CNI Exclusive Interview
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်နေရသလို ကိုဗစ်-၁၉ ကပ်ရောဂါကို လည်း ရင်ဆိုင်ကျော်ဖြတ်နေကြရသည်။
အဆိုပါ အခြေအနေများကြောင့် ဘဏ်လုပ်ငန်းများအပေါ် လူထုယုံကြည်မှုကျဆင်းကာ ဘဏ်တွင် ငွေအပ်ခြင်း များ နည်းပါးလာ၍ ငွေကြေးရှားပါးလာမှုဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ တခြားတစ်ဖက်မှာလည်း ဆောက် လုပ်ရေး လုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ဆောင် ရွက်ရန် ခက်ခဲကျပ်တည်းလာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကို CNI သတင်းဌာနမှ သီးသန့် တွေ့ဆုံ မေးမြန်းထားပါသည်။
အမေး ။ ။ ဒီကာလမှာ ဆောက်လုပ်ရေးလုပ်ငန်းက အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ဒီကာလမှာ ပြောရမယ်ဆိုရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ အခြေအနေက တော်တော် အခြေအနေ ဆိုးတယ်လို့ပဲ ပြောချင်ပါတယ်။ ပထမတစ်ချက်ကတော့ ဒါ သိတဲ့အတိုင်းပဲ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ဒီရိုက်ခတ်မှုတွေရဲ့ ဒဏ်ကို တော်တော် အလူးအလဲ ခံရတာပေါ့နော် ဒါနံပါတ်တစ် အချက်ပါ။
နောက် နံပါတ်နှစ်အချက်က နိုင်ငံရေး အပြောင်းအလဲပါ။ နောက် နံပါတ်သုံးအချက်က ကျနော်တို့ ဘဏ်တွေကနေ ငွေကြေး ထုတ်ယူရရှိမှု အခက်အခဲပေါ့နော်။ နောက် နံပါတ်လေး အခက်အခဲကတော့ ငွေကြေးဈေးနှုန်းတွေ မတည်မငြိမ် ကမောက် ကမတွေဖြစ်တဲ့ အခက်အခဲပေါ့နော်။
အဲဈေးနှုန်းတွေ မတည်ငြိမ်တဲ့အတွက် ဒီဇယ်ဈေး၊ ဓာတ်ဆီဈေးနှုန်းတွေ တက်တယ်။ သယ်ယူပို့ဆောင်ခတွေ တက်တယ်။ ကုန်ဈေးနှုန်းတွေ တက်တယ်။ အဲဒီ အခက်အခဲတွေပေါ့နော်။ အဓိက ဒီအခက်အခဲ လေးခုနဲ့ ရင်ဆိုင်ဖြတ်ကျော်ရတယ်။ တကယ့်ကို မကြုံစဖူး ထူးထူးကဲကဲ ခံစားရတဲ့ အခက်အခဲ ဖြစ်ပါတယ်။
အမေး ။ ။ ဒီအခက်အခဲတွေ ကြားထဲမှာမှ လက်ရှိ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းက ရင်းနှီးမြှုပ်နှံမှု ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျနော်ထင်တာတော့ လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေလည်း တော်တော်များများပေါ့နော် နဂို မြှုပ်နှံထားတဲ့ဟာ လည်း အားလုံးသိတဲ့ အတိုင်းပဲပေါ့နော်၊ BYMA တို့ ဥပမာ မြန်မာ့မီးရထား၊ ဟိုတယ် ဆောက်တဲ့ဟာတို့ဆို တစ်နှစ် ရပ်နား တယ်တို့ပေါ့နော်။ တချို့ စီမံကိန်းကြီးတွေလည်း ရပ်နားထားကြတာ အများကြီးပါပဲ။ ဒါ မူလရင်းနှီးမြှုပ်နှံထားတဲ့ဟာပေါ့။
နောက်ထပ် ရင်းနှီးမြှုပ်နှံမှုလည်း ကျနော်ထင်တယ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကတော့ အခက်အခဲ ရှိပါလိမ့်မယ်။ ဥပမာ ဖြစ်နိုင်တာတော့ တရုတ်နဲ့ ရုရှားလောက်ပဲ ရင်းနှီးမြှုပ်နှံကောင်း မြှုပ်နှံလိမ့်မယ်။ ကျန်တဲ့ နိုင်ငံတွေကတော့ ရင်းနှီးမြှုပ်နှံဖို့ အခက်အခဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ရှိပြီးသားတွေလည်း ကျနော်ထင်တာ သူတို့ ပြန်ထွက်သွားတာတွေလည်း အားလုံးပဲ ကြားသိနေတာပဲလေ။
