CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းအတွင်း အများပြည်သူ နေ့စဉ်သွားလာ စီးနင်းနေရသည့် YBS ဘတ်စ်ကားများပေါ်တွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုများ ပိုမိုများပြားလာနေကြောင်း YBS စီးနင်းသည့် ခရီးသည်များထံမှ သိရသည်။

YBS ယာဉ်လိုင်းများပေါ်တွင် ယခင်ကထက် ခါးပိုက်နှိုက်မှုများ တွေ့နေရသည့်အတွက် အများပြည်သူ လုံခြုံရေး အတွက် ယာဉ်များပေါ်တွင် CCTV(စောင့်ကြည့်ကင်မရာ)များ တပ်ဆင်ထားစေလိုကြောင်း YBS စီးနင်းသည့် ခရီးသည် တစ်ဦးဖြစ်သူ ကိုမျိုးလွင်က CNI သတင်းဌာနသို့ ပြောသည်။

“ကားပေါ်မှာ ခါးပိုက်နှိုက်တာ ပြည်သူကလည်း သတိထားရမယ်။ ပါလာတဲ့ ကိုယ့်ပစ္စည်းတွေ ကျနော်တို့ အိတ်လေးတွေကိုလည်း ရှေ့မှာ လွယ်သင့်တယ်ပေါ့နော်။ ဒါပေမယ့် ကားပေါ်မှာလည်း CCTV ကင်မရာတို့ ဘာတို့ တပ်ထားသင့်တယ်ပေါ့။ အခု ကျနော် အများအားဖြင့် တွေ့နေရတာကတော့ သွားနေတာ ကျနော်လည်း YBS စီးနေတာပဲ။ သူတို့ CCTV တွေ အလုပ်မလုပ်တာတွေ ရှိတယ်။

တချို့ကားတွေလည်း အဆင်မပြေဘူးပေါ့ဗျာ သွားရ လာရတာ။ ခရီးသည်တွေအနေနဲ့ လုံခြုံမှု အားနည်းသလို ဖြစ်နေတယ်။ အခုက ခေတ်ကာလ မကောင်းတဲ့အခါကျတော့ လုယက်တဲ့သူတွေ၊ လူတွေကလည်း အလုပ်အကိုင်မရှိတော့ လုယက်နေကြတာ။ အလွယ်ပဲ။ ဟိုနေ့ကတောင်မှ ကျနော့်ညီတစ်ယောက် ဖုန်းတွေ ပါသွားတယ်။ အိတ်အခွဲခံလိုက်ရတယ် အဲ့လိုပါသွားတယ်ပေါ့။အဲဒါ ဘယ်လိုလဲဆိုတော့ ပြောရမယ်ဆိုတော့ဗျာ တင်းတင်းကြပ်ကြပ်လေးပေါ့ ဥပဒေကို တင်းတင်းကြပ်ကြပ်လေးလုပ်။ ကားတွေမှာလည်း အမှန်တိုင်းဆိုရင်တော့ လုံခြုံရေးရှိရင်တော့ ပိုကောင်းတာပေါ့ဗျာ” ဟု ပြောသည်။

ဒါ့အပြင် YBS ဘတ်စ်ကားများပေါ်တွင် အုပ်စုလိုက် ခါးပိုက်နှိုက်ခံရတဲ့သူများ၏ ရင်ဖွင့်သံများကိုလည်း ဒီ ရက်ပိုင်း အတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ခပ်စိပ်စိပ်တွေ့နေရသည့်အပြင် ခါးပိုက်နှိုက်ခံရပြီး ခရီးသည်က သိသိ ချင်းပြောမိသည့်အခါ ခါးပိုက်နှိုက်အုပ်စု၏ ထိုးကြိတ်ခြင်းကို ခံရသည့် အဖြစ်အပျက်များလည်း ဖြစ်နေကြောင်း ခရီးသည်များက ရေးသားထားကြခြင်းဖြစ်သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ခါးပိုက်နှိုက်များ ပေါများလာမှုအခြေအနေနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTC ကို မေးမြန်းရာတွင် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “ခါးပိုက်နှိုက်တွေ ဖြစ်တဲ့အကြောင်းတွေ ကျနော်တို့ဆီမှာ ဖေ့ဘုတ်စ်တွေမှာ တက်တယ်။ ပြီးတော့ ကျနော်တို့ဆီမှာ တိုင်ချက်တွေ ဖွင့်တယ်ဆိုရင် ကျနော်တို့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း အကြောင်း ကြားထားတယ်။

ဒီလိုမျိုး ဖြစ်စဉ်တွေ ကျနော်တို့ သတင်းတက်လာတဲ့အခါမှာ အရေးယူပေးဖို့ဆိုပြီးတော့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ကျနော်တို့ ရန်ကုန်တိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း ကျနော်တို့ ပို့ထားတာ ရှိပါတယ်။ ကျနော်တို့ CCTV တွေ တပ်ဖို့ကို လျာထားပြီးသားပါ။ ကားတွေပေါ်မှာ CCTV တွေ တပ်ဖို့ လုံခြုံရေးအရ အကုန်လုံး YBS ယာဉ်တိုင်းမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ YBS ယာဉ်လိုင်းတချို့တွင် ဂတ်စ်လုံလောက်စွာ မရရှိခြင်း၊ အချိန်ကြာမြင့်စွာ ဂတ်စ်စောင့်ဆိုင်း ဖြည့်တင်းနေရမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ယာဉ်လိုင်းတချို့တွင် ပြေးဆွဲသည့် ဘတ်စ်ကားအစီးရေ လျော့နည်းနေခြင်းတို့ကြောင့် ရုံးတက် ရုံးဆင်းချိန်များတွင် ကြပ်သိပ်စွာ စီးနေရသည့် အခြေအနေများက ခါးပိုက်နှိုက်များအတွက် အခွင့်ကောင်း ဖြစ်နေသည်ဟု ခရီးသည်များက သုံးသပ်ပြောဆိုကြသည်။