CNI Interview
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ဇိုမီးပြန်လည်သွေးစည်း ညီညွတ်ရေးတပ်မတော်(ZRA/ZRO)သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများတွင် လှုပ်ရှားလျက်ရှိသော ဇိုမီးလူမျိုး လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ထိုသို့ လှုပ်ရှားနေသော ဒေသများတွင် ဒီဇင်ဘာ ၁၇ ရက်က ချင်းအမျိုးသားတပ်ဦး(CNF)နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း PDF စခန်းများကို ZRA က မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့ခြင်းကြောင့် နှစ်ဖက် အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
အလားတူ နွေဦးတော်လှန်ရေးကို ဦးဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဆက်သွယ်မှုများ ရှိသော် လည်း NUG ၏ မဟာမိတ် လက်နက်ကိုင်အဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ငြင်းပွားမှုများ ဖြစ်နေသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ZRA အရှေ့ပိုင်းဌာန၏ ဒါရိုက်တာ ပူဇိုထန်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ တီးတိန်မှာ ZRA နဲ့ CNF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရလို့လေ။ အဲဒီတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ ဒါက ကျနော်တို့ နယ်လှည့်ရင်းလေ ကျနော်တို့ ZRA အဖွဲ့က နယ်လှည့်ရင်းနဲ့ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ နယ် လှည့်ရင်းနဲ့ သွားနေတဲ့အချိန်မှာ မမျှော်လင့်ပဲနဲ့လေ။ ကျနော်တို့က တစ်ခါမှ CNA နဲ့လည်း ရန်မဖြစ်ဖူးဘူး။ အဲတာမျိုး မမျှော်လင့်ပဲနဲ့ ဂွာစိန်းကျေးရွာမှာ ဖြစ်တဲ့အခါကြတော့ ကျနော်တို့က အံ့ဩတာပေါ့။ အံ့ဩလည်း အံ့ဩတယ်။ ပြီးတော့ ကျနော်တို့ ဒီအာဏာရှင်အစိုးရကို တိုက်နေတဲ့အချိန်မှာ အဲဒီလိုမျိုး ကျနော်တို့ သေနတ်ပြောင်းဝကို ကိုယ့်အချင်းချင်းဆီ ပြန်လှည့်တာမျိုး ကျနော်တို့က တစ်ခါမှ မရှိခဲ့ဘူးနော်။
ပုံ-CNF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်
ပြီးတော့ CNA စခန်းတွေကိုလည်း ကျနော်တို့ အလေးအနက်ထားတယ်။ လုံခြုံမှုလည်း ပေးတယ်။ ဘာတစ်ခုမှ ဒုက္ခလည်း မပေးဘူးပေါ့နော်။ အချင်းချင်းဆိုတော့ ဒီလိုဖြစ်တဲ့အချိန်မှာ သူတို့က မမျှော်လင့်ဘဲ လာတိုက်တော့ ကလေးတွေကလည်း ကိုယ့်ဟာနဲ့ကိုယ် ကာကွယ်တဲ့ အနေအထားလောက်ပဲ လုပ်တာလေ။ ဒါပေမယ့် သူတို့ ဝင်တိုက်တဲ့အခါကြတော့ မတိုက်လို့ မရတဲ့ အခြေအနေဖြစ်တဲ့ အခါကြတော့ ကျနော်တို့က တိုက်တယ်။ ပြီးတော့ ကျနော်တို့ ဆုတ်ခွာလိုက်တာ။ အဲတော့ ဒီကိစ္စ ကျနော်တို့ လုံးဝမမျှော်လင့်တဲ့ ကိစ္စဖြစ်လာတဲ့ အခါကြတော့ ရင်ထဲမှာတော့ ခံစားချက်က ရှိလာပြီပေါ့နော်။
