CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၃

မြန်မာနိုင်ငံမှာ အခုဆိုရင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်နေတဲ့အတွက် လူမှုစီးပွား ကျပ်တည်းလာနေသလို ပြည်သူလူထုဟာလည်း တစ်ဖက်မှာ နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ဘယ်လိုအသက်ရှင် ရပ်တည်ရမလဲဆိုတာ မတွေးတတ်လောက်အောင် ဖြစ်လာနေပါ တယ်။

ဒီအခြေအနေကို ဘယ်လိုကျော်လွှားကြမလဲဆိုတဲ့ အဖြေကလည်း လူတိုင်းမှာ ဖြေနိုင်ဖို့ ခက်ခဲနေပါတယ်၊ ဘာကြောင့်ဆို တစ်ဖက်မှာ နစက ရပ်တည်နေပြီး တခြားတစ်ဖက်မှာ တော့ NUG က ရပ်တည်နေတဲ့အတွက် ဒီမတူညီတဲ့ ဘက်နှစ်ဖက်ကြားမှာ လူထုက ဘယ်သူဉီးဆောင်မှုကို လိုက်ရမယ်မှန်း မခွဲခြားနိုင်ဘဲ ဖြစ်လာနေတာနဲ့အမျှ ကိုဗစ်-၁၉ ကပ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း စဉ်တွေမှာ အားနည်းလာနေရပါတယ်။

ဒါကြောင့် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ ဥက္ကဋ္ဌ စိုင်းညွန့်လွင်ကို CNI သတင်းဌာနက အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။         ။ မင်္ဂလာပါ အန်ကယ်စိုင်း၊ နေကောင်း ကျန်းမာပါစေလို့ ပထမဆုံး ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျ။ အခု မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်နေတာ လူသေနှုန်းကလည်း တော်တော်လေးမြင့်လာနေတယ်၊ ဒီအခင်းအကျင်းကြီးကို သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေ ကိုယ်စီကိုယ်ငှ ဘယ်လို မျိုး  လုပ်ဆောင်ကြသင့်လဲဗျ။ 

ဖြေ ။         ။ ကိုဗစ်-၁၉ က ကျနော်တို့အားလုံးအတွက် ဘုံရန်သူဖြစ်နေတယ်။ သူက အနီရော ၊ အစိမ်းရော ၊ အဝါရော ဘာမှရွေးမှာ မဟုတ်ဘူး ။ သူလက်လှမ်းမီသမျှ အကုန် ဒုက္ခပေးမှာဘဲ ဖြစ်တယ်။  ဒီအချိန်မှာ ကိုထင်ကျော်အေးပြောတဲ့  “နိုင်ငံတော်ကို ပစ်ချထား ခဲ့ပြီး လူသားတွေဆီကိုသွား”  ဆိုသလို  လက်ရှိ နိုင်ငံရေး ပဋိပက္ခတွေကို ခဏဘေး ချထားပြီး လက်ငင်းဖြစ်နေတဲ့ ကပ်ရောဂါဘေးက လူထုအားလုံး အမြန်ဆုံးလွတ်မြောက်အောင် တာဝန်ရှိသူ အားလုံးက ဝိုင်းဝန်း ကြရမဲ့ အချိန်လို့ မြင်မိတယ်ဗျ။

ဒါပေမဲ့ တချို့ကတော့ သဘောမတူကြဘူးဗျ။ ကျနော်အဲ့လို ပြောလို့ မကျေမနပ် ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန့် ကြတာလည်း ရှိပါတယ်။ သူတို့က ဘုံရန်သူဟာ စစ်အစိုးရသာ ဖြစ် တယ်လို့  တရားသေသတ်မှတ် ထားနေကြတာ တွေ့ရ ပါတယ်။ စစ်အစိုးရကို တိုက်ပစ်လိုက်မှသာ ပြဿနာအရပ်ရပ်ဟာ ပြေလည်သွားမယ်လို့ ယုံကြည်ထား ကြသူတွေလည်း ရှိနေပါတယ်။ စစ်အစိုးရ မရှိရုံနဲ့ဘဲ အရာရာ အားလုံးကောင်းသွားမယ်ဆိုတဲ့ အယူအဆမျိုးကိုတော့ ကျနော် သဘောမတူပါဘူး။