ပုံ-ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်။
အမေး ။ ။ တိုင်းပြည်ရဲ့ အခွန်ရရှိမှုနဲ့ ကျားကန်မှုမှာကျတော့ရော ဘယ်လောက် အတိုင်းအတာထိ အရေးပါသလဲ။
ဖြေ ။ ။ အရမ်း အရေးပါတယ်။ အခွန်ရရှိမှု တစ်ခုတည်း မဟုတ်ဘူးပေါ့နော်။ တိုင်းပြည်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက် ဖို့ရော၊ ကျနော်တို့ တိုင်းသူပြည်သားတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုအတွက်ရော အရေးပါပါတယ်။ ဒါ ၂၀၁၈ လောက် မှာတင်ပဲ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ ဒသမ ၃ သန်းကို ဆောက်လုပ်ရေး ကဏ္ဍကပေးနေတာ ဖြစ်ပါတယ်။
နောက်ပြီးတော့လည်း ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နိုင်ငံတွေမှာဆိုရင် ယေဘုယျအားဖြင့် ဆောက်လုပ်ရေး Sector (ကဏ္ဍ)ကို မြှင့် တင်ပြီးတော့ ဒါ တစ်နည်းတစ်လမ်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးတယ်။ တစ်ခါတလေ ဆောက်လုပ်ရေး Sector ကို ၂၀ ရာခိုင်နှုန်း တိုင်းပြည် GDP ရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိကို နိုင်ငံတော်ကပါ အရဲစွန့်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ထည့်ပြီးတော့ ဆွဲတင်ရတဲ့ ဟာမျိုးတွေ ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ သူတို့ဆီမှာ infrastructure (အခြေခံ အဆောက်အဦ) လုပ်ငန်းတွေက အများကြီး ပြီးပြီသားတွေ ဖြစ်နေတယ်။
အဲဒါကြောင့် တည်ဆောက်ရေးလုပ်ငန်းကို ပြောရရင်တော့ ၅ ရာခိုင်နှုန်းလောက် ရှိကောင်း ရှိမယ်ပေါ့နော်။ ကျနော်တို့လို နိုင်ငံတွေကတော့ ဆောက်လုပ်ရေး Sector က အင်မတန် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ သူနဲ့ ဆက်နွယ်ပြီးတော့ ကျန်တဲ့ အလုပ်အကိုင် ရရှိတာ၊ ငွေကြေးလည်ပတ် စီးဆင်းတာ၊ နောက်တစ်ခါ ကျန်တဲ့ သူနဲ့ ဆက်စပ်တဲ့ ကုန်သွယ်မှုလုပ်ငန်း ဖြစ်ထွန်းတာတွေက အစပေါ့နော်။ ဒါတွေကအစ အများကြီး အကျိုးဖြစ်ထွန်းပါတယ်။
အဲဒီအပြင်ပဲ ဒီတည်ဆောက်ရေးလုပ်ငန်း ဖြစ်ထွန်းလာမယ် ကျနော်တို့လို စီးပွားရေး ဖြစ်ထွန်းမှုနည်းတဲ့ နိုင်ငံတွေအနေနဲ့ infrastructure တွေ ကောင်းမယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမယ်၊ ရေမီးတွေ ကောင်းသွားမယ်၊ လျှပ်စစ် ဓာတ် အားတွေလည်း လုံလုံလောက်လောက် ရသွားမယ်ဆိုရင် ဒါတိုင်းပြည်တိုးတက်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တည်ဆောက်မှုလုပ်ငန်းက ကျနော်တို့ ဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံမှာ အင်မတန် အရေးကြီးတဲ့ လုပ်ငန်းတစ်ခုပေါ့နော်။ ရင်းနှီး မြှုပ်နှံမှု များများထည့်သင့်တဲ့ လုပ်ငန်းတစ်ခုလို့တော့ ကျနော့်အနေနဲ့ မြင်ပါတယ်။
