CNI Interview

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၇

ကချင်ပြနယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာ ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့က ဂိတ်ဖွင့်ကာ စစ်ဆေးမှုများနှင့် ငွေကြေး ကောက်မှုများ ပြုလုပ်နေသလို တပ်မတော်နှင့်ပူးပေါင်းကာ စစ်ရေးဆောင်ရွက်နေခြင်းကြောင့် သတိပေးသည့် စာတစ်စောင်ကို KIA တပ်ရင်း (၃)က နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုစာထဲတွင် ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်း၊ပြည်သူ့စစ်ခေါင်းဆောင် ဦးခေါ်လေးတို့ကိုလည်း သတိပေးထားသည်။ KIA တပ်ရင်း (၃)သတိပေးသည့် ပြည်သူ့စစ်အဖွဲ့သည် လီဆူလူမျိုးများ ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သည့်အတွက် လူမျိုးရေး ပဋိပက္ခဖြစ်မည်ကို စိုးရိမ်မှုများလည်းရှိနေကြသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်ထားပါသည်။

မေး ။       ။ KIA တပ်ရင်း (၃)က ထုတ်တဲ့စာတစ်စောင်တွေ့ပါတယ်။ အဲမှာ ဦးရွှေမင်း ဒူးလေးပါတီ၊ ပြည်သူ့စစ်ခေါင်း ဆောင် ဦးခေါ်လေးနဲ့ ဦးလာမျာဝူတို့ကို သတိပေးစာပေါ့။ အဲမှာ သူတို့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စခန်းချတာ၊ လမ်းတွေ ပိတ်ဆို့ပြီးတော့ စစ်ဆေးနေတာ၊ ငွေကြေးတောင်းခံနေတာ၊ ပြီးရင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ စစ်ရေး လှုပ်ရှားနေတာ လုပ်နေတယ်ဆိုပြီးတော့ သတိပေးတာပေါ့လေ။ အဲတာကို ဆက်လုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးတယ်။ ဆရာက ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်ထားတာလား၊ ဘယ်လိုပုံစံမျိုးလဲ၊ အဲဒီစာကိုရော တွေ့မိသေး လား။

ဖြေ ။      ။ တွေ့ပါတယ် ခင်ဗျာ။ တစ်အချက်ကတော့ ဒါက ကျနော်တို့ ပါတီအနေနဲ့ လုပ်ဆောင်တာမဟုတ်ဘူးဆိုတာ ပြော ချင်ပါတယ်။ နှစ်အချက် ကျနော် က လီဆူလူမျိုးဖြစ်တဲ့အတွက်၊ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက်၊ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာကို ကျနော် အားပေးနေတာတော့ ရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့ကို ခြိမ်း ခြောက်တဲ့ ကိစ္စသည် အခုမှမဟုတ် နှစ် ၇၀ ဖိနှိပ်ပြီးတော့ မတရား ဆက်ကြေးကောက်၊ မတရားသတ်ဖြတ်၊ မတရား မုဒိန်း ကျင့် လုပ်ချင်တာလုပ်ခဲ့တဲ့ ဒီ KIA ကို ကျနော်တို့ ဆန့်ကျင်ခဲ့တာ အားလုံးအသိပဲဖြစ်တယ်။ အရင်တုန်းက ကျနော်တို့ ဆန္ဒ ဖော် ထုတ်ခဲ့တယ်။ တရားဝင် တောင်းပန်ဖို့ ပြောတယ်၊ မတောင်းပန်ဘူး၊ အဲတော့ သူတို့ သတ်ဖြတ်ခဲ့တဲ့ သူတို့ နှိပ်စက် ခဲ့တဲ့ လီဆူလူမျိုးတွေ မခံမရပ်နိုင်လို့ အခုလို ထကြွတာဖြစ်တယ်။

ကျနော်တို့ တပ်တစ်ခု တည်ဆောက်တဲ့နေရာမှာတော့ ကျနော်တို့ မိတ်ဆွေဆိုတာတော့ ရှိရပါလိမ့်မယ်။ အဲအတွက် ကျနော် တို့ မိတ်ဆွေအနေနဲ့ ဆောင်ရွက်တာဖြစ်တယ်။ နိုင်ငံရေးအရ ဆောင်ရွက်တာမဟုတ်ဘဲ ကျနော်တို့ လူမျိုးအပေါ်မှာ နှိပ်ကွပ်တဲ့အတွက် မတရားသတ်ဖြတ်၊ နှိပ်စက် ဆက်ကြေးကောက်၊ ကျွန်သဖောက်ဘဝပုံစံ လုပ်တဲ့အတွက် လီဆူလူမျိုးတွေ ထကြွလာတယ်လို့ပဲ ကျနော်ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။

