CNI Interview
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈
ကချင်ပြနယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာ ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့က ဂိတ်ဖွင့်ကာ စစ်ဆေးမှုများနှင့် ငွေကြေး ကောက်မှုများ ပြုလုပ်နေသလို တပ်မတော်နှင့်ပူးပေါင်းကာ စစ်ရေးဆောင်ရွက်နေခြင်းကြောင့် သတိပေးသည့် စာတစ်စောင်ကို KIA တပ်ရင်း (၃)က နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုစာထဲတွင် ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်း၊ပြည်သူ့စစ်ခေါင်းဆောင် ဦးခေါ်လေးတို့ကိုလည်း သတိပေးထားသည်။ KIA တပ်ရင်း (၃)သတိပေးသည့် ပြည်သူ့စစ်အဖွဲ့သည် လီဆူလူမျိုးများ ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သည့်အတွက် လူမျိုးရေး ပဋိပက္ခဖြစ်မည်ကို စိုးရိမ်မှုများလည်းရှိနေကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ အခု KIA တပ်ရင်း (၃) ထုတ်တဲ့ ထုတ်ပြန်ချက် တစ်စောင်တွေ့ရပါတယ်။ အဲဒီမှာ လီဆူ ပြည်သူ့ စစ်ခေါင်း ဆောင်တွေဖြစ်တဲ့ ဦးခေါ်လေးနဲ့ ဦးလာမျာဝူတို့ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ တပ်စခန်းချတာတွေ၊ ပိတ်ဆို့စစ်ဆေးတာတွေ၊ ငွေကြေးတောင်းခံတာတွေ၊ စစ်ကောင်စီနဲ့ပူးပေါင်း ဆောင်ရွက်တာတွေ မလုပ်ဖို့ တားမြစ်တယ်ဆိုပြီတော့ ပါပါတယ်။ အဲဒီထုတ်ပြန်ချက်က KIA က ထုတ်တာ အစစ်လား။
ဖြေ ။ ။ အဲတာကတော့ ကျနော်လည်း တိတိကျကျ မသိဘူး။ မသိဘူးဆိုတာကတော့ သူတို့ နယ်မြေက ထုတ်တာ ဖြစ် ပါတယ်။ ကျနော်တို့ KIO ဗဟိုကော်မတီအနေနဲ့ ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်တော့ မဟုတ်ပါဘူး၊ နောက်တစ်ခုရှိ တာ ကတော့ သူတို့ကိုလည်း ကိုယ့်ရဲ့နယ်မြေမှာ ကိုယ်က အုပ်ချုပ်မှုပေါ့နော်၊ ထိန်းချုပ်မှု၊ အုပ်ချုပ်မှု လုပ်ငန်းတွေကို သူတို့ကို တာဝန်ပေးထားတယ်ဆိုတော့ သူတို့လည်း သူတို့ရဲ့ အခြေအနေကို ကြည့်ပြီးတော့ ထုတ်ပြန်တဲ့ ကြေညာချက်လည်း ဖြစ် နိုင်ပါတယ်။ ကျနော်တို့ KIO ဗဟိုကော်မတီကနေ ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်တော့ မဟုတ်ပါဘူး။သူတို့ တပ်ရင်း အဆင့် တော့ တပ်ရင်းနယ်မြေမှာ ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်မှာပါ။