အမေး ။ ။ ဆောက်လုပ်ရေးလုပ်ငန်းက ဘယ်လိုလုပ်ငန်းမျိုးတွေ ရှိပါသလဲ၊ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်းဖြစ်နေတော့လေ။ သမီးတို့ မြင်လို့ရှိရင် အိမ်ယာလို့ပဲ မြင်တာဆိုတော့လေ။
ဖြေ ။ ။ အဲလိုမျိုး ပြောရမယ်ဆိုရင်တော့ ဆောက်လုပ်ရေးက အိမ်ယာလို့ပဲ မြင်ပေမယ့် infra လို လုပ်ငန်းတွေပေါ့နော်။ ဥပမာ ကျနော်တို့ လျှပ်စစ် ထုတ်လုပ်ရေးတို့၊ ရေအားထုတ်လုပ်ရေးတို့ စသဖြင့် နောက်တစ်ခါ စွမ်းအင်နဲ့ ပတ်သက်တဲ့ဟာတို့ ဒီလုပ်ငန်းတွေမှာလည်း ပြောရမယ်ဆိုရင် တည်ဆောက်ရေးလုပ်ငန်းထဲက လွတ်မှမလွတ်တာ။
ဥပမာ ဆည်ကြီးတစ်ခု လုပ်မယ်ဆိုလို့ရှိရင်လည်း ဒါကျနော်တို့ လမ်းဖောက်ရတာပဲ။ နောက်တစ်ခုကလည်း ဥပမာ စက်မှုဇုန် တစ်ခု တည်မယ်ဆိုရင် စက်ရုံအလုပ်ရုံတွေ၊ လမ်းတွေ၊ ရေပေးဝေတဲ့စနစ်တွေ၊ မီးပေးတဲ့စနစ်တွေ ဒါတွေလည်း တည် ဆောက်ရေး လုပ်ငန်းတွေ ပါတာပဲ။ အဲတော့ ပြောရမယ်ဆိုရင်တော့ ဥပမာ ရေနက်ဆိပ်ကမ်း လုပ်မယ်ဆိုရင်လည်း Jetty (ဆိပ်ခံတံတာကြီး)တွေ ဆောက်ရမယ်။ ဒီမှာလည်း တည်ဆောက်ရေး လုပ်ငန်းတွေပါတာပဲ။
အဲတော့ ဒီရင်းနှီးမြှုပ်နှံမှုတွေက ခုနကပြောသလိုပေါ့ ဟိုတယ်ပဲ လုပ်လုပ်ပေါ့နော်၊ ဒါမှမဟုတ် အထပ်မြင့် လူနေအိမ်ခန်းပဲ လုပ်လုပ် ဒါမှမဟုတ်လို့ရှိရင် စီးပွားရေး စင်တာကြီးတွေပဲ လုပ်လုပ်၊ ဒါတည်ဆောက်ရေး လုပ်ငန်းတွေ ပါတာပဲ။ အဲတော့ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာတော့ တည်ဆောက်ရေးလုပ်ငန်းက တစ်စိတ်တစ်ပိုင်း အများစုအားဖြင့် ပါဝင်တဲ့အတွက် ဒါကျန်တဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးသွားရင် အလိုလိုနေရင်းနဲ့ ဒီဟာတွေက တည်ဆောက်ရေး လုပ်ငန်းတွေက အလိုလိုနေရင်းနဲ့ ပါသွားတဲ့ သဘောပါပဲ။
အမေး ။ ။ အခုဆိုရင် တင်ဒါခေါ်ပေမယ့် လုပ်ငန်းရှင်တွေရဲ့ စိတ်ဝင်စားမှုက အရင်ကထက် ရှိပါသလား။ လက်ရှိ ဘယ်လို မျိုး အခြေအနေရှိပါသလဲ။
ဖြေ ။ ။ စိတ်ဝင်စားမှုက ဘယ်လိုဖြစ်နေလဲဆိုတော့ လုပ်ငန်းရှင်အများစုက ကျနော်တို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်းကတောင် ဒီရက်ထဲမှာ တင်ဒါကိစ္စနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေးခေါ်ဖို့ စဉ်းစားထားပါတယ်။ ဘာလို့လဲဆိုရင် တချို့ တင်ဒါဘတ်ဂျက်တွေက ကျနော်တို့ ဒီငွေဈေး မတက်ခင်ပေါ့နော်၊ လွန်ခဲ့တဲ့ နှစ်လတို့၊ သုံးလတို့လောက်က တက်တော့ တက်ပေမယ့် ဒီလောက်မတက်သေးဘူးပေါ့။
ဆိုတာက ဥပမာ ၁၅၀၀/၁၆၀၀ ဈေးလောက် ဖြစ်တဲ့အချိန်က ဈေးနဲ့ သတ်မှတ်ပြီးတော့ ကျနော်တို့ ခေါ်တယ်ဆိုပါတော့ အခု ငွေဈေးက ၂၀၀၀၊ ၂၀၀၀ ကျော်ဖြစ်နေတဲ့ အချိန်ဆိုရင် ဒီတင်ဒါ ကာလကလည်း တိုတယ်။ တိုတဲ့အတွက် ကျနော်တို့က ငွေ ဈေးကျအောင် အချိန်လည်း ဆိုင်းလို့မရဘူး။ အဲအခါကျတော့ ဒီငွေဈေးလည်း တက်တဲ့အချိန်၊ ငွေထုတ်ရလည်း ခက်တဲ့အချိန်၊ ငွေလည်ပတ်မှုလည်း ခက်တဲ့အချိန်ဆိုတော့ ဒီတင်ဒါကို ဆွဲရင်ကောင်းမလား မဆွဲရင်ကောင်းမလား ဒီလို အခက်အခဲလေး တွေနဲ့ တော်တော်လေး ရင်ဆိုင်နေရတဲ့အတွက် အစည်းအဝေး ခေါ်ယူပြီးတော့ ဘယ်လိုလုပ်ကြမလဲလို့ တိုင်ပင်ဖို့ ရှိပါတယ်။
