟုတ်ကဲ့ဆရာ၊သူတို့(နစက)က အခုဖြစ်နေတဲ့ အရေးက ပြည်တွင်းရေးဖြစ်တယ်၊ နိုင်ငံတကာ အရေးမဟုတ်ဘူး၊ ဒါကြောင့် နိုင်ငံတကာက ဝင်ပါစရာမလိုဘူးပေါ့လေ။ ဒါပေမယ့် နိုင်ငံတကာကတော့ တခြား သော နိုင်ငံတွေနဲ့ ဆက်စပ်ပြီးတော့ ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီးတော့ သုံးသပ်ကြတယ်။အဲနောက်မှာ မြန်မာ့ ပြည်တွင်းရေးကို ဝင်ပြီးတော့ ကူညီဆောင်ရွက်နေတာပေါ့လေ။ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့တို့ ဘာတို့ပေါ့လေ၊ ဒါပေမယ့် ဒီဘက်က အုပ်စုတွေက လက်မခံတာတွေရှိတယ်။ဆိုတော့ အဲလိုမျိုးရပ်တည်နေတဲ့ဟာက   မြန်မာ့ အရေးအတွက် ထွက်ပေါက် တစ်ခုဖြစ်စေနိုင်သလား၊ ဒါမှမဟုတ် ပိုပြီး အကျပ်အတည်းဖြစ်စေနိုင်သလား။

ဖြေ ။ ။ ဒီလိုစဉ်းစားလို့ရပါတယ်။ မြန်မာပြည်အရေးက ၂၀၁၇-၂၀၁၈ လောက်ကစလို့ပေါ့နော် အထူးသဖြင့် ဒီဘင်္ဂါလီ(မူရင်း- ရိုဟင်ဂျာ)တွေအပေါ်မှာ အကြီးအကျယ် လူ့အခွင့် အရေးတွေ ချိုးဖောက်မှုအပြီးမှာ ကျနော်တို့ အဆင့်က တဆင့်တက်သွားတယ်ပြောလို့ရတယ်။ ဆိုလိုတာကတော့ နိုင်ငံတကာပတ်သက်ဆက်နွယ်မှုပြဿနာပေါ့၊ ဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ပြဿနာက နိုင်ငံတကာက အာရုံထားစောင့်ကြည့်ရမယ့် ပြဿနာဖြစ်သွားတယ်။

ပုံ-၂၀၂၁ ခုနှစ်၊ဧပြီလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်စဉ်။

အထူးသဖြင့် ICC တို့၊ ICJ တို့၊ နိုင်ငံတကာတရားခုံရုံးတွေပါ ပါဝင်ပတ်သက်လာရတဲ့ အနေအထားတွေ ဖြစ်လာ တယ်။ အဲတော့ ဒီအနေအထားမှာ အခု ၂၀၂၁ ဖြစ်လာတော့လည်း ဒီအနေအထားတွေက အလိုလို ပျောက် သွားတာ မဟုတ်ဘူး၊ နိုင်ငံတကာရဲ့စောင့်ကြည့်လေ့လာမှု အာရုံစူးစိုက်မှုက ကျနော်ထင်တယ် ပိုပြီးတော့ ရှိနေ တယ်လို့ ထင်ပါတယ်။

အဲတော့ အာဆီယံထဲမှာ ဒီထိပ်သီးခေါင်းဆောင်တွေကြားထဲမှာ ကျေကျေလည်လည် ဆွေးနွေးပြီးတော့ ဆုံးဖြတ်ထားတဲ့ ကိစ္စတွေရှိတယ်။ အထူးသဖြင့် အချက် ၅ ချက်ပေါ့နော်။ မြန်မာပြည်မှာ သွေးထွက်သံယို ကိစ္စတွေရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင် စသဖြင့် ဒီလိုကိစ္စမျိုးတွေပေါ့နော်။ ကျနော် ထင်တာက ဒါတွေက မြန်မြန် အကောင်အထည်ဖော်လို့ ရနိုင်တဲ့ ကိစ္စမျိုးတွေလို့ထင်ပါတယ်။ ကျနော်တို့ဆီမှာ တော့ ပြဿနာ တစ်ခုက ဘာဖြစ်နေလဲဆိုတော့ လာမယ့် ကိုယ်စားလှယ်ကဗျာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက တွေ့ခွင့်မပေးနိုင်ဘူးလို့ ယူဆရတာပေါ့။