ဒါမယ့် ကျနော်တို့ တိုက်လို့ ဘာမှ အကျိုးရှိမှာလည်း မဟုတ်ဆိုတာလည်း သိတယ်လေ။ အဲအခါကြတော့ ကျနော်တို့က ဒီကိစ္စတော့ သူတို့ တောင်းပန်တာ မတောင်းပန်တာ အပထား၊ ကျနော်တို့ကတော့ ကောင်းကောင်း စဉ်းစားဆုံးဖြတ်တဲ့ ဒီကိစ္စတွေ ကျနော်တို့ အလကားတော့ ထားမှာတော့ မဟုတ်ဘူးပေါ့နော်။ အဲတာပြောချင်တာပေါ့နော်။
မေး ။ ။ တိုက်ပွဲတွေ မဖြစ်ဖို့ နှစ်ဖက် အဖွဲ့အစည်းတွေ ညှိနှိုင်းဆောင်ရွက်တာ ရှိပါသလား။
ဖြေ ။ ။ အဲတာတော့ မရှိပါဘူး။ ပြီးတော့ အရင်ကတည်းကလည်း ကျနော်တို့က ရန်မဖြစ်ဖူးဘူးဆိုတော့ သူငယ်ချင်း လိုပဲ။ သူတို့ ခေါင်းဆောင်တွေနဲ့လည်း စကားပြောတာရှိတယ်။ သူတို့လည်း ချိုချိုသာသာနဲ့ပြောတယ်။ ကျနော်တို့ အချင်းချင်း နားလည်ရအောင်ဆိုတဲ့ ကျနော်တို့ ဖုန်းတွေနဲ့ ဆက်သွယ်တာတော့ ရှိတယ်လေ။
သူတို့က လာပစ်မယ်ဆိုတာ ကျနော်တို့က လုံးဝမထင်ခဲ့ဘူးလေ။ ညှိလည်း မညှိဖူးဘူး။ တိုက်စရာလည်း အကြောင်းမရှိဘူး လေ။ ကျနော်တို့ တီးတိန်၊ တွန်းဇံက ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအရ သီးသန့်နယ်မြေဆိုတဲ့ စိတ်ဓါတ်နဲ့ပဲ ကျနော်တို့ ဝင်ထွက် သွားလာတာလေ။ အဲတော့ ကျနော်တို့ သူတို့နဲ့ ညှိဖို့လည်း အကြောင်းမရှိဘူး။ ပြီးတော့ တိုက်စရာလည်း အကြောင်းမရှိဘူး။ ဒါပေမယ့် ၁၇ ရက်နေ့မှာတော့ မမျှော်လင့်ဘဲ ဖြစ်သွားတာပေါ့။
ပုံ-ZRA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်
မေး ။ ။ ZRA က ဇွန် ၁၇ ထုတ်ပြန်ချက်မှာ ZRA လှုပ်ရှားနယ်မြေမှာ အခြားလက်နက်ကိုင်အဖွဲ့ လှုပ်ရှားတာ ခွင့်မပြုဘူး ဆိုတာကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလား။ အခြားဘယ်လို အကြောင်းအရာမျိုးတွေ ရှိသေးလဲ။
ဖြေ ။ ။ ဟုတ်တယ်။ လက်မခံဘူးဆိုတာ ကျနော်တို့ ဟုတ်တယ်။ ပြောထားပြီးသား ဖြစ်တယ်။ ရေးလည်း ရေးထားပြီး သား ဖြစ်တယ်။ ကိုယ့်လူမျိုးစု အတွင်းမှာလည်း ဇိုမီးဧရိယာ၊ ကလေး ကဘော်အထိတောင်ပေါ့နော်။ တီးတိန်၊ တွန်းဇံ၊ ခိုင် ကမ်း၊ ကျင်ခါးအထိ ကျနော်တို့ အမြဲတမ်း ကျနော်တို့ နယ်မြေအထိ သတ်မှတ်ထားတာ။ အဲအထဲမှာ အခြားလက်နက်ကိုင် မရှိ ရဘူးဆိုတာ ပြီးခဲ့တဲ့ ဧပြီလလောက်ကတည်းက ကနော်တို့က ပြောထားပြီးသား။ ထုတ်ပြန်ချက် ထုတ်ထားပြီးသား ဖြစ်တယ်။
ဒါပေမယ့် အခု ဒီလိုဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ကတော့ ဒီတာဝန်ကို ဆက်လက်ပြီး ထမ်းဆောင်ရမှာပဲ။ ပြီးတော့ အချင်းချင်း နားလည်မှု မလုပ်ပဲနဲ့ ဆက်လုပ် လာမယ်ဆိုရင်တော့ ကျနော်တို့ကတော့ နောက်ဆုတ်မှာလည်း မဟုတ်ဘူး။ ရှေ့ကို သွားရမှာပဲ အဲတာကို ကျနော်တို့ ပြောချင်တာပေါ့။