ပုံ-ငွေထုတ်ရန် စောင့်ဆိုင်းနေကြစဉ်။
နောက်တစ်ခုက ကျနော်တို့က ဆုတ်လည်းဆူး စားလည်းရူးဘဝ ဖြစ်နေတယ်။ ဘာလဲဆိုရင် မလုပ်ပြန်တော့လည်း ဥပမာ ကျနော့်ကုမ္ပဏီဆိုရင်ပဲ ဝန်ထမ်းက ၁၅၀ လောက်ရှိတယ်။ ဟိုးအရင်ကသာ ၂၀၀ ကျော်ရှိတယ်။ တဖြည်းဖြည်း နောက်ပိုင်း ၁၅၀ ပေါ့။ အဲတော့ အခုကျနော် ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကျန်တဲ့ နိုင်ငံရေး အပြောင်းအလဲမှာလည်း ကျနော်ဝန်ထမ်းတွေကို အလုပ်မထုတ်ဘူး။ တတ်နိုင်သမျှ ကျနော် ထိန်းထားတယ်။ ဘာလို့လဲဆိုရင် သူတို့ဘဝ ရပ်တည်ရေး အတွက် ထိုနည်းတူစွာပဲ ကျနော့်ဆီမှာ မှီခိုနေတဲ့ အလုပ်သမားပေါ့နော်။
ကျနော် ဒီဆောက်လုပ်ရေးလုပ်ငန်း လုပ်တာ နှစ် ၃၀ ကျော်ရှိပြီ။ ဒီလုပ်သားတွေကလည်း ကျနော့်အပေါ်မှာ မှီခိုနေတာ ရှိ တယ်။ ထောင်ကဏန်းလောက် ရှိတယ်။ အဲအခါကျ ကျနော်တို့ ဒီလုပ်သားတွေနဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဘဝ ရပ်တည်ရေး အတွက် ကျနော်တို့က တော်တော် ရုန်းကန်နေရတယ်။ သူတို့အတွက်ကို ကျနော်တို့က စဉ်းစားတယ် ဒါက နံပါတ်တစ် အချက်။
နံပါတ်နှစ် အချက်က ကျတော့ ဒီလို လုပ်ကိုင်နေတဲ့အခါမှာလည်း တစ်ခါတလေ ကျနော်တို့ ငွေကြေးထုတ်ယူတဲ့အခါမှာ ဥပမာ သူတို့လုပ်ငန်းတွေ ထုတ်တဲ့အခါမှာ Commercial Taxes (၅) ရာခိုင်နှုန်း၊ Withholding Taxes ၂ ရာခိုင်နှုန်း ဆောင် ပြီးတော့မှ ကျနော်တို့ကို ကျန်တဲ့ ၉၃ ရာခိုင်နှုန်းကို ကျနော်တို့ကို ပေးတယ်။ တစ်ခါ QC ပါ ၂ ရာခိုင်နှုန်း ဆောင်ရသေးတယ်။ ၉၁ ရာခိုင်နှုန်းကို အဲဒီကျမှ ရတယ်။
ကျနော်တို့က အလုပ်အရင် စိုက်ထုတ် လုပ်ရတယ်။ ပြီးတော့ ကျန်တဲ့ပိုက်ဆံကို အခွန်ဆောင်ပြီးမှ ရတယ်။ အခွန်ဆောင် တော့လည်း ဒီအချိန်မှာ အခွန်ဆောင်တဲ့အတွက် ကျနော်တို့မှာ ပြဿနာရှိတယ်။ ခပ်လန့်လန့်နဲ့ အခွန်ဆောင်နေရတဲ့ အခြေ အနေမျိုး ရှိတယ်။ ကျနော်တို့မှာ တော်တော်လေးကို ညှပ်နေတဲ့ အခြေအနေလေးကို တင်ပြချင်တာပါ။ မဆောင်ပြန်တော့ လည်း ကျနော်တို့ လုပ် ထားတာ ပိုက်ဆံ မရဘူး။ ပိုက်ဆံမရရင် ကျနော်တို့ ဝန်ထမ်းတွေကို ပိုက်ဆံ ဘယ်လိုပြန်ပေးမလဲ။ အလုပ်သမားတွေကို ကျနော်တို့ ပိုက်ဆံ ဘယ်လိုပြန်ရှင်းမလဲ။ ဒီလိုအခက်အခဲနဲ့ ကြုံရတယ်။
ဒါပေမယ့် မင်းတို့ မလုပ်ဘဲနဲ့ ရပ်နေပါလားဆိုရင် မလုပ်ရင် ကျနော်တို့ ဒီဝန်ထမ်းအားလုံးကို အလုပ်ထုတ်ပစ်ရမလား။ ဒီ အလုပ်သမားတွေအားလုံးကို ထားရမလား။ ကျနော်တို့ လုပ်လက်စ လုပ်ငန်းတွေရဲ့ ငွေကြေးတွေ၊ ကျနော် တည်ဆောက်ခဲ့တဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဘဝကြီးတစ်ခုလုံး ဖြိုချလိုက်ရမလား။ ဒါကျနော် စဉ်းစားရ ခက်နေတဲ့ အခြေအနေပါ။ ဒါ ကျနော်တင် မဟုတ်ပါဘူး အများစုပေါ့နော်။