အဲတော့ ကျနော်တို့သိရသလောက်ကတော့ နိုင်ငံတကာဘက်ကလည်း ချက်ချင်းကြီး ဒေါ်စုနဲ့တွေ့ခွင့်ပေးရမယ် လို့ ပြောတာမဟုတ်ဘူး ဒါပေမယ့် ကျနော်တို့ကြားထဲမှာ ဖွံ့ဖြိုးတိုးတက်မှုတွေတော့ မြင်နေရမှာပေါ့ဗျာ။အခုက ဒီအနေအထားတောင်မှ မရှိဘူးဖြစ်နေတယ်။

မေး ။ ။ ဒါဆို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေးထွက်ပေါက်က ဘယ်လိုပုံစံမျိုး တစ်နည်းတစ်ဖုံဖြစ်နိုင်ခြေရှိလဲ၊ တွေ့ခွင့်မရဘူးဆိုရင်ရော ဘာတွေဆက်ပြီးတော့ ဖြစ်နိုင်လဲ။

ဖြေ ။ ။ အခုအချိန်ထိကတော့ စစ်ကောင်စီအနေနဲ့က တွေ့ခွင့်ပေးဖို့ အနေအထားမမြင်ရသေးဘူးပေါ့ဗျ။ နောက်တစ်ခုကတော့ လူတချို့ပေါ့ဗျာ။ ပုဂ္ဂိုလ်ရေး တစ်ဦး နှစ်ဦးကနေပြီးတော့ မြန်မာပြည်အရေး ဆုံးဖြတ်နိုင် တယ်လို့လည်း ကျနော် မမြင်ပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး လမ်းစကို အဲဒီကနေ စရမယ်လို့တော့ ယူဆပါတယ်။

နောက်တစ်ခုက အထူးသဖြင့် တရုတ်နိုင်ငံကစလို့ နိုင်ငံတကာအဆုံး မြန်မာပြည်အရေး ပြောမယ်ဆိုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ နောက်တစ်ခုက အခုလက်ရှိ ဘာပဲပြောပြော တော်တော်လေး ကျနော်တို့ အခက် အခဲဖြစ်တဲ့ NLD ပေါ့လေ။ ဒါတွေကတော့ ကျနော်ထင်တယ် ပစ်ပယ်လိုက်လို့ မရဘူးလို့ ယူဆပါတယ်။

မေး ။ ။ ဟုတ်ကဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတစ်ယောက်တည်းနဲ့တွေ့လို့လည်း မရဘူးလို့ပြောကြတယ်။ ဒီကြားထဲမှာလည်း စစ်တပ် အသိုင်းအဝန်းနဲ့ ပဲ တွေ့ပြီး ဖြေရှင်းလို့မရဘူးလို့ ပြောကြတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ် ခေါင်းဆောင် တွေ တွေ့ဆုံပြီး ဆွေးနွေးရင်လည်း ဒါက အလုံးစုံပြည့်ဝတဲ့အဖြေကို ရနိုင်ခြေမရှိဘူးလို့လည်း သုံးသပ်ကြတယ်။ ဘာလို့ဆို တချို့က တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို လုံးဝမလုပ်တော့ဘူး အပြုတ်တိုက်ရေးဆိုတဲ့ဟာမျိုး ရပ်တည်နေတဲ့အခါကျတော့လေ။ ဆရာရော ဒီအပေါ်မှာ ဘယ်လိုမြင်လဲဗျ။

ဖြေ ။ ။ ကျနော်တို့ အမြင်ကတော့ဗျာ ဒီလိုဗျ အခုလက်ရှိ စစ်အာဏာသိမ်းပြီးတဲ့ အနေအထားပေါ့ဗျာ။ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ အခြေအနေကို ပြန်သွားကြမလားဆိုရင် မဖြစ်နိုင်သလောက် ဖြစ်သွားပြီး။ အဲဒါ ဆိုရင်လည်း ဒီစစ်တပ်ဘက်ကနေ သူ့ရဲ့အာဏာလုံးဝအပ်၊ စစ်တန်းလျားပြန် ဒါမျိုးအခြေအနေကလည်း တော် တော် ဖြစ်ဖို့ ခဲယဉ်းပါတယ်။အဲ အနေအထားအောက်မှာတော့ ကျနော်တို့ခေါ်တာကတော့ အခုလက်ရှိ ပဋိပက္ခ ကနေပြီးတော့ ပြေလည်ရာ ပြေလည်ကြောင်း ဘယ်လိုမျိုးတိုးတက်သွားအောင် လုပ်မလဲပေါ့၊ အဲလိုဟာမျိုးကို စဉ်းစားသင့်တယ်လို့ယူဆပါတယ်။