မေး ။ ။ ZRA အနေနဲ့ NUG ကို ကြိုဆိုထောက်ခံတယ်လို့ သိရတယ်။ ဆိုတော့ အခုရော NUG နဲ့ ဘယ်လို ချိတ်ဆက် ဆောင်ရွက်မှုတွေ လုပ်နေတာရှိပါသလဲ။
ဖြေ ။ ။ ရှိပါတယ်။ ကျနော်တို့ ပုံမှန်အစီရင်ခံစာ လုပ်တယ်။ ပြီးတော့ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေလည်း လစဉ်၊ လတိုင်း ကျနော်တို့ ပို့တာရှိတယ်။ ဒါပေမယ့် သူတို့ သတင်းထုတ်ပြန်တဲ့ နေရာမှာလည်း တစ်ပိုင်းပါ။ NUG အနေနဲ့ သူတို့ စစ်ပွဲသတင်းတွေ ဘာတွေ ရေးတဲ့အချိန်ကြရင် သူတို့က သူတို့စာသားတွေက တစ်ခါတစ်လေ သိပ်မကောင်းဘူးလေနော်။ ကိုယ့်ကို ဆန့်ကျင်တဲ့ ဘက်ကနေပေးတဲ့ သတင်းတွေပဲ သူတို့ တစ်ခါတစ်လေ မှတ်တမ်းတင်တာ၊ သတင်းထုတ်တာတို့ ရှိတဲ့ အခါကြတော့ သူတို့မှာလည်း မြေပြင်အနေအထားကို သိစေချင်တယ်။
တစ်ဖက်မှာ ကျနော်တို့ ဒီမိုကရေစီလိုလားတဲ့ လူတွေကတော့ တစ်ခါတစ်လေ စစ်အစိုးရထက်တောင် ဆိုးတယ်ပေါ့နော်။ ဆိုးတဲ့အခါ တစ်ခါတစ်လေ မသိတာလား၊ ဟန်ဆောင်တာလား မသိဘူး။ သူတို့ ထုတ်ပြန်တဲ့ သတင်း အချက်အလက်တွေ ပေါ်မှာ တစ်ခါတစ်လေ မှားယွင်းတဲ့ သတင်းတွေ လုပ်တတ်တယ်။ ကျနော်တို့က အဲတာမျိုး ကန့်ကွက်တယ်။
ပုံ-ZRA စခန်းတစ်ခုကိုတွေ့ရစဉ်
ဒါမဟုတ်လို့ရှိရင် ဒီလိုဒီလို တိုင်ကြမယ်ဆိုတဲ့ဟာမျိုး သိပ်ပြီးမလုပ်ဘူးလေ ကျနော်တို့က မြေပြင်အနေအထားကို အဓိက ထားပြီးတော့ ကျနော်တို့ လှုပ်ရှားတာလေ။ အဲခါကြတော့ ကျနော်တို့ Report လုပ်တာလည်းရှိတယ်။ အမြဲတမ်း ပုံမှန်လုပ် တယ်။ ဒါမယ့် သူတို့ဘက်နေ ဘယ်လိုထောက်ပံ့မယ်၊ ဘယ်လို လက်နက်အင်အား ထောက်ပံ့မယ်ဆိုတာ တစ်ခါမှ ကျနော်တို့ မရဘူးပေါ့နော်။ ရဖို့လည်း မမျှော်လင့်ခဲ့ဘူး။ ဒါပေမယ့် အစီရင်ခံစာတော့ လစဉ်၊ လတိုင်းတော့ပေးတယ်။ အဲတာတော့ ဒီလောက်ပဲ ရှိတယ်။
မေး ။ ။ နောက်တစ်ခုပေါ့လေ၊ ချင်းပြည်နယ်မှာ အခြေစိုက်ထားတဲ့ PDF-Zoland ခေါင်းဆောင် တစ်ဦးကို ZRA က ဒီဇင်ဘာ ၅ ရက်က သတ်ဖြတ်လိုက်တယ်လို့ အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ခဲ့တာတွေ့ရတယ်။ အဲတာနဲ့ ပတ်သက်ပြီး သိလိုပါတယ်။
ဖြေ ။ ။ အဲတာ မဆိုင်ဘူး။ ကျနော်တို့က လုံးဝမသိခဲ့ဘူးလေ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့သတင်းမှာ ကျနော်တို့ ကြားရသလောက် သူတို့ အတွင်းကျကျမှာ ချင်းနဲ့ဇိုမီး ပေါင်းမယ့် အနေအထားမှာ သူတို့မှာ ပြဿနာရှိတယ်တဲ့။ ကြားထဲမှာ လေ။ ဟိုဘက်ပါမလား၊ ကိုယ့်ဘက် ပါမလားဆိုတဲ့ အပိုင်းထဲမှာ ပြဿနာရှိတယ်လို့ ကြားတာပေါ့လေနော့်။ ကြားတဲ့ နောက် ပိုင်းမှာ ပြဿနာဖြစ်သွားတာ။ ကျနော်တို့နဲ့ လုံးဝမဆိုင်ဘူး။ သိလည်း မသိခဲ့ဘူး။