ဒီဆောက်လုပ်ရေး လုပ်ငန်းတစ်ခု ကျနော်တို့လောက် ဒီအဆင့်လောက် ရောက်ဖို့ဆိုတာ နှစ်ပေါင်းများစွာ မွေးယူလာရတာ။ ဒါကြီးကို အခု ဖျက်လိုက်ပြီး နောက်တစ်နှစ် နှစ်နှစ်နေရင်မှ ဒီလုပ်ငန်းကို ပြန်လုပ်မယ်ဆိုရင် ဒီအခြေအနေရောက်ဖို့ ကျနော် တို့ နှစ်ပေါင်းများစွာ ပြန်တည်ဆောက်ရမယ်။ ဒါကြောင့်မလို့ အခုချိန်မှာ ကျနော်တို့က လုပ်ချင်သည်ရှိ မလုပ်ချင်သည်ရှိ ကျနော်တို့ မဖြစ်မနေ လုပ်နေရတဲ့ဟာတွေ ရှိတယ်။
အဲတော့ အခုလာမယ့် တင်ဒါမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကျနော်တို့ ဆွဲချင်သည် မဆွဲချင်သည်က တစ်ပိုင်းထား။ နောက်ဆုံး အရင်းအနှီးရတယ်၊ အရင်းလောက် ပြန်ရမယ်။ အကယ်၍များ အလုပ်သမားတွေ နည်းနည်းပါးပါး၊ ကျနော့် ဝန်ထမ်းတွေ ဆက်ထိန်းနိုင်မယ်၊ ကျနော့်လက်အောက်က အလုပ်သမားတွေ စားဝတ်နေရေး ပြေလည်မယ်ဆိုရင်တော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်ရင်တော့ လုပ်ရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။
ကျနော်တို့က ပျော်နေလို့ လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့ စီးပွားရေး လုပ်တာလေ။ အကျိုးအမြတ်တော့ ထိုက်သင့် သလောက် လိုချင်တာပေါ့။ဝန်ထမ်းတွေကို ထိုက်သင့်သလောက် ပေးကမ်း ထောက်ပံ့ချင်တာပေါ့။ အလုပ်သမားတွေလည်း ငွေကြေးသုံးစွဲပြီးတော့ သူတို့ဘဝ ရပ်တည်နိုင်အောင် ကျနော်တို့ ကြိုးစားချင်တာပေါ့။ သို့သော်လည်း အခုချိန်မှာတော့ ကျနော်တို့က ကျနော်တို့ထဲကနေ တတ်နိုင်သမျှ အပွန်းအပဲ့ခံပြီးတော့ ဒါကို ရပ်တည်နေတယ်ဆိုတာ သိစေချင်တယ်ပေါ့။ မဟုတ်ရင် ကျနော်တို့မှာက လုပ်နေရတာ လုပ်တော့လည်း အပြစ်ဖြစ်တယ်။ မလုပ်တော့လည်း အပြစ်ဖြစ်တယ်။ အဲဒီကြားထဲကနေပြီးတော့ ကျနော်တို့ ဆောက်လုပ်ရေး ကဏ္ဍကနေပြီးတော့ ကိုယ့်ပြည်သူလူထု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ရုန်းကန်နေရတယ်ဆိုတာ သက်ဆိုင်သူတွေကို သိစေချင်ပါတယ်။
အမေး ။ ။ ဒါဆို စီးပွားရေး လုပ်ငန်းရှင်တွေက စိတ်ဝင်စားမှု မရှိရင်တောင်မှ သူတို့ရဲ့ စီးပွားရေး အပေါ်၊ သူတို့ရဲ့ ဝန်ထမ်းတွေအပေါ်၊ နောက်တစ်ခုက သူ့အပေါ် မှီခိုနေတဲ့သူတွေကို ငဲ့ညှာပြီးတော့ ဒီတင်ဒါကို လျှောက်ရမယ့်သဘော ဖြစ်နေတာလားရှင့်။
ဖြေ ။ ။ ဟုတ်တယ်။ ဥပမာပေါ့ လုံးဝကြီး ဆုံးရှုံးမယ်လို့ ယူဆရင်တော့ ကျနော်တို့က မလျှောက်တော့ဘူးပေါ့။ ဥပမာ တစ်ရာရင်းပြီး တစ်ရာ ရှုံးမယ်ဆိုရင်တော့ ကျနော်တို့ ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူးပေါ့နော်။ အဲလိုမျိုး မဟုတ်ဘူး။ ထိုက် သင့်သလောက် ဒါလျှောက်ရင်လည်း ရချင်မှ ရအုံးမှာ။ လျှောက်လာခဲ့လို့ရှိရင် ထိုက်သင့်သလောက် ခုနကပြောတဲ့ အရင်းလေး ပဲရရ၊ ဘာလေးပဲ ရရပေါ့။ သူပေးလာတဲ့ပမာဏက အကျိုးအမြတ် နည်းနည်းရှိရင်တော့ ကောင်းတာပေါ့။