မေး ။ ။ ဟုတ်ကဲ့ အဲလိုမျိုးကရော ဘယ်လိုပုံစံမျိုး ချဉ်းကပ်ရမလဲ။ ချဉ်းကပ်လို့ရနိုင်မလဲ။

ဖြေ ။ ။ အခု အနေအထားမှာတော့ ကျနော်တို့ဆီမှာ သွေးထွက်သံယို သိပ်များနေတယ်။ နောက်တစ်ခါ လူ့ အခွင့်အရေးချိုးဖောက်မှုကလည်း သိပ်များနေတယ်။ ပထမဦးဆုံးက အဲတာတွေကို လျှော့ချပြီးတော့ ဘာခေါ် မလဲဗျာ တင်းမာမှုတွေကို လျှော့ပစ်ဖို့လိုပါတယ်။ တင်းမာမှုတွေ လျှော့ပစ်နိုင်တဲ့အချိန် တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းပေါ်ရောက်မယ်။ ရောက်တဲ့အခါကျတော့ ဘာဆွေးနွေးမလဲ ဘာဆိုတာကတော့ ပြောလို့မရသေးဘူး ပေါ့ဗျာ အခုအနေအထားက။

မေး ။ ။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြားမှာ တွေ့ဆုံ ဆွေးနွေးရေးက မဖြစ်သေးဘူး ပေါ့လေ၊ တစ်ဖက်မှာကျတော့လည်း တွေ့ဆုံ ဆွေးနွေးရေးလုပ်ကြပါလို့ တိုက်တွန်းတဲ့ အင်အားစုတွေလည်း ရှိ တယ်။ နောက်တစ်ဖက်မှာကျတော့လည်း တွေ့ဆုံဆွေးနွေးရေးကို လက်မခံဘူး၊ လုံးဝ အပြုတ်တိုက်ရေးဆိုတဲ့ အင်အားစုတွေလည်းရှိတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ နစက အကြီးအကဲတွေပေါ့လေ။ တကယ်လို့ အပြုတ်တိုက်ရေးကို အားပေးနေတဲ့လူတွေရဲ့ ဆန့်ကျင်ဘက် တွေ့ဆုံဆွေးနွေးရေးလုပ်လိုက်တယ် ဆိုရင် အဲဒီလူတွေ(အပြုတ်တိုက်ရေးလူတွေ)နဲ့ ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း အခြေအနေက ဘာတွေ ဆက်ဖြစ်နိုင်သလဲ။

ဖြေ ။ ။ ဒါကတော့ ပြောရခက်ပါတယ်၊ အင်အားစုတိုင်းမှာ သဘောထား တင်းမာတဲ့လူ၊ သဘောထား ပျော့ပြောင်းတဲ့လူရှိပါတယ်။ ကျနော်ထင်တယ်။ လက်ရှိ စစ်ကောင်စီဘက်မှာလည်း ရှိနိုင်ပါတယ်။ ဒီအတိုက် အခံ အင်အားစုထဲမှာလည်း သဘောထား တင်းမာတဲ့လူ၊ သဘောထားပျော့ပြောင်းတဲ့လူရှိတဲ့အခါကျတော့ ကျနော်တို့ ဒီခရီးကတော့ လွယ်လွယ်နဲ့တော့ သွားလို့ရဦးမယ် မထင်ပါဘူး။

ပုံ-အာဆီယံအထူးကိုယ်စားလှယ်ကိုတွေ့ရစဉ်။

မေး ။ ။ ဒါဆို ကျနော်တို့ လက်ရှိနိုင်ငံရေး အခင်းအကျင်းကြီးက ဘယ်ဘက်က အဖြေရှာရှာ ရှာလို့မရတဲ့ အခြေအနေဖြစ်နေတယ်။ ကျနော်တို့ နောက်ထက် ပုံစံတစ်မျိုးနဲ့ ဘာတွေ ရှာလို့ရဦးမလဲ။ဘယ်လို ချဉ်းကပ်လို့ ရနိုင်တဲ့ နည်းလမ်းတွေရှိဦးမလဲ။