အဲတာကြောင့် သူတို့ စွပ်စွဲတာတော့ မီဒီယာထဲမှာတော့ အမျိုးတွေ အချင်းချင်း ခွပ်တဲ့အခါကြတော့ မကောင်းသတင်းတွေ မဟုတ်မှန် သတင်းတွေပဲ ရေးမှာပဲလေ။ ပြောကြမှာပဲ ဒါပေမယ့် ဒီကိစ္စမှာ ကျနော်တို့ လုံးဝမပါဘူး။ သိလည်း မသိခဲ့ဘူးပေါ့။ အွန်လိုင်းပေါ်မှာ ပိတ်ပင်တာပဲ ရှိတယ်။
မေး ။ ။ အခုနောက်ပိုင်း ချင်းပြည်နယ်မှာ PDF အဖွဲ့တွေ အများကြီး ရှိလာတယ်။ ဒီအပေါ်မှာ ZRA ရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ ။ ။ အဲတာတော့ ကျနော်တို့အမြင်မှာတော့ ကျနော်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်မှာတော့ ကောင်းမဲ့ လက္ခဏာတော့ ပေါ်ဘူး ပေါ့နော်။ အဲတော့ PDF များလေလေ အချင်းချင်း ပြန်တိုက်တော့မှာ။ အခု ကျနော်တို့ အာဏာရှင်စနစ် ခုနကပြောသလို အာဏာရှင်စနစ် တိုက်ထုတ်မယ်လို့ ကျနော်တို့ ကြုံးဝါးထားတဲ့အချိန်မှာ အခု ကိုယ့်အချင်းချင်း သေနတ်ပြောင်းဝ ပြန်လှည့် မယ့် အနေအထားရှိလာတဲ့ အခါကြတော့ ကျနော်တို့ကလည်း မလုပ်ပါနဲ့လို့ တားလို့မရဘူး။ ဒါမယ့် ကိုယ့်ရဲ့လမ်းစဉ် ကိုယ့်ရဲ့ လမ်းကြောင်းမှာ ပြဿနာလာရှာတယ်ဆိုရင်တော့ ကျနော်တို့ကတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရမှာပဲ။
ပုံ-ZRA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်
ဒါမယ့် ဒီ PDF များတာတော့ လုံးဝကောင်းတဲ့ နိမိတ်လက္ခဏာ မဟုတ်ဘူးဗျ။ အဓိက ကျနော်တို့ ချင်းပြည်သူတွေက နိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေးကိစ္စမှာ နားမလည်တာ အများကြီးရှိတယ်။ စစ်ပွဲ အဓိကအားဖြင့် လူမျိုးစုစစ်ပွဲတွေ ဖြစ်လာပြီ ဆိုရင် ဘယ်လောက် အကျိုးခံစားမလဲ၊ အကျိုးဆက် ဘယ်လောက်အထိ ပေါ်ပေါက်တယ်ဆိုတာ သူတို့က နားမလည်တဲ့ အခါ ကြတော့ တချို့လူတွေက မျှော်လင့်ချက်နဲ့ သေနတ်ကိုင်ကြတာပေါ့။ နောက်ကြရင်တော့ အဖြေပေါ်လာပါလိမ့်မယ်။ ပြည်သူ တွေက နားမလည်ဘူး။ လက်တွေ့ ကိုယ်တိုင်ကြုံတွေ့မှ သိမဲ့အခါကြတော့ လုပ်ကြပေါ့ကွာ၊ ကျနော်တို့လည်း တားလို့မရဘူး အကျိုးဆက်က သင်ခန်းစာ ပေးလိမ့်မယ်လို့ ကျနော်အဲတာပဲ ပြောချင်တယ်။
မေး ။ ။ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး နောက်ဆုံး ဘာမျှဖြည့်စွက် ပြောကြားလိုပါသလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ဒါမျိုး နောက်ထပ်မဖြစ်အောင် CNA အဖွဲ့တွေကိုလည်း ပြောချင်တယ်လေ။ အပြစ်မရှိပဲနဲ့ သေနတ်ကိုင်ပေမယ့် စစ်တိုက်မယ်ဆိုတာလည်း ရာနှုန်းပြည့်တော့ မဟုတ်ပြန်ဘူးလေ။ အဲတော့ အဲတာမျိုး အချင်းချင်း တိုက် တာထက် သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ဘက်မှာပဲ ဦးတည်ပြီးတော့ သူတို့ သွား လိုက်ရင် ကျနော်တို့ ZRA အနေနဲ့ ဘယ်သူ့ကိုမှ တိုက်စရာလည်း အကြောင်းမရှိဘူး။ ကိုယ့်ဟာနဲ့ကို ကိုယ့်နယ်မြေမှာ ကိုယ့် လမ်းစဉ်အတိုင်း သွားမယ်။