CNI Interview
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၇
စိုက်ပျိုးရေး သွင်းအားစုစရိတ်များသည် ယခုနှစ်တွင် ယခင်နှစ်များကထက် အဆမတန် ဈေးကြီးနေခြင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ မဖွင့်လှစ်နိုင်သေးခြင်းတို့ကြောင့် တောင်သူများ အခက်အခဲဖြင့် ရင်ဆိုင်ကြုံတွေ့နေရ သကဲ့သို့ စိုက်ဧကလျှော့ချ၍ စိုက်ပျိုးမှုများ ပြုလုပ်လာကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ထိပ်သီးပို့ကုန်ထဲက တစ်ခုဖြစ်သည့် ဖရဲသခွား စိုက်ပျိုးမှု အခြေအနေနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးလွင်ကို CNI သတင်းဌာနမှ မေးမြန်း ထား သည်။
မေး ။ ။ ဖရဲသခွားက တရုတ်ကိုပဲ အဓိကအားကိုးပြီး ပို့နေရတာဆိုတော့ လက်ရှိ ဂိတ်တွေလည်း ပိတ်ထားတော့ ဖရဲသခွား စိုက်ပျိုးမှုက ဘယ်လို အနေအထားရှိလဲ။
ဖြေ ။ ။ ဒီနှစ်မှာတော့ စိုက်ပျိုးမှုက မရှိသလောက် ဖြစ်သွားတာ။ လက်ရှိ မရှိတောင်မှ (၁၀)ရာခိုင်နှုန်း လောက်ပဲရှိမယ်။ မရှိဘူးဗျ စိုက်ပျိုးမှုက။ အဲ့(၁၀) ရာခိုင်နှုန်းက ပြည်တွင်းပေါ့။ အခုလောလောဆယ်က။ တချို့ကလည်း ထင်ကြေးနဲ့ စိုက်ထား တာလေးတွေ ပွင့်တော့လည်း သွားမယ်ပေ့ါ။ မပွင့်တော့လည်း ပြည်တွင်းပဲ ရောင်းတာလုပ်မှာပေါ့။
မေး ။ ။ ဘာလို့ ဖရဲသခွားကို အခုနှစ်မှာ (၁၀) ရာခိုင်နှုန်းလောက်ပဲ စိုက်ကြတော့တာလဲ။
ဖြေ ။ ။ (၁၀) ရာခိုင်နှုန်းလောက်ပဲ စိုက်ဖြစ်တော့တာက တကယ်တမ်းပြောရရင် နံပါတ်တစ်က သွင်းအားစုတွေ
ဈေးကြီးတာပဲဗျ။ ဆေး၊ မြေဆီကအစ သွင်းအားစုတွေ အဆမတန်ဈေးကြီးတော့ ခါတိုင်းက သွင်းအားစု စရိတ်နဲ့ တောင်မှ အရှုံးပေါ်သေးတာဆိုတော့ ဒီသွင်းအားစုစရိတ်တွေ ကြီးတာတွေက ပိုပြီးတော့ အရှုံးပေါ်နိုင်တယ်ဆိုတာလည်း တစ်မျိုးပေါ့။ ပြီးတော့ တစ်ဖက်ကလည်း ဂိတ်ဖွင့်တာတွေ မဖွင့်တာတွေ တရုတ်အားထားတယ်ဆိုတော့ မသေချာတော့ စိုက်ပျိုးမှုတွေ လျှော့ချတာပေါ့။
ပုံ-ဖရဲသခွားမွှေးကိုတွေ့ရစဉ်။
မေး ။ ။ အခုစိုက်ပျိုးတဲ့ (၁၀)ရာခိုင်နှုန်းက မိုးစိုက်တစ်ခုတည်းလား။
ဖြေ ။ ။ မိုးစိုက်ရော ဆောင်းစိုက်ရောပါတယ်။ ကျနော်တို့ပြောရရင် နှစ်စဉ် သခွားမွှေး ပင်လယ်ခေါ်လောက်အောင် တစ်ကွင်းတည်း တစ်ဆက်တည်း ဧကပေါင်း ၁၀၀၀၀(တစ်သောင်း)ကျော်၊ တစ်သောင်း စိုက်တာ။ အခုက နှစ်ထောင် မပြည့်ဘူး။ ထောင်ဂဏန်းကို မရှိဘူး။ သခွားမွှေး ပင်လယ်ကနေ အခုကျတော့ ကုလားပဲ ပင်လယ်ဖြစ်သွားတာပေါ့ဗျာ။
မေး ။ ။ ဖရဲသခွားစိုက် တောင်သူတွေက ကုလားပဲ ပြောင်းစိုက်လာကြတာကို ပြောတာလား။ ဘာလို့လဲ။