ဖြေ ။ ။ ဟုတ်ကဲ့ ပြောရမယ်ဆိုလို့ရှိရင် တိုင်းပြည်ထဲမှာရှိတဲ့ ဂုဏ်သမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေက ကြားဝင် ဆောင်ရွက်ဖို့လိုတာပေါ့ဗျာ။ ကျနော်တို့ အနေအထားမှာကတော့ တော်တော်လေး ခက်ခဲပါတယ်။ ကျနော်တို့ နိုင်ငံမှာလေ။ ကျနော်တို့ဆီမှာက ဟိုဘက်အစွန်း ဒီဘက်အစွန်း သိပ်ရောက်နေတဲ့ အနေအထားမျိုးဖြစ်နေတော့ ဒါကြောင့်မလို့ နိုင်ငံတကာကနေပြီးတော့ ကြားဝင်ရေး နိုင်ငံတကာကနေမှ ဝင်ပြီးတော့ ကမကထလုပ်ဖို့တွေ ပြောနေရတာပေါ့။
အဲတော့ ဒီအနေအထားအောက်မှာပဲ ဒါကလည်း လွယ်မယ်လို့တော့ ကျနော်တို့ယူဆတာ မဟုတ်ပါဘူး။ အနေအထားက ခက်နိုင်တဲ့ အခြေအနေတွေအများကြီးရှိပါသေးတယ်။

မေး ။ ။ ဒါဆို ဒီအခြေအနေကို မရောက်ခင်အခြေအနေအထိ ကျနော်တို့ နိုင်ငံက ဘယ်အတိုင်းအတာ လောက်ထိ ဒီပုံစံကြီးက ဆက်ပြီးသွားနိုင်တဲ့ အခင်းအကျင်းကိုတွေ့မိလဲဗျ။

ဖြေ ။ ။ ကျနော်ကတော့ တခြား ရှုထောင့်ဘက်က ကြည့်တာပေါ့ဗျာ။ အထူးသဖြင့် ကျနော်တို့ဆီမှာ စီးပွား ရေး အခက်အခဲတွေက တော်တော်ကြီး ခက်ခဲပါတယ်။အထူးသဖြင့် ဘဏ်က ငွေထုတ်လို့ရဖို့ ငွေလည်ပတ်တဲ့ ကိစ္စတွေ အဆုံးပေါ့ဗျာ။ နောက်တစ်ခါ စီးပွားရေးကျနေတဲ့ အနေအထားတွေကစလို့ပေါ့ဗျာ။ ဆိုတော့ ဒီအနေ အထားတွေကို ဖြေရှင်းဖို့လိုပါတယ်ဗျ။

အဲတာကလည်း ကျနော်တို့ရဲ့ သာမန်ပြည်သူလူထုရဲ့ နေ့စဉ် ရှင်သန်ရေးနဲ့လည်း ဆိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။ နောက်တစ်ခုကကျတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာဖို့ဆိုတာကလည်း ကျနော်တို့ ဦးသိန်းစိန် တက်စ ၂၀၁၁ လောက်မှာ ကျနော်တို့ အာရှမှာ တကယ့်ကို စွန့်စားပြီးတော့ ထိုးဖောက်လို့ရှိရင် လုပ်ကွက်ကောင်းပေါ့ဗျာ။ ဒါမျိုးယူဆခဲ့ကြတဲ့ အနေအထားတွေရှိတယ်။ အဲလို အနေအထားမျိုး ဂုဏ်သတင်းမျိုးရောက်ဖို့ ကျနော်တို့ ပြန်သွားရမယ့် အနေအထားမျိုးလို့ ယူဆပါတယ်။

အဲတော့ လွယ်လွယ်တော့ မရှိဘူး ဒါပေမယ့် ကျနော်ထင်တာကတော့ ဒီစီးပွားရေး အခက်အခဲကလည်း တစ်စုံ တစ်ရာပေါ့လေ။ ဒါတွန်းအားဖြစ်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