ဒါပေမယ့် ကျနော်မြင်တာက ဒီခေတ်အခြေအနေနဲ့ အကျိုးအမြတ် ရှိစရာ အကြောင်းမရှိဘူး။ အရင်းလောက် ရရင်ကို ကျနော်တို့ ဝန်ထမ်းတွေကို ကျနော်တို့ ဆက်ရပ်တည်နိုင်မယ်။ နောက်တစ်ခုက ကျနော်တို့ လုပ်သားတွေကို အလုပ်အကိုင် ပေးနိုင်မယ်။ ဒီအချိန်မှာ လူတွေက တဖြည်းဖြည်း စားဝတ်နေရေးက ကျပ်တည်းလာတော့ ကျနော်တို့ တစ်ဖက်ကလည်း ဒါကုသိုလ်တော့ ရတာပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့လုပ်ငန်းလည်း ပြိုလဲမသွားဘူးပေါ့။
လက်ရှိ တတ်နိုင်သမျှတော့ ထိန်းထားလို့ရမယ့် အခြေအနေမျိုး စဉ်းစားပြီးတော့ ကျနော်တို့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကျနော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျနော်တို့ ဆောက်လုပ်ရေး ကုမ္ပဏီတော်တော်များများ ဒီလိုပဲ ရပ်တည်တာ။ ဒါပေမယ့် တစ်ခုရှိတာပေါ့၊ ဟိုးခေတ်က ခရိုနီလို့ခေါ်တဲ့ ပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ် တကယ့် အင်အားကြီးတဲ့ လူတွေကျတော့ သူတို့ ကကျတော့ ဝန်ထမ်းတွေခန့်ပြီး တိုက်ရိုက်လုပ်တာ မဟုတ်ဘူး။
သူက တိုက်တစ်တိုက် ဆောက်မယ်။ ပုတ်ပြတ် ဘယ်လောက် ပေးလိုက်မယ်ဆိုတော့ ဒီကန်ထရိုက်က သူနဲ့ မဆိုင်ဘူး၊ လုပ်သားကလည်း သူနဲ့မဆိုင်ဘူး။ သူက ဒီတိုက် ဆောက်လိုက်မယ်။ ဥပမာ ဒီတိုက်တစ်လုံးသည် ဒီပရော်ဂျက် သည် ၁၀ ဘီလီယံကို သူက ကန်ထရိုက်ပေးလိုက်မယ်။ သူပြန်ရောင်းစားရင် ၂၀ ဘီလီယံရမယ်။ သူက ငွေပဲ ထုတ်ယူသွား တယ်။ ဒီလို လူမျိုးမှာကျတော့ ဝန်ထမ်းလည်း အများကြီး မရှိဘူး။ လုပ်သားလည်း သူက တိုက်ရိုက် မရှိဘူး။ ကျနော်တို့က ကိုယ်ကိုယ်တိုင် ဆောက်လုပ်ရေးကို သီးသန့်လုပ်တဲ့ ကုမ္ပဏီမျိုးတွေကျ ကျနော်တို့က ဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ ဘဝက ကျနော်တို့မှာ ရှိတယ်။ အဲတော့ ခုနကပြောတဲ့ ကုမ္ပဏီအရမ်းကြီးတဲ့လူတွေက သူတို့ ရပ်လိုက်လို့ရတယ်။ သူတို့မှ ငွေကြေးနဲ့ပဲ ဒီလူကို ပေးလိုက်တယ် ကန်ထရိုက်ကို ပေးလိုက်တာ။ ဒီလို သဘောသဘာဝခြင်း ကွာတာမျိုးတွေ ရှိတာပေါ့ နော်။
အမေး ။ ။ ခုနက ဆရာပြောတဲ့ ထိခိုက်မှုတွေ အများကြီးရှိတယ်ပေါ့နော်၊ ဆိုတော့ တောင့်မခံနိုင်တော့လို့ ရပ်ဆိုင်း လိုက် ကြရတဲ့ အခြေအနေတွေကရော ဘယ်လိုရှိကြလဲ၊ ဆရာ့ရဲ့ လုပ်ငန်းမှာလည်း ရပ်နားရတာရှိရင် ရှိမှာပေါ့နော်။
ဖြေ ။ ။ တော်တော်များပါတယ်။ ကျနော်တို့အသင်းနဲ့ ဆက်စပ်တဲ့ တချို့ကုမ္ပဏီလေးတွေကျတော့ ကျနော်တို့က ဘယ်လိုလုပ်လဲဆိုတော့ အသင်းက ယာယီပေါ့နော်၊ ယာယီအားဖြင့် ကျနော်တို့က ဥပမာ မိတ်ဆွေ အပေါင်းအသင်း ကုမ္ပဏီ ကနေ သံချောင်းမရှိရင် သံချောင်းဝယ်ပေးတယ်။ ဘိလပ်မြေ မရှိရင် ဘိလပ်မြေ ဝယ်ပေးတယ်။ ဝယ်ပေးပြီးလုပ်၊ လုပ်ပြီး သူတို့ရလာတဲ့ ပိုက်ဆံပြန်ပေး။ ပြိုလဲလုနီးနီး ဖြစ်နေတဲ့ လူတွေကို ကျနော်တို့ အဖက်ဆယ်တယ်။
ပုံ-နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တပ်မတော်နဲ့ပြည်သူ ထိပ်တိုက်တွေ့။ Photo - CNI