နောက်တစ်ခုက ပြည်သူ့စစ်တွေ ငွေတောင်းတယ်ဆိုတဲ့ကိစ္စကို ကျနော်သိရသလောက်တော့ မှန်ပါတယ်။ သူတို့ ငွေတောင်း တယ်ဆိုတာက မတရားတောင်းတာ မဟုတ်ပါဘူး၊ သိသော ခင်သော သူများကို ကျနော်တို့ကို ဟင်းဖိုးလေးတော့ တက်နိုင် သမျှ ပေးပေးပါ။ ၁၀၀ ၊ ၂၀၀ ပေးသော်လည်းယူတယ်၊ မပေးတော့လည်း ဘာမှငြိုးငြင်စရာမရှိဘူး၊သူတို့ မငြိုးငြင် ဘူးလို့ပြော တယ်။ အဲမှာ ရေးထားတာတော့ မတရား၊ အဲတော့ KIA က တရားသော ငွေကြေးနဲ့ဘယ်မှာ ရပ်နေတာရှိသလဲလို့ ကျနော် မေးခွန်းပြန်ထုတ်ချင်ပါတယ်။

ကျနော်တို့ အတင်းအဓမ္မ လုပ်ခိုင်းတာမရှိဘူး၊ ကျနော်တို့ကိုယ်၌ လုပ်တာလည်းမရှိဘူး၊ ပါတီအနေနဲ့လည်း မပတ်သက်ဘူး။ သူတို့ KIA က နှစ် ၇၀ လုံးလုံး၊ အိမ်ထောင်စုတိုင်း ပေးရမယ်ဆိုတဲ့ အခွန်ကောက်တယ်။ အခွန်မျိုးစုံကောက်တယ်။ အခွန် မဟုတ်ဘူး ဆက်ကြေးပေါ့ဗျာ။ ခြိမ်းခြောက် အကြမ်းဖက်မှုမျိုးစုံ လုပ်တယ်။လုပ်တာကို မကျေနပ်ဘဲ အခုလာပြီး ကျနော်တို့ ကိုလာပြီး ပါတီရဲ့ ပုံရိပ်ထိခိုက်အောင် လူမျိုးရဲ့ပုံရိပ် ထိခိုက်အောင် လုပ်နေတဲ့အတွက် ဒီရဲ့ လုပ်ရပ်သည် ကောင်းမွန်တဲ့ လုပ်ရပ် မဟုတ်ဘူး။ ဒါကြောင့် ပြင်းထန်စွာ ကျနော်အနေနဲ့ တစ်ဦး ပုဂ္ဂလိက ဆန့်ကျင် ရှုတ်ချတယ်။ ဒီရဲ့ရလဒ်တွေက ဆိုးကျိုးကိုသာ သက်ရောက်စေမှာဖြစ်တယ်။

အထူးသဖြင့် ကျနော် တစ်ဦးတစ်ယောက်အနေနဲ့ ပြောချင်တာကတော့ လီဆူလူမျိုးရဲ့သွေးသည် ရဲပါတယ်၊ ကျွန်တွေ မဟုတ်တဲ့အတွက် ဖိနှိပ်မှုကိုပြန်ပြီး တွန်းလှန်ပါလိမ့်မယ်လို့ မြင်တယ်ဆိုတဲ့အကြောင်းလေး ကျနော် ပြောချင်ပါတယ်။

မေး ။         ။ ဒီစာနဲ့ပတ်သက်ပြီး KIA နဲ့ ဘယ်လို ညှိနှိုင်းဆွေးနွေး ဖြေရှင်းကြဖို့ရှိမလဲ။

ဖြေ ။         ။ ဟုတ်ကဲ့ မရှိပါဘူး၊ သူတို့အရင်တုန်းက ကျနော်တို့ လီဆူလူမျိုးကို မတရားခြိမ်းခြောက်၊ သတ်ဖြတ်၊ မုဒိန်းကျင့်၊ ငွေကြေးကောက်ခံ၊ သတ်ဖြတ်တာတွေအများကြီး နှိပ်စက်တာတွေ လုပ်ခဲ့တာကြောင့် ကျနော်တို့ ဆန္ဒဖော်ထုတ်တာ ၂ ခါ ရှိပါပြီး။ ကျနော်တို့ တောင်းဆိုချက် ၄ ရပ်ကို တောင်းဆိုခဲ့တယ်။