မေး ။ ။ စီးပွားရေးက အခုလက်ရှိဆိုရင် နယ်စပ်ဂိတ်ပေါက်တွေလည်း ပိတ်ထားတယ်။ အထူးသဖြင့် တရုတ်ကလည်း ပိတ်ထားတဲ့အခါကျတော့ တရုတ်နယ်စပ်ဂိတ်ပေါက်တွေ ပြန်ဖွင့်ရင် စီးပွားရေးကရော ဘယ် လောက်ထိ ကျောထောက်နောက်ခံပြုလာနိုင်ခြေရှိလဲ။

ဖြေ ။ ။ ကျနော်တို့ ၈၈ တုန်းက အထူးသဖြင့် စစ်အစိုးရက အသက်ဆက်သွားနိုင်တယ်ဆိုတာ နယ်စပ်ကုန် သွယ်ရေးပေါ့ဗျာ။ ဒါက အဲဒီခေတ်က ရေပန်းစားတဲ့ကိစ္စဖြစ်တာပေါ့နော်။ အခု အနေအထားမှာတော့ ကျနော်တို့ ကြည့်သင့်တာက ကိုဗစ်စီးပွားရေးပေါ့ ကိုဗစ်နောက်ပိုင်းမှာ ဖြစ်လာတဲ့ ကျနော်တို့တင်မဟုတ်ဘူးဗျ။ တစ်ကမ္ဘာ လုံး စီးပွားရေး အကျပ်အတည်း စိုက်တဲ့ အနေအထားတွေရှိတယ်။

နောက်တစ်ခါ လောင်စာဆီ အကျပ်အတည်း ကိစ္စတွေရှိတယ်ပေါ့ဗျာ။ အဲလို ဘက်ပေါင်းစုံ အခြေအနေအောက် မှာတော့ ကျနော်ထင်တယ် အခုလိုမျိုး တယူသန် ဆုံးဖြတ်နေကြမယ် လုပ်မယ်ဆိုရင်တော့ ကိုယ့်နိုင်ငံကို ဆွဲနစ် သလိုမျိုးပဲ ဖြစ်မယ်ထင်ပါတယ်။

မေး ။ ။ ဒီအခင်းအကျင်းထဲမှာ တရုတ်ရဲ့ ကျောထောက်နောက်ခံ လုပ်ပေးနိုင်တဲ့ အခြေအနေကရော ဘယ်လိုအတိုင်းအတာလောက်ထိ ရှိနိုင်လဲ။

ဖြေ ။ ။ အခုအနေအထားမှာတော့ ပြောရတော်တော်ခက်တဲ့ အနေအထားရှိတယ်။ တရုတ်နိုင်ငံက ကျနော် ထင်တယ်။ သံတမန် ဆက်ဆံရေးမှာ သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တော်တော်သတိကြီးကြီးထား ကိုင် တွယ်နေတယ်ထင်တယ်။

မေး ။ ။ တချို့ကလည်း တရုတ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး ဒီအရေးကိစ္စတော်တော်များများကို ဆိုးဝါးအောင်လည်း လုပ်နိုင်တယ်။ ကောင်းအောင်လည်း လုပ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးတွေရှိတယ်။ တချို့အင် အားစုတွေကလည်း တရုတ်ကို လက်မခံချင်တာလည်း ရှိတယ်။ ဒါဆိုရင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြီးက နိုင်ငံတကာကလည်း ဝင်လို့မရဘူး၊ ပြည်တွင်းကလည်း ဝင်လို့ရမဘူးဆိုတော့ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် အောက်ခြေ လူတန်းစားတွေရဲ့ဘဝက ဖြစ်လာနိုင်ခြေရှိလဲ။ ပြီးရင် အောက်ခြေလူတန်းစားတွေက ဘာတွေ ပြင် ဆင်ထားသင့်လဲ။

ဖြေ ။ ။ ဥပမာ တရုတ် အနေအထားက ကျနော်တို့နဲ့ အိမ်နီးချင်းလည်း ဖြစ်တယ်၊ နောက်တစ်ခါ စူပါ ပါဝါ ပေါ့၊ နောက်တစ်ခါ မဟာအင်အားကြီး နိုင်ငံလည်း ဖြစ်တော့ ကောင်းတာရော၊ ဆိုးတာရော သူအများကြီးသက် ရောက်အောင်လုပ်နိုင်တဲ့ အနေအထားရှိပါတယ်။