မေး ။ ။ အဲဒီထုတ်ပြန်ချက်မှာပါတာက ဒူးလေးပါတီက ဦးရွှေမင်းပေါ့လေ၊ ဦးရွှေမင်းက ဒီပြည်သူ့စစ်အဖွဲ့ကို ဦးဆောင် နေတာ၊ အားပေး အားမြှောက်လုပ်နေတာဆိုပြီးတော့ သတိထားဖို့ ပြောတာတွေလည်း ပါတယ်။ ဦးရွှေမင်းတို့ ပါတီဘက်က ပြန်ပြောတာကတော့ သူတို့က ဒီဟာကို ထူထောင်တာမဟုတ်ဘူး၊ ဒါပေမယ့် လီဆူလူမျိုးချင်းဖြစ်တဲ့အတွက် ထိတွေ့ဆက် ဆံမှုတော့ ရှိတယ်ပေါ့။ သူတို့ကို ဖိနှိပ်မှုတွေ လုပ်လို့ဒါတွေ ဖြစ်လာတာလို့ပြောတယ်။ အဲတော့ KIA နဲ့ လီဆူလူမျိုးများကြား မှာ ပဋိပက္ခတွေဖြစ်မှာ စိုးရိမ်ကြတာတွေရှိလာတယ်။ ဒါမျိုးတွေမဖြစ်အောင် KIO ဗဟိုက ဘယ်လိုကြား ဝင်ဆောင်ရွက် ပေး လေ့ရှိလဲ၊ လူမျိုးရေး ပဋိပက္ခမဖြစ်အောင် ဘယ်လိုစောင့်ထိန်းကြမလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ အဲဒီကိစ္စကတော့ ကျနော်တို့ အမြဲတမ်းပြောနေတဲ့ ကျနော်တို့ KIO ရဲ့ပေါ်လစီလည်း ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားအချင်းချင်းရော၊ နောက်ကျနော်တို့ လူမျိုးစုငယ်တွေ အချင်းချင်းထဲမှာလည်း ပဋိပက္ခမဖြစ်အောင် ကတော့ အတက်နိုင်ဆုံး ရှောင်တိမ်းပြီးမှ လုပ်ငန်းတွေဆောင်ရွက်ဖို့ ကျနော်တို့ အမြဲတမ်း ပြောထားတာရှိတယ်။ လီဆူ မျိုးနွယ်စုတွေနဲ့လည်း ပြဿနာမဖြစ်အောင် ကျနော်တို့က ရိုးရာ ယဉ်ကျေးမှုကော်မတီတွေနဲ့လည်း စာပေ ကော်မတီတွေနဲ့ လည်း ညှိပြီးမှ ကျနော်တို့ အမြဲတမ်းလုပ်ပါတယ်။
ကျနော်တို့ KIO ရဲ့ မူပေါ်လစီကလည်း ကျနော်တို့ မျိုးနွယ်စုအထဲမှာပေါ့နော်။ စည်းစည်းလုံးလုံး လုပ်ဆောင်ဖို့၊ စည်းစည်း လုံးလုံး ရှိဖို့ ကျနော်တို့ လုပ်ငန်းတွေရှိပါတယ်။ မူပေါ်လစီတွေရှိပါတယ်။ အဲထဲက ဥပမာ အဲဒီ ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့အတိုင်းပေါ့။
တခြား ရန်သူဘက်မှာ ရပ်တည်ပြီးမှ ကျနော်တို့ တိုင်းရင်းသား အချင်းချင်း၊ လူမျိုးစုဝင် အချင်းချင်း ပြဿနာပေါ်စေမယ့် ဟာတွေကတော့ မလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ တခြားရန်သူဘက်မှာ ရပ်တည်ပြီးမှ သူတို့ ခိုင်းတာတွေလုပ်၊ သူတို့ပေးတာတွေကိုပဲ စားပြီးမှ ကျနော်တို့ အချင်းချင်း ပြဿနာပေါ်တာမျိုးတော့ နောက်နောင်မှာလည်း ကျနော်တို့ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။ ဒါကတော့ ရေရှည် ရှောင်ရှား ဖို့လိုတယ်လို့ ပြောလိုပါတယ်။