ပုံ-တပ်မတော်က နိုင်ငံတော်အာဏာရယူလိုက်လို့ ပြည်သူများ ကန့်ကွက်ဆန္ဒပြနေကြစဉ်

မေး ။          ။ လက်ရှိမှာ နိုင်ငံကလည်း နိုင်ငံရေးမတည်ငြိမ်တဲ့ အခါကျတော့ ဘာဖြစ်နေလဲဆိုတော့ တစ်ဖက်က အုပ်ချုပ်ရေးကို တည်ဆောက်နေသူ၊ တခြားတစ်ဖက်က လုံးဝ အုပ်ချုပ်မခံဘူးဆိုနေသူ၊ ဒီကြားထဲမှာ ကိုဗစ် တတိယလှိုင်းက ကြီးကြီးမားမား ဖြစ်နေ ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကလည်း ဘယ်ဘက်အုပ်စုက လူပြောတာ၊ လုပ်တာကို လိုက်နာရမယ်မှန်းလည်း လူထုက မသိ တော့ဘူး၊ ဥပမာ- နစက ဘက်က ကာကွယ်ဆေး ထိုးပေးမယ်ဆိုရင် လက်ခံပြီးဆေးထိုးခံလိုက်ပြန်ရင်လည်း စစ်အုပ်စု ထောက်ခံသူလို့ တံဆိပ်ကပ်ခံရပြန်အုံးမယ်၊ NUG ဘက်က လုပ်ပေးမှာကို စောင့်ပြန်ရင်လည်း မရေရာ မသေချာဖြစ်နေပြန်ပြီး လက်တွေ့ပိုင်း အားနည်းတယ်။ ဒါကြောင့် ဘယ်လိုလုပ်ကြမလဲ။

ဖြေ ။          ။ ဟုတ်ပါတယ်။ အခု အခြေအနေက ဗယောက်ဗယက် ဖြစ်နေတယ်ဆိုရင် မငြင်းနိုင်ပါဘူး။ တကယ်တော့ နိုင်ငံရေး ကိစ္စနဲ့ ကျန်းမာရေးကိစ္စကို သတိပြုပြီး ပိုင်းခြား သင့်တယ်လို့ ထင်ပါတယ် ။  ရောထွေးလိုက်ဖို့ မသင့်ဘူးလို့ ထင်ပါတယ်။  ကျနော်တို့ နိုင်ငံ မှာ နိုင်ငံရေး ပဋိပက္ခက အတော်ကြီးကို ပြင်းထန်နေချိန်မှာ  မထင်မှတ်ဘဲ ကပ်ရောဂါ က ကျယ်ပြန့်လာတာပါ။  ဒီကပ်ရောဂါက ကျနော်တို့ တစ်နိုင်ငံထဲမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်ကျင်နိုင်ငံတွေမှာလဲ ဖြစ်နေတာပါ။ သူက စစ်အာဏာရှင်စနစ်၊ ဒီမိုကရေစီစနစ် ခွဲခြားပြီး ဖြစ်ကြတာ မဟုတ်ပါဘူး ။

အခုဟာက နစက-ဖက်က လုပ်ပေးတာတွေကိုလည်း ပြည်သူတွေက လက်မခံ ချင်ကြဘူး။ သူတို့က အရမ်းစိတ်နာနေကြတယ်။ NUG ဖက်ကလည်း ပြည်သူကို အကူအညီပေးဖို့ ကြတော့ လက်တွေ့မှာ ကျယ် ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးပါဘူး။ ဒီလိုနည်းတွေနဲ့ ဆိုရင်တော့  မိုးကြီးသာချုပ်သွားမယ်၊ ရောဂါကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး။ ရောဂါကိုယ်တိုင်က သူ့အလိုလို အားပျော့သွားမှဘဲ  အဆင်ပြေနိုင်တော့မဲ့ အခြေအနေဖြစ်နေတယ်။ အားမပျော့ခင်မှာ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကိုလည်း ပေးဆပ်ကြရဖို့  ရှိတယ်ဆိုတာကို ထည့်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းကတော့ ဖြေကြားရတာ အခုအချိန်မှာ အခက်ဆုံးမေးခွန်း ဖြစ်နေပါတယ်။