အဲအနေအထားမှာတော့ ဒါပေမယ့် ကျနော်တို့ ယူဆတာကတော့ အခုချိန်ထိ တော်တော်သတိကြီးကြီးနဲ့ ကိုင် တွယ်နေတယ်လို့ ယူဆတာပေါ့နော်။ အဲတော့ မြန်မာပြည်မှာက တော့ အထူးသဖြင့် စီးပွားရေး ထိလာလို့ရှိရင် အထူးဖြင့် ခံရတာကတော့ အောက်ခြေလူတန်းစားပါဗျ။ အဲတော့ ဒီအောက်ခြေလူတန်းစားပြီးရင် ကျနော်တို့ လူလတ် တန်းစားခေါ်တာပေါ့ဗျာ။

အခုက ပြိုကျလာတဲ့ အနေအထားဖြစ်တယ်။ လုပ်ငန်းသေးတွေလည်း မဖြစ်ဘူး စီးပွားရေးက သေချာမလည် ဘူး။ အဲအနေအထားမှာတော့ ကျနော်မြင်တာ အဲစီးပွားရေးကြောင့်ပဲ နောက်ထက်လည်း နိုင်ငံရေးအကျိုးဆက် ပြဿနာတွေ ဆက်ဖြစ်နိုင်တဲ့ အနေအထားရှိတယ်လို့ သုံးသပ်ပါတယ်။

မေး ။ ။ ကျနော် EAO တွေ အခန်းကဏ္ဍလေးလည်း နည်းနည်းမေးချင်ပါတယ်။ EAO တွေက ပြောမယ်ဆို ရင် အင်အားစု တစ်ခုအနေနဲ့သူက ရှိတယ်- လုပ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် ဘာလို့ ဒီအခက်အခဲ ဒီအကျပ်အတ ည်း ကြီးထဲမှာ EAO တွေက ထဲထဲဝင်ဝင် သိပ်ပြီးလှုပ်ရှားတာ မတွေ့ရဘူးပေါ့လေ။ သူ(EAO)ကရော တစ်စုံတစ် ရာ ဘယ်လိုပုံစံမျိုး အပြောင်းအလဲဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ပေးနိုင်တဲ့ အခန်းကဏ္ဍရှိနိုင်သလဲ။

ဖြေ ။ ။ ကျနော်မြင်တာတော့ EAO တွေက ပြောမယ်ဆိုရင် သူတို့ကရေရှည် တော်လှန်ရေးတိုက်ပွဲဝင်လာ တဲ့ အနေအထားရှိတာပေါ့နော်၊ တစ်ဖက်မှာ သူတို့ ဘဝတွေရှိတယ်။ တစ်ဖက်မှာ သူတို့ရဲ့ တောင်းဆိုချက် သူတို့ လူထု စသဖြင့် ဒါတွေလည်း ရှိကြပါတယ်။ အဲတော့ စစ်ကောင်စီဘက်မှာကျတော့ ကျနော်မြင်တာက သူတို့မှာ NCA ပေါ့ဗျာ။ ဒီ NCA တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ရှိတယ် ဒါကပြောမယ်ဆိုရင် တစ်စုံတစ်ရာ စည်းနှောင်းထားတဲ့ အင်စတီကျူရှင်းလို့ ပြောလို့ရတာပေါ့နော်။

ဆိုတော့ အဲအနေအထားမှာတော့ ကျနော်မြင်တယ်။ စစ်ကောင်စီဘက်က သူတို့ Old Player ပေါ့ဗျာ၊ အရင် Player အဟောင်းတွေနဲ့က ဆက်ပြီးစကားပြောလို့ရနိုင်တယ် ညှိလို့ရနိုင်တယ်လို့ ယူဆပါတယ်။ နောက်တစ်ခု ကျတော့ New Player လို့ခေါ်တဲ့ အသစ်ဖြစ်လာတဲ့ NUG၊ PDF တို့ ဒါမျိုးတွေကကျတော့ ဘယ်လိုကိုင်တွယ်ရ မလဲ၊ ဘယ်လိုညှိရမလဲဆိုတာမျိုးက စစ်ကောင်စီဘက်မှာ စဉ်းစားထားတဲ့ပုံစံမရှိပါဘူး။