မေး ။ ။ သူတို့ကတော့ ဒါက နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်တာ မဟုတ်ဘူး၊ မဟာမိတ်လုပ်ထားတာလည်း မရှိဘူး။ ဒါပေမယ့် ရပ်တည်ဖို့အတွက်ကတော့ အဖွဲ့အစည်းအားလုံးကတော့ သူ့ဟာနဲ့သူတော့ ရပ်တည်နိုင်ရေး ရှင်သန်နိုင်ရေး အတွက် မိတ်ဆွေလုပ်ကြတာ ရှိတယ်။ ဒီအပေါ်မှာရော KIA က ဘယ်လိုသဘောထားရှိကြလဲ။
ဖြေ ။ ။ အဖွဲ့အစည်းဆိုတာကတော့ ကျနော်တို့ လူမျိုးစုထဲမှာ တခြား သီးသန့် အဖွဲ့အစည်းတွေ ဘာမှဖွဲ့စည်းစရာလည်း မလိုပါဘူး။ ကျနော်တို့အားလုံးက ရန်သူကို တိုက်ခိုက်ဖို့၊ ချေမှုန်းဖို့ဆိုတာ တစ်စုတစည်းနဲ့ အဖွဲ့အစည်း တစ်ခု တည်ထောင်ပြီး မှ အဲဒီအဖွဲ့အစည်းမှာ အားလုံးပါဝင်ဆောင်ရွက်ရင်တော့ ကျနော်တို့ အင်အားလည်း ကြီးမားနိုင်ပါတယ်။ မဟုတ်ဘဲနဲ့ ကိုယ့် ဒေသ ကိုယ့်နယ်မြေမှာ ကိုယ်ကကြိုက်သလို ထင်သလို ဖွဲ့စည်းပြီးမှ လုပ်မယ်ဆိုရင် ဘယ်သူမှ အင်အားလည်း ရှိနိုင်မှာ မဟုတ်ဘူး။ ရှင်းရှင်းပြောမယ်ဆိုရင် ပြည်သူ့စစ် ဆိုတာကတော့ ကိုယ့်ရဲ့နယ်မြေတွေကို ကိုယ့်ရပ်ရွာတွေကို ပြည်သူလူထုကို ကာကွယ်တဲ့ ပြုစုစောင့်ရှောက်တဲ့ ပြည်သူလူထုဆိုရင်တော့ ဒါက ကောင်းပါတယ်။ အကျိုးရှိပါတယ်။
ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေကတော့ အားလုံးက တပ်မတော်ရဲ့ အောက်မှာရှိပြီးမှ တိုက်ပွဲမှာ ရှေ့တန်းထွက်တဲ့ ပြည်သူ့စစ်ဖြစ်နေတယ်။ ပြည်သူလူထုက နှိပ်စက်တဲ ညဉ်းပန်းတဲ့ ပစ်သတ်တဲ့ နေရာမှာပါဝင်တဲ့ ပြည်သူ့စစ်တွေ ဖြစ်ပါတယ်။ ဒါကိုတော့ ကျနော်တို့ လက်ခံလို့ မရဘူး။ အဲဒါမျိုးတွေ လက်ခံမယ်ဆိုရင် ကျနော်တို့ အချင်းချင်း က ပြဿနာ ပိုကြီးနိုင်ပါတယ်။ ဒါကြောင့် တပ်မတော်ဘက်နဲ့ စစ်ကောင်စီဘက်နဲ့ အုပ်ချုပ်တဲ့ ဖွဲ့စည်းပေးတဲ့ ထောက်ပံ့ပေး တဲ့ အဖွဲ့အစည်း ဆိုလို့ရှိရင်တော့ ကျနော်တို့အတွက်ကတော့ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။