ဒါပေမယ့် ဖြစ်နေတာ အများစုဆိုတော့ ကျနော်တို့ရဲ့ ဘောင်အပြင်ဘက် ရောက်သွားတဲ့ သူတွေကိုတော့ အားလုံး မဆယ် နိုင်ဘူးပေါ့နော်။ တစ်ခါ ဆယ်ရင်း ဆယ်ရင်းနဲ့ တစ်ခါတစ်လေ အခန့်မသင့်ရင် အဲလူတွေ မလုပ်နိုင်ရင် ကျနော်တို့က အသင်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ ဝင်ပြီးထိန်းရတာ ရှိတယ်။ ဝင်ထိန်းရင် ကျနော်တို့တွေပါ လိုက်ပြီးတော့ အဲဒီရဲ့ ဒဏ်ကို ခံစား ရတာတွေ ရှိတယ်။ ဒါကြောင့်မလို့ အခုချိန်မှာတော့ ပြောရမယ်ဆိုရင် တကယ့် အသေးလေးတွေ၊ ကုမ္ပဏီငယ်လေးတွေက တော်တော်လေး ခံစားနေရပါတယ်။ ကြီးတဲ့လူလည်း ကြီးတဲ့အလျောက် ခံစားရတယ်။
ခုန ကျနော်ပြောဖို့ ကျန်နေတဲ့ တစ်ချက်က ဘာလဲဆိုရင် အခုချိန်မှာ ဆောက်လုပ်ရေးတင် မဟုတ်ဘူး။ အိမ်ခြံမြေ ကဏ္ဍက လည်း တော်တော် အရောင်းအဝယ်က သိပ်ပြီးတော့ ကောင်းလှတယ် မဟုတ်ဘူးပေါ့နော်။ အခုချိန်မှာတော့ ဘဏ် (transfer) နဲ့ ရတယ်သာပြောတာ တကယ်တမ်းလည်း အရမ်းကြီး အရောင်းအဝယ် ကောင်းလှတယ်တော့ မဟုတ်ဘူး။ ထိုက်သင့် သလောက်တော့ ရောင်းရတယ်။
အဲဒီအပြင် ကျနော်တို့ အိမ်ခြံမြေ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်တဲ့သူအားလုံးက ဘဏ်တွေနဲ့ မကင်းကြဘူး။ တစ်ဖက်က လုပ်ငန်းက မကောင်းဘူး။ ဘဏ်အတိုးက ပိသထက် ပိလာတယ်။ အဲအခါကျတော့ ခုနက ပြိုလဲမယ့်သူက ပိုများတယ်။ ဘဏ် အတိုးကတော့ မင်းလုပ်ငန်း ရပ်ထားလို့၊ ကိုဗစ်ဖြစ်လို့၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လို့ဆိုပြီးတော့ မရှိဘူး။ ဘဏ်က သူငွေ သာ မထုတ်ပေးတာ သူရစရာရှိတဲ့ ပိုက်ဆံတော့ မှန်မှန်။ ဟိုအရင်တုန်းကဆို ဖုန်းတောင် မဆက်ဘူး။ အခုဆို ဖုန်းဆက်ပြီး လည်း တောင်းတယ်။ မက်ဆေ့စ် ပို့ပြီးလည်း တောင်းတယ်။ စာပို့ပြီးလည်း တောင်းတယ်။ သုံးနည်း သုံးမျိုးနဲ့ တောင်းတယ်။
အဲအပြင် တချို့ဘဏ်တွေဆိုရင် ခပ်ရိုင်းရိုင်းပြောရင် လူပါးတော်တော်ဝတယ်ဗျာ။ ကျနော်တို့ကျတော့ ပိုက်ဆံငွေသား ထုတ် မပေးဘူး။ သူတို့ အတိုးကျတော့ ဖြစ်နိုင်သမျှ ငွေသား ပေးသွင်းပါဆိုပြီးတော့ တောင်းတယ်။ ဘယ်လောက် စိတ်ဆိုးဖို့ ကောင်းလဲ။ ကျနော်တို့ အပ်ထားတဲ့ငွေကို ငွေသားထုတ်မပေးဘူး။ တောင်းတောင်းပန်ပန်နဲ့ ငွေသား ထုတ်မပေးဘူး။ သို့သော် လည်း ကျနော်တို့ဆီက ရစရာရှိတဲ့ အတိုးကျတော့ ငွေသားနဲ့ ပေးသွင်းပါဆိုတော့ ကျနော့်ဆီမှာ စာအထောက်အထား ရှိ တယ်။ ဘယ်လောက် စိတ်ဆိုးစရာ ကောင်းတဲ့ အခြေအနေလဲ။
အမေး ။ ။ ဟုတ်ကဲ့ဆရာ။ ဒါဆိုလို့ရှိရင် အခက်အခဲတွေလည်း ပေါင်းစုံဆိုတော့ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး အလား အလာကရော ဘယ်လိုမျိုး ဆက်ဖြစ်လာနိုင်ပါသလဲ။