ပုံ-အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံခဲ့စဉ်။

အဲအနေအထားအောက်မှာပဲ ဟိုတလောကပဲ ထုတ်ပြန်ချက်လုပ်ပါတယ်။ ၅ လ အပစ်ရပ်ထားမယ်ဆိုတဲ့ဟာမျိုး တွေပေါ့လေ။ ကျနော်တို့ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ လုပ်ထားမယ်ဆိုတဲ့ဟာပေါ့လေ။ ကျနော်မြင်တာက အဲတာက ပြောမယ်ဆိုရင် Old Player တွေကို တစ်စုံတစ်ရာ နှစ်သက်တဲ့သဘောမျိုး၊ တစ်စုံ တစ်ရာ ဆွဲဆောင်တဲ့သဘောမျိုးလို့လည်း ယူဆနိုင်တာပေါ့ဗျာ။

ဒါပေမယ့် အဲကြားထဲမှာ တကယ် အပစ်ကလည်း ရပ်ချင်မှ ရပ်မယ်။ New Player တွေအတွက်ကလည်း ပိုပြီး တော့ ပြင်းပြင်းထန်ထန် ဖိနှိပ်တာမျိုး၊ ချေမုန်းတာမျိုးလည်း ကြုံနိုင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ ကျနော် နောက်ဆုံး အာဆီယံအရေးကိစ္စနဲ့ပဲ အနှစ်ချုပ်ချင်ပါတယ်။ မကြာခင်မှာ အာဆီယံအစည်းအဝေးကလုပ်တော့မယ်။ ဆိုတော့ မြန်မာ့နိုင်ငံရေးမှာလည်း အာဆီယံက တခြားသော နိုင်ငံ တွေ ထက်စာရင် အာဆီယံကိုပဲ အားကိုးလာရတဲ့အခါကျတော့ အာဆီယံ အစည်းအဝေးက မြန်မာ့နိုင်ငံရေး အတွက် ဘယ်လောက်ထိ မျှော်လင့်ချက်ရှိမလဲဗျ။

ဖြေ ။ ။ အကျိုးစီးပွားတွေ အများကြီးရှိတယ်ဗျ။ အထူးသဖြင့် AUKUS လေးနိုင်ငံ မဟာမိတ်အဖွဲ့နဲ့ စဉ်းစားရမှာ တွေရှိတယ်။ အဲတော့ အင်ဒို-ပစိဖိတ် ဗျူဟာနဲ့ ပတ်သက်လို့လည်း ဒီအာဆီယံထဲမှာ AOIP ဆိုပြီးတော့ သူတို့ ဘက်စုံ ဗျူဟာတစ်ရပ်ပေါ့ဗျာ။ သူတို့ ဆွေးနွေးအဆိုပြုတာတွေရှိတယ်၊ တောင်တရုတ် ပင်လယ် ကိစ္စမျိုးရှိတယ်၊ နောက်တစ်ခုကတော့ အခုဖွဲ့လိုက်တဲ့ သြကုစ်(AUKUS)ပေါ့၊ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန် မဟာမိတ်ကိစ္စတွေ အဲ တော့ သူတို့အနေနဲ့ကျတော့ အာဆီယံထဲမှာ မဟာဗျူဟာ အခင်းအကျင်း ကြီးတွေနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားရဖို့ရှိတယ်ပေါ့နော်။

ဆိုတော့ အဲအနေအထားမှာမှ ကျနော်တို့ကတော့ ဘာဖြစ်လဲဆိုတော့ ကိုယ့်အိမ်တွင်းရေးမှာ လာဟတ်မှာပေါ့ဗျာ။ သခွပ်ပင်က မီးတကျည်ကျည်မျိုးပေါ့ဗျာ။ အဲလိုသွားလုပ်နေလို့ကလည်း ကျနော်ထင်တယ်။ နိုင်ငံတွေက အကျိုးစီး ပွားနဲ့လုပ်မှာပဲ။

မေး ။ ။ ဒါဆိုရင် ကျနော်တို့ နိုင်ငံ ဘယ်လောက်ပဲ ပူပန်းသောကတွေ ရောက်နေနေ၊ သူတို့အကျိုးစီးပွားနဲ့ ယှဉ်ရင်တော့ ဒါတွေက သူတို့အတွက် အေးအေးဆေးဆေးဆိုတဲ့ ပုံစံမျိုးပဲလား။

ဖြေ ။ ။ ဟုတ်ကဲ့ဗျ ကျနော်ထင်တာတော့ မြန်မာအရေးကြောင့် သူတို့ အာဆီယံကို ဆွဲချသွားမှာမျိုး လက်ခံ မှာမဟုတ်ပါဘူး။