မေး ။           ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ အခု ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နစက အနေနဲ့ ဘယ်လို တွေ ပြင်ဆင်ဆောင်ရွက် ပေးသင့်လဲ၊ နစက လုပ်ကိုင်နေတဲ့ အခြေအနေတွေက ဘာတွေ အားနည်းနေတယ်လို့ တွေ့ရှိမိလဲဗျ။ 

ဖြေ ။           ။ တကယ်တမ်းမှာတော့ နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားတဲ့ နစကမှာ တာဝန်အများကြီး ရှိပါတယ်။ တာဝန်ယူ တာဝန်ခံရမှာပါ။ ဒါပေမဲ့ နစက အတွက် အဓိက အခက်အခဲက ပြည်သူလူထုအများစုရဲ့  ယုံကြည်မှု ပျောက်ဆုံးခံနေရတာ ဖြစ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို အင်အားအလွန်အကျွံသုံးပြီး နှိမ်နှင်းလိုက်တဲ့အပြင် လုပ်ကိုင်တာတွေက ဘောင်ကျော်တာ တွေ ရှိခဲ့တယ်။ တိုင်းပြည်အာဏာကို ထိန်းသိမ်းထားသူတွေဟာ ဥပဒေကို ထိန်းသိမ်းလိုက်နာရမဲ့ တာဝန်ရှိပါတယ်။ သူကိုယ်တိုင်က ဥပဒေ ကို ပိုပြီးလေးစားလိုက်နာရမယ်။  ခုတော့ ပြည်သူလူထုရဲ့  ယုံကြည်မှုတွေ ဆုံးရှုံးခဲ့ရတယ်။  ပြည်သူက မယုံကြည်ဘူးဆိုရင် နိုင်ငံကိုအုပ်ချုပ်သူတွေဖက်က ဘာပဲလုပ်လုပ် အခက် အခဲ ဖြစ်နေမှာပဲ။

CDM  လုပ်တဲ့ ဝန်ထမ်းတွေကို  ပုဒ်မ ၅၀၅ နဲ့ အရေးယူခဲ့တဲ့အထဲမှာ ဆေးဝန်ထမ်း ဆရာဝန်တွေ ၊ သူနာပြုတွေ ၊ ဆေးရုံဝန်ထမ်းတွေ အများကြီးပါသွားတယ်။ တချို့အဖမ်းခံရပြီး တချို့က ရှောင်ပုန်းနေကြရတယ်။  နဂိုထဲက အင်အားမမျှတတဲ့ကြားက ကိုဗစ်-၁၉ ပထမလှိုင်း ၊ ဒုတိယလှိုင်းတွေမှာ အင်တိုက်အားတိုက် လုပ်ခဲ့ကြသူတွေလည်း ဖြစ်ကြပါတယ်။ ဝရမ်းထုတ်ခံထားရတော့ ဘယ်သူမှ ရှေ့ကို ထွက်မလာရဲကြတော့ဘူး။  ကျနော့်ဆန္ဒအရဆိုရင် ဆေးဝန်ထမ်းအားလုံးကို တရားစွဲထားတာကနေ ချွင်းချက်မရှိ ရုပ်သိမ်း ပေးလိုက် တာမျိုးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။  ဆေးဝန်ထမ်းတွေ လူထုကြားထဲ ပြန်ထွက်လာရင် ကိုဗစ်-၁၉ ကာကွယ် ကုသ ရေးမှာ တစ်နည်းတစ်ဖုံ ၊ သူနည်းသူ့ဟန်နဲ့  အားဖြည့်ရာ ရောက်ပါမယ်။  လူထုကိုတော့ သေချာပေါက် အထောက်အကူ ဖြစ်နိုင်ပါ တယ် ။  နစက- အတွက်လဲ လူထုရဲ့ ယုံကြည်မှု တစ်စုံတစ်ရာ ရနိုင်ပါတယ်။

 ပုံ-ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးဝန်ထမ်းများက ပြည်သူလူထုအား နှာခေါင်းစည်း(Mask)လိုက်ဝေနေစဉ်