ဖြေ ။ ။ ဆောက်လုပ်ရေး အလားအလာကတော့ ကျနော်ထင်တာ ဒီလက်ရှိ အစိုးရကလည်း ဆောက်လုပ်ရေးကိုတော့ အားပေးပါတယ်။ အားပေးတယ် ဘာလို့လဲဆိုတော့ များသောအားဖြင့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အစိုးရပဲဖြစ်ဖြစ် ယေဘု ယျ အားဖြင့်တော့ သိကြတာပဲ။ ဆောက်လုပ်ရေးကဏ္ဍသည် အခြေခံလူတန်းစားကအစ ပညာရှင် အဆုံးပေါ့။ လူတန်းစား ပေါင်းစုံကို ကိုယ်စားပြုပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းကို ကိုယ်စားပြုတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စားပြု တယ်ဆိုတဲ့အတွက်တော့ သူတို့ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေရော တတ်နိုင်သမျှပေါ့နော်၊ တင်ဒါပဲခေါ်ခေါ် ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးတွေနဲ့တော့ လုပ်ကိုင်ပြီးတော့ သွားမှာပါ။
သို့သော်လည်း ပုဂ္ဂလိက ဆောက်လုပ်ရေး ကဏ္ဍကတော့ ဖွံ့ဖြိုးတိုးတက်မှု နှေးမှာပေါ့။ အဲတော့ ထိုက်သင့်သလောက်တော့ လည်ပတ်နေမယ် ဖြစ်ပေမယ့် ကောင်းမယ်လို့တော့ ပြောလို့မရဘူး။ အဲလိုလေးပဲ ကျနော် သုံးသပ်မိပါတယ်။ ဥပမာ အိမ်ခြံ မြေနဲ့ပါ ဆက်စပ်မယ်ဆိုရင်တော့ ၅ နှစ်လောက်အထိက ကောင်းဖို့ မလွယ်ဘူးလို့ မြင်တယ်။
ဆောက်လုပ်ရေး တစ်ခုတည်း အနေနဲ့ဆိုရင်တော့ ခုနကပြောတဲ့ ပုဂ္ဂလိက လုပ်ငန်းကလွဲပြီး နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေက သူတို့က နောက်တစ်ခုက လက်ရှိ အခွန်အခပိုင်းတွေနဲ့လည်း သူတို့ အခက်အခဲ ရှိတဲ့အတွက် သူတို့ရန်ပုံငွေ၊ သူတို့ နိုင်ငံတော်ရဲ့ ငွေကြေးအနေနဲ့လည်း ခက်ခဲတာဖြစ်တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းလည်း ကျနော်ထင် သ လောက်တော့ လုပ်ချင်ပေမယ့် များများစားစား ပေးဖို့တော့ အခက်အခဲ ရှိကောင်းရှိမယ်။ ဒါကြောင့်မို့လို့ ဒီတည်ဆောက်ရေး လုပ်ငန်းမှာတော့ ထိုက်သင့်သလောက်တော့ လည်ပတ်မှုရှိမှာ မြင်ပေမယ့် ကောင်းဖို့တော့ ကျနော် သိပ်မမြင်ဘူး။
အမေး ။ ။ ဒါဆိုရင် ဆောက်လုပ်ရင် လုပ်ငန်းတွေ အလားအလာ ကောင်းဖို့ ဘာတွေ ဖြည့်စွက်ပေးဖို့လိုအပ်မယ် ထင်ပါသလဲ။
ဖြေ ။ ။ နံပါတ်တစ်ကတော့ နိုင်ငံရေး တည်ငြိမ်ဖို့ပဲ။ နိုင်ငံရေး တည်ငြိမ်လိုက်ရင် ကျန်တာတွေက ကျွဲကူးရေပါ အကုန် ဖြစ်မှာပဲ။ နိုင်ငံရေးမတည်ငြိမ်ရင် (Domino Effect)လိုပဲ ကျန်တဲ့ဟာ တစ်ခုပြီးတစ်ခု နိုင်ငံရေး မတည်ငြိမ်၊ မတည်ငြိမ်ရာ ကနေ ငွေကြေး မတည်ငြိမ်၊ ငွေကြေး မတည်ငြိမ်ရာကနေ တောက်လျှောက် ဖြစ်နေတာပေါ့။ ကိုဗစ်ကတော့ ဘယ်သူမှ မတတ်နိုင်ဘူး တစ်ကမ္ဘာလုံး။ ဒါကတော့ တစ်ကမ္ဘာလုံးဖြစ်တာ။ တန်းတူပဲ အကုန်လုံး တူတူပဲ ဒါမပြောလိုဘူး။ ကျန်တဲ့ဟာ တော့ ကျနော်ပြောတာတော့ နိုင်ငံရေး တည်ငြိမ်လိုက်ရင် ကျန်တဲ့ဟာတော့ သူ့အလိုလို ကောင်းလာမယ်။ နိုင်ငံရေး မတည် ငြိမ်လို့ကတော့ နောက်တစ်ခုက ဖြေရှင်းနည်း တည်ငြိမ်ဖို့ လိုတာပေါ့။
ဒီအချိန်မှာ ငွေကြေးကိုလည်း ဟိုလူ့ကြောင့် ဒီလူ့ကြောင့် မဟုတ်ဘူး Ruler Cord အမှန်ပေါ့။ တကယ့်အရင်းအမြစ် ဘာ ကြောင့်လဲဆိုတာ စဉ်းစားသင့်တယ်။ ငွေကြေးတွေ၊ ဘဏ်တွေ ငွေကြေးထုတ်မရတာ၊ ဒေါ်လာဈေးတွေ တက်တာ ဒါတွေက ဖြေရှင်းနည်းတွေ လိုနေတယ်လို့ ထင်တယ်။ ဒါပေမယ့် ပြန်ချုပ်ရင်တော့ နိုင်ငံရေး တည်ငြိမ်တာနဲ့ ကျန်တဲ့ဟာတွေက ကောင်းသွားမယ်လို့ ထင်ပါတယ်။