 

တစ်အချက် လီဆူလူမျိုးများကို KIO ဗဟိုက တရားဝင် တောင်းပန်ဖို့၊ နှစ်အချက် နောက်နောင် ငွေကြေးတွေ ကောက်ခံတာ တွေ၊ သတ်ဖြတ်တာတွေ မလုပ်ဖို့၊ သုံးအချက် လူသစ်အဓမ္မ စုဆောင်းတာတွေ မလုပ်ဖို့ဆိုတဲ့ အချက်တွေပါတဲ့ ၄ ချက် တောင်းဆိုခဲ့တယ်။ တောင်းပန်တာလည်းမရှိဘူး သူတို့ သတ်ဖြတ်ထားတဲ့လူရဲ့ မိသားစုကိုလည်း နှစ်သိမ့်တာလည်းမရှိဘူး။ ဆက်ပြီးတော့ လုပ်နေတာရှိတယ်။ အထူးသဖြင့် ယနေ့ထိတိုင်ဖြစ်နေတာက ဝင်ဖမ်းတယ် ငွေ ၅ သိန်း၊ ၁၀ သိန်း၊ ၂၀ သိန်း၊ ၁၀၀ သိန်း၊ သိန်း ၂၀၀ ကျော်ထိ ကောက်ခံနေတယ်။

တောင်သူလယ်သမားတစ်ယောက်က စပါးတင်း ၁၀၀ ရဖို့မလွယ်ပါဘူး၊ တင်း ၁၀၀ ရမှ ငွေလေး ၇ သိန်း၊ ၈ သိန်း။ သူတို့က လူတစ်ယောက်ဖမ်းပြီဆိုရင် အနည်းဆုံး ၁၅ သိန်း၊ သိန်း ၂၀၊ သိန်း ၁၀၀ တောင်းတယ်။ ကျနော်တို့လူမျိုးကို ကျွန်ပြုဖို့ လုပ်တယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှုကို ဦးတည်လာနေတဲ့ KIA ဖြစ်တယ်။ အဲတော့ ကျနော်တို့ကတော့ ဒီကနေ လွတ်မြောက်ဖို့ အတွက် လုပ်တာဖြစ်တယ်။ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ကျနော်တို့က ဘာမှမပတ်သက်ဘူးလို့ပဲ ကျနော့်အနေနဲ့ ပြောကြားချင်တယ်။

အဲတော့ ကျနော်တို့က KIA နဲ့ ကျနော်တို့လူမျိုးတွေရဲ့ ကြားထဲက ပဋိပက္ခပိုမို ကြီးထွားလာဖို့ပဲရှိတယ်၊ အဲတော့ ကျနော်တို့ က တောင်းပန်နေမှာမဟုတ်ဘူး၊ တောင်းဆိုနေမှာမဟုတ်ဘူး။ သို့သော် ပါတီအနေနဲ့ကတော့ နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ ရှင်းဖို့ ရှိလာခဲ့မယ်ဆိုရင်တော့ ကျနော်တို့ တံခါးဖွင့်ထားမှာ ဖြစ်တယ်။ ဒါပေမယ့် သူတို့(ပြည်သူ့စစ်) လုပ် ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အနေနဲ့ကတော့ အောက်ကျို့စရာ၊ တောင်းပန်စရာ ဘာမှရှိမှာ မဟုတ်ဘူး၊ ရရာ လက်နက်စွဲကိုင် ပြီးတော့ လုပ်နေကြတာကိုတော့ ကျနော်သိပါတယ်။ ကျနော်လည်း အားပေးသွားမှာပါ။