ဖြေ ။ ။ ဟုတ်တယ် ကုလားပဲ၊ ဂျုံ။ ကုလားပဲ၊ ဂျုံက အရှုံးမရှိဘူး။ အမြတ်လည်း မကြီးဘူးပေါ့။ အမြတ်ဆိုတာကတော့ တစ်ဧက ဈေးနှုန်းအရ အထွက်ကောင်းခဲ့ရင် နှစ်သိန်း၊ သုံးသိန်းနဲ့ တောင်သူ အမြတ်အစွန်းရှိတာပေါ့။ သခွားမွှေးတို့၊ ဖရဲတို့ ဆိုတာက နိုင်ငံခြားပို့ကုန်ဖြစ်တော့ တရုတ်ယွမ်ငွေနဲ့ဆိုတော့ သူကတော့ ကြွေတစ်လှည့် ကြက်တစ်ခုန်တွေကို။ ရိုင်းရိုင်း ပြောရရင်တော့ သူဌေးဖြစ် ခွေးဖြစ်ပေါ့။
မေး ။ ။ ပြည်တွင်းမှာ ရောင်းချတာနဲ့ တရုတ်ကို တင်ပို့တာ ဘယ်လိုကွာခြားချက်တွေရှိလဲ။
ပုံ-တရုတ်ဖက်သို့ တင်ပို့မည့် ဖရဲသီးကား။
ဖြေ ။ ။ တရုတ်က ယွမ်ငွေနဲ့ဝယ်တာကိုး။ ယွမ်ငွေနဲ့ မြန်မာငွေ ဖြစ်တဲ့ဟာဆိုတော့ ဈေးနှုန်းကွာဟသွားလိုက်ရင်ကို ဒီမှာ တောင်သူ အကျိုးခံစားခွင့် ရွှေဖြစ်၊ ငွေဖြစ် ဖြစ်တော့တာကိုး။ ပြည်တွင်းကတော့ ပုံသေ ဈေးကွက်လို ဖြစ်တာကိုး။ ကိုယ့်ငွေနဲ့ ကိုယ်ဆိုတော့။
မေး ။ ။ ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ် ဘယ်လိုကွာခြားချက်တွေရှိလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့နှစ်နဲ့ ကွာခြားချက်ကတော့ အဓိကကတော့ သွင်းအားစုပဲဗျ။ သွင်းအားစုက ဈေးက အဆမတန် တက်သွား တာလေ။ မြေဩဇာတစ်အိတ် ၃၅၀၀၀(သုံးသောင်းခွဲ)ကနေပြီးတော့ အခု ၈၀၀၀၀(ရှစ်သောင်း)လောက် ဖြစ်သွားတာလေ။ ဆေးကလည်း မထူးဘူးလေ။ ၅၀၀၀(ငါးထောင်)တန်က ၁၂၀၀၀(သောင်းနှစ်ထောင်)လောက်ဖြစ်တာ။ စိုက်ခင်းထဲမှာတင်ကို ခါတိုင်းက သိန်း ၄၀ လောက် ကုန်တဲ့ဟာက အခု သိန်း ၇၀၊ ၈၀ လောက်ရောက်သွားပြီ။
မေး ။ ။ မနှစ်က ဖရဲသခွားတင်ပို့မှုက ဘယ်လို အနေထားဖြစ်ခဲ့လဲ။
ပုံ-ဖရဲသီးစိုက်ခင်း။
ဖြေ ။ ။ မနှစ်က ၇၀ ရာခိုင်နှုန်းလောက် ရှုံးပြီးတော့ အမြတ်က ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ဂိတ်တွေဖွင့်ခဲ့ အရောင်း အဝယ်တွေ ဖြစ်ခဲ့တာတောင်မှ အရှုံး အမျိုးမျိုး၊ အခက်ခဲတွေနဲ့ ကြုံခဲ့ရတာဆိုတော့ တကယ်လို့များ ဒါက မဖွင့်တာချည်းဆို တော့ ဆက်မတိုးတော့ဘူးပေါ့ဗျာ။ သွင်းအားစုစရိတ်တွေ ဈေးတက်တော့ တောင်သူတွေက ဆုံးရှုံးမှုမရှိခင် လျှော့ချလိုက်တာ ပေါ့။
အထိအနာဆုံးနှစ်ကတော့ ၂၀၁၉-၂၀၂၀ အနာဆုံးပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ကိုဗစ် စလိုက်တဲ့ နှစ်ပေါ့။ အဲ့မှာ တော်တော် လေး ကပြောင်းကပြန် ဖြစ်သွားတယ်။ ပြောရရင် ဖရဲသခွား ရွှေခေတ်၊ ငွေခေတ် ကနေပြီးတော့ ဆွဲချသွားတာပေါ့ဗျာ။
မနှစ်က ၂၀၂၀-၂၀၂၁ မှာက ခံစားခွင့် ရှိလိုက်သေးတယ်။ သူက ကြားဈေးကွက် ဖြစ်ခဲ့သေးတာကိုး။ ဖြစ်ခဲ့သေးတော့ မိုးစိုက် မှာက ဈေးကွက် တော်တော် ကောင်းခဲ့သေးတယ်။ အထိုက်အလျောက်လည်း ခုသာခံသာ သေးတယ်ပေါ့။