မေး ။ ။ အခု ကြားတာတစ်ခုက လီဆူးပြည်သူ့စစ် ထူထောင်ရခြင်းကလည်း KIA ဘက်က လီဆူလူမျိုးတွေကို လူသစ် စုဆောင်းတာတွေ၊ သတ်ဖြတ်တာတွေ၊ ဖမ်းပြီးတော့ ငွေကြေးနဲ့ ပြန်ပြီး အလဲအလှယ် လုပ်တာတွေ ဒါတွေကြောင့်မို့ သူတို့ ကိုယ် သူတို့ ကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်အဖွဲ့ကိုဖွဲ့ရတာလို့ ပြောတာတွေလည်း ရှိတယ်ဗျ။ ဒီအပေါ်မှာ စောစောက ဗိုလ်မှူးကြီးပြောသလိုပဲ KIA ရဲ့ ပေါ်လစီအရလည်း မရှိဘူး။ ဒါပေမယ့် အောက်ခြေမှာ ဖြစ်နေတာတွေ ရှိကြတဲ့ အခါကျတော့ ဒါကိုရော ဘယ်လိုပုံစံမျိုးနဲ့ နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြမလဲဗျ။ ဒီကနေတဆင့် လူမျိုးရေး ပဋိပက္ခ မဖြစ်လာ အောင် ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းကြသင့်လဲ။
ဖြေ ။ ။ တကယ့်ပေါ်လစီက ဘယ်လိုလဲဆိုတာသာ အဓိက ကြည့်ရမှာဖြစ်ပါတယ်။ တကယ့် လက်တွေ့မှာ ကတော့ ဖြစ် တာကတော့ အများကြီးရှိမှာပါ။ လီဆူတွေသာ မကပါဘူး။ ဂျိမ်းဖောတွေကိုလည်း ဒါမျိုးလုပ်တာတွေ အများကြီးရှိမှာပါ။ ဥပမာ-ရှေ့တန်းသမားတွေရဲ့ အားနည်းချက်တွေလည်း ရှိမှာပါ။ နောက် တကယ်လိုအပ်လို့ လုပ်တာတွေလည်း ရှိမှာပါ။ ဖမ်း သင့်တဲ့ နေရာမှာတော့ ဖမ်းရမှာပဲ။ တရားစီရင်သင့်တဲ့ သူတွေကိုလည်း တရားစီရင် ရမှာပဲ။ ဒါက လီဆူမို့လို့ လုပ်တာ မဟုတ် ပါဘူး။ တခြား ဘယ်သူ့ကိုမဆို အဲဒါမျိုးလုပ်တာတွေရှိပါတယ်။ ဒါကို ခုတုံးလုပ်ပြီးမှ အခုလိုမျိုး ဒီအဖွဲ့အစည်းတွေ ဖွဲ့စည်းတာ ကတော့ မကောင်းပါဘူး။ အဲဒါက တစ်ချက်။
ဒုတိယ တစ်ချက်နဲ့ ပြောမယ်ဆိုရင်တော့ အဲ့ဒါမျိုးတွေ ကျူးလွန်တာတွေကိုတော့ ကျနော်တို့ ထိထိရောက်ရောက် အရေးယူ တာ ရှိပါတယ်။ မူလည်း ရှိပါတယ်။ သက်သေတွေလည်း အများကြီးရှိပါတယ်။ လီဆူတွေကို နှိပ်စက်တာတွေ ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေ ကျနော်တို့ မူမရှိပါဘူး။ လက်လွတ်စပယ် လုပ်တာတွေကို ကျနော်တို့ အရေးယူတာတွေရှိပါတယ်။ တခြား လူမျိုးစုနွယ်တွေ ဘယ်သူ့ကိုမှ ကျနော်တို့ ဒါမျိုး ကျူးလွန်တယ်ဆိုရင် ကျနော်တို့ အုပ်ချုပ်မှုစည်းကမ်းအရ ထိထိရောက် ရောက် အရေးယူတာရှိပါတယ်။
မေး ။ ။ နောက်ဆုံးမေးချင်တာက ကချင်ပြည်နယ်ထဲမှာ လူမျိုးပေါင်းစုံ နေထိုင်ကြတယ်ပေါ့။ ရှမ်းနီတွေ ရှိမယ်။ လီဆူ တွေလည်း ရှိမယ်။ ဗမာတိုင်းရင်းသားတွေလည်း ရှိမယ်။အများကြီးပေါ့လေ။ ပြီးတော့ လှုပ်ရှားတဲ့ အဖွဲ့အစည်း တွေလည်း အများကြီးရှိတဲ့ အခါကျတော့ ကချင်ပြည်နယ်အတွင်းမှာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးနဲ့ ပဋိပက္ခတွေ မရှိဘဲ တည်တည်ငြိမ် ငြိမ် အေးအေးချမ်းချမ်း နေထိုင်နိုင်ရေးအတွက် အားလုံးက ဘက်ပေါင်းစုံက ဘယ်လိုပုံစံမျိုး ထိန်းသိမ်းစောင့်ရှောက်သင့်သလဲ၊ ဘယ်လိုပုံစံမျိုး နေထိုင်သင့်ကြပါသလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ မူကတော့ ဥပမာ-ရှမ်းနီကိုလည်း ကျနော်တို့ ဌာနေသားလို့ သတ်မှတ်ပါတယ်။ ဌာနေသား ဆိုတာက ကျနော်တို့ ဘိုဘွားခေတ်ကတည်းက အတူတူနေထိုင်တဲ့ တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ ထိုနည်းတူ ကျနော်တို့မှာ တိုင်းရင်းသားတွေ အများကြီး ရှိကြတယ်။ ကျနော်တို့လည်း တွေ့ပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ အရှုပ်ထွေးဆုံး ပြဿနာက လူမျိုးအချင်းချင်းပြဿနာ မဟုတ်ဘူး။ တိုင်းရင်းသားအချင်းချင်းပြဿနာ မဟုတ်ဘူး။ စစ်အာဏာရှင် ပြဿနာပဲ ဖြစ်ပါတယ်။
ဗမာလူမျိုးကြီးဝါဒနဲ့ အုပ်ချုပ်တာကို ကျနော်တို့ ခံနေရလို့ ကျနော်တို့ မြန်မာနိုင်ငံ ပြဿနာဖြစ်နေတာပါ။ ဒါကြောင့် ဗမာပဲ ဖြစ်ဖြစ်၊ ရှမ်းပဲ ဖြစ်ဖြစ်၊ တရုတ်ပဲ ဖြစ်ဖြစ် ဘယ်တိုင်းရင်းသားမဆို ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာကတော့ မဟာလူမျိုး ကြီးဝါဒ နောက် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ကတော့ ကျနော်တို့ အားလုံးရဲ့တာဝန်ဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။
ဒါကြောင့် အဲဒီချုပ်ငြိမ်းဖို့အတွက် အဲဒီဖြုတ်ချဖို့အတွက် ကျနော်တို့အားလုံးက လက်တွဲပြီးမှ ဖြုတ်ချနိုင်တဲ့အထိ အားလုံးက လက်တွဲပြီးမှ လုပ်သွားရင် ကျနော်တို့ မြန်မာနိုင်ငံ နောက် ကျနော်တို့ ကချင်ပြည်နယ်လည်း အားလုံးက တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေလို့ရမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျနော်တို့ အချင်းချင်းပဲ အဖွဲ့အစည်း တွေ ထောင်ပြီးမှ အချင်းချင်းပဲ ရန်ဖြစ်ပြီးမှ နေမယ်ဆိုရင်တော့ ရှေ့မတိုးနိုင်ဘူးလို့ ကျနော် ပြောလိုပါတယ်။ အားလုံးရဲ့ ပစ် မှတ်ဖြစ်နေတဲ့ အားလုံးရဲ့ ဘုံရန်သူဖြစ်နေတဲ့ စစ်အာဏာရှင်တွေ ဖြုတ်ချရေးမှာတော့ ကျနော်တို့ လက်တွဲပြီးမှ လုပ်ဆောင် နိုင်ဖို့ကတော့ ကျနော်တို့ကတော့ ကြိုးစားဖို့လိုမယ်လို့ အဲ့လိုပဲ ပြောလိုပါတယ်ခင်ဗျ။