ကျနော်လည်း နိုင်ငံရေးသမားဖြစ်တဲ့ အတွက် လက်နက်ကိုင်တောင်းဆိုတဲ့ လမ်းစဉ်မဟုတ်ဘဲ လက်နက်မကိုင်တဲ့ စားပွဲဝိုင်း လမ်းစဉ်နဲ့ ကျနော်တောင်းဆိုမယ်။ သူတို့ လက်နက်ကိုင်တဲ့အဖွဲ့ကလည်း လက်နက်ကိုင်တဲ့ပုံစံနဲ့သွားလိမ့်မယ်။ အဲတော့ ကျနော်တို့သည် ဘောမနေခြင်း မဟုတ်၊ ကျနော်တို့သည် လက်ရှိအစိုးရကို ထောက်ခံခြင်း၊ မထောက်ခံခြင်းကို ပြောနေတာ မဟုတ်၊ KIA ကို ထောက်ခံခြင်း မထောက်ခံခြင်းကို ပြောနေတာမဟုတ်ဘူး။ အရေးကြီးဆုံးက KIA ရဲ့ မတရားပြုကျင့်မှု ကြောင့် ကျနော်တို့က တော်လှန်ရေး စတယ်ဆိုတဲ့ အဓိပ္ပာယ်လို့ပဲ ကျနော် ပြောကြားချင်ပါတယ်။

မေး ။          ။ ဒါဆို အခု ပြည်သူ့စစ်ခေါင်းဆောင်ဆိုတဲ့ ဦးခေါ်လေးတို့ ၊ ဦးလာမျာဝူတို့နဲ့ ဆရာတို့ ဒူးလေးပါတီနဲ့ ဘယ်လို ဆက်ဆံမှုရှိကြလဲ၊ ဆရာတို့ကပဲ အားပေးတာလား၊ ဒါမှမဟုတ် လူမျိုးအချင်းချင်းအရ ဆက်ဆံထိတွေမှုရှိတာလား၊ ဘယ်လို ပုံစံမျိုး အဆက်အဆံရှိကြတာလဲ။

ဖြေ ။         ။ ဟုတ်ကဲ့ သူတို့ ဒီလက်နက်ကိုင်တာကတော့ သူတို့ မခံမရပ်နိုင်လို့ လုပ်တာဖြစ်တယ်။ ကျနော်တို့ အနေနဲ့ ထိ တွေ့ ဆက်ဆံမှုတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ၂၀၂၀ မှာ ကျနော်ဟာ ကချင်ပြည်နယ် လီဆူတိုင်း ရင်းသား ရေးရာဝန်ကြီးဆိုတဲ့ ကိုယ်စားလှယ်လောင်း MANDATE ရထားတဲ့အတွက် ဒီအရေးအရာမှာ ကျနော်ကတော့ ထိတွေ့ ဆက်ဆံမှုတော့ ရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားချင်ပါတယ်။

 

မေး ။          ။ ဟုတ်ကဲ့၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး ပဋိပက္ခတွေမဖြစ်အောင် ထိန်းသိမ်းဖို့လိုကြတာပေါ့လေ၊ အဲတာမျိုး မဖြစ် အောင်ဆိုရင် နှစ်ဖက် ဘယ်လိုပုံစံမျိုး သတိထား ဆင်ခြင်ကြဖို့ လိုမလဲ၊ ဘာတွေကို စောင့်ထိန်းကြဖို့လိုမလဲဗျ။

ဖြေ ။         ။ အဓိကတော့ လီဆူလူမျိုးကို ဦးတည်ပြီးတော့ တိုက်ခိုက်တာမျိုး၊ လူမျိုးသုဉ်း တိုက်ခိုက်မှု ဦးတည်မှုမျိုး ရှောင်ရှားရမယ်။ ကျနော်တို့လူမျိုးသည်မဟုတ်ဘူး မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး၊ ပြည်သူအားလုံးအပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ တော်လှန်ရေးအသွင်ဆောင်ပြီး လုပ်ရမယ်။အခုက ဓားပြ အသွင်ဆောင်ပြီးလုပ်နေတာ ဖြစ်တယ်။ အကြမ်းဖက် အသွင်ဆောင်ပြီးတော့ လုပ်နေတယ်။

အဲအတွက် ဒီအကြမ်းဖက်လုပ်ရပ်ကတော့ ကျနော်တို့က လုံးဝ ဆန့်ကျင်တယ်။ အကြမ်းမဖက်ဘူး ပြည်သူတွေအပေါ်မှာ ရင် သား ကျောသား မခွဲခြားတဲ့ ပြည်သူ့ကာကွယ်ရေး ဆန်ဆန် လုပ်မယ်ဆို ရင် ကျနော်တို့က ဘယ်အဖွဲ့အစည်းမဆို လက်ခံ သွားမှာ ဖြစ်တယ်။ ပြည်သူကိုအကြမ်းဖက်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းကိုမှ ကျနော်တို့ လက်ခံမှာမဟုတ်ဘူး။ အသက်ပေး ပြီးတော့ ဒါတွေကို ကာကွယ်သွားနိုင်ရေးအတွက် ကျနော်တို့အားပေးသွားမှာ ဖြစ်ပါတယ်။

မေး ။         ။ နောက်တစ်ခုက အခု ဒီထူထောင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့ ဘယ်ကာလလောက်က စတင်ထူထောင်ထားလို့ သိရပါသလဲ။

ဖြေ ။         ။ ဟုတ်ကဲ့ သူတို့ ကြာတာတော့ ကြာပါပြီ။ ရက်အတိအကျတော့ ကျနော်တို့လည်း မသိဘူး၊ ဒါပေမယ့် ဒီနှစ်ပိုင်းမှာ ပိုပြီးတော့ အားကောင်းလာတာ။ အားကောင်းလာတယ်ဆိုတာ ဖိနှိပ်မှုတွေ၊ သတ်ဖြတ်မှုတွေ ပိုများလာတယ်။ သူတို့က အပေါ်စီးကပဲ ဆက်ဆံပြီးတော့ လီဆူလူမျိုးကို  ကျွန်ကဲ့သို့သော်၊ ကျွန်းသဖောက်ကဲ့သို့သော် အပြောအဆို နှိပ်ကွပ်မှုမျိုးနဲ့ လုပ်လာတဲ့အတွက် လွန်ခဲ့တဲ့ ၆ လလောက်ကစပြီးတော့ ပိုပြီးတော့ အရှိန်ကောင်းလာတယ်လို့ပဲ ကျနော် ဒီတိုင်း မြင်မိပါတယ်။

မေး ။         ။ နောက်ဆုံး မေးချင်တာက ဒီဖြစ်စဉ်တွေကြောင့် ပြင်းထန်တဲ့ ပဋိပက္ခတွေဖြစ်မလာအောင်၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး အမုန်းတရားတွေမပွားအောင် ဘယ်လိုပုံစံမျိုး ဝိုင်းဝန်း ဖြေရှင်းကြမလဲ။ ဘယ်လိုပုံစံမျိုး စောင့်ထိန်းသင့်တာတွေကို ဝိုင်းဝန်းပြီးတော့ စောင့်ထိန်းနိုင်အောင် ဆောင်ရွက်သင့်ကြလဲ။

 

ဖြေ ။         ။ အဓိကတော့ဗျာ နိုင်ငံတော်ကြီး ငြိမ်းချမ်းအောင်ဆိုပြီးတော့ ဦးတည် စဉ်းစားရမယ် ပထမအချက်။ ဒုတိယ အချက်က တော်လှန်ရေးလို့ မိမိကိုယ် မိမိ သတ်မှတ်တယ်ဆိုရင် တော်လှန်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ် နည်းနဲ့အတူ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်။ သုံးအချက်ကတော့ ပြည်သူတွေကို ကာကွယ်စောင့် ရှောက်မယ့်အစား မတရားညှင်းဆဲ သတ်ဖြတ်၊ မုဒိန်းကျင့်၊ ငွေကြေးညစ်ပြီးတော့ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူမျိုးရေး ဦးတည် တိုက်ခိုက်မှုတွေ ဖြစ်လာတယ်။

ဒါတွေမဖြစ်လာအောင် ကျနော်တို့ ရှောင်ချဉ်ပြီးတော့ နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးမယ်ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံကြီးလည်း အေးချမ်းမယ်။ ကျနော်တို့ ကချင်ပြည်နယ် ဒေသကြီးလည်း အေးချမ်းမယ်။ လူမျိုးအချင်းချင်းလည်း အတူယှဉ်တွဲ နေထိုင်လို့ ရမယ်။ KIA နဲ့ ကျနော်တို့ လီဆူကြားထဲကရှိတဲ့ အမုန်းတရားတွေလည်း ပြေပျောက်သွားနိုင် တယ်။ ဒါမှမဟုတ်ဘဲနဲ့ ခြိမ်းခြောက်နေမယ်ဆိုလို့ရှိရင် ဒီထက်ပိုပြီး ဆိုးဝါးလာတဲ့ ရလဒ်တွေသာ ထွက်ပေါ်လာမယ်လို့ မြင် မိပါတယ်။