မေး ။          ။ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးပြီးပြီဆိုတော့ လက်ရှိနိုင်ငံရေး အခြေအနေကလည်း ကျနော်တို့ မဆွေးနွေးလို့ မဖြစ်ပြန်ဘူး၊ အဲတော့ နိုင်ငံရေးအခြေအနေကို မေးခွင့်ပြုပါဗျ။ အခု မြန်မာ့နိုင်ငံရေး ဘယ်လို အခြေအနေ ကို ရောက်နေပြီးလို့ အန်ကယ်စိုင်း အတွေ့အကြုံအရရော၊ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ ရော မြင်မိပါသလဲ။

ဖြေ ။          ။ အခုက နိုင်ငံရေးဘောင်က ကျဉ်းလွန်းနေတယ် ။  စစ်ဘောင်က ကျယ်နေပြီး နိုင်ငံရေးဘောင်က ကျဉ်းလွန်းနေတယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေဖက်က လုပ်နိုင် တာ အရမ်းနည်းပါတယ်။ ပြည်သူတချို့ဆို ဘာမှမလုပ်ရကောင်းလားဆိုပြီး ဆူတာ ပူတာတွေလည်း အများကြီးရှိနေပါတယ်။  ဒါပေမဲ့ ကျနော်တို့မှ မဟုတ်ပါဘူး။ ဘယ်ပါတီကမှ လည်း ဘာမှလုပ်နိုင်ကိုင်နိုင်တာ မရှိ ကြပါဘူး။ လေ့လာသူတိုင်း သိသိသာသာ မြင်နိုင်ပါတယ်။

လက်နက်မဲ့ ဆန္ဒပြသူတွေဟာ အခုဆိုရင် အကြမ်းဖက်မှုကို လက်နက်နဲ့ တုန့်ပြန်နေကြတဲ့ အနေအထားကို ပြောင်းသွားခဲ့ ကြပြီ ဖြစ်တယ်။ ကပ်ရောဂါကလည်း ကူးစက်မှု မြန်ဆန် သလောက် ကာကွယ်ကုသရေး အပိုင်းတွေမှာ မနိုင်မနင်းဖြစ်နေတယ်။ မထိန်း ချုပ် နိုင်တော့ဘူး။  နိုင်ငံရေး ပဋိပက္ခတွေကလည်း  ပြင်းထန်လွန်းနေတယ်။ ပြေလည်နိုင်တဲ့ နည်းလမ်းကလည်း ခုထိမတွေ့နိုင်သေး ဘူး ဖြစ်နေတယ်။ မြန်မာနိုင်ငံသမိုင်းမှာ အကျပ်အတည်း အကြီးဆုံးအချိန်တစ်ခု ဖြစ်လာနေတယ်။ အခက်အခဲ ပေါင်းစုံ၊ ပြဿနာပေါင်းစုံ စုဆုံနေတဲ့ အချိန်လည်းဖြစ်တယ်။ ကိုယ်အချင်းချင်းယုံကြည်မှု လုံးဝ ပျက်သုန်းနေကြရုံ မဟုတ်ဘဲ  အားလုံးကလက်ခံပြီး ယုံကြည်မှုရှိတဲ့ ကြားဝင်စေ့စပ်သူ ဆိုတာကလည်း  ရှာ မရဘဲ ဖြစ်နေတယ်။ ကံခေနေတဲ့ အချိန်ပေါ့ဗျာ။ ပထဝီနိုင်ငံရေးအရ နိုင်ငံ တကာကလည်း ကြားဝင်ဖို့ လက်တွန့်နေပြန်တယ်။  စိတ်မချမ်းသာ စရာပါဗျာ။

မြန်မာသမိုင်းမှာ ကပ်ရောဂါဘေးတွေ ကြုံဖူးပါတယ်။  ကျောက်ရောဂါ၊ ပလိတ်ရောဂါတွေဟာ အတော်ကို ဆိုးဆိုးဝါးဝါး ကျရောက်ခဲ့ဖူးပါတယ်။  အခု ကိုဗစ်-၁၉  ကပ်ရောဂါ ကတော့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ပါ တိုက်ဆိုင်နေတော့  မြန်မာနိုင်ငံအတွက် အထူး ကံဆိုးမိုးမှောင်ကျတယ်လို့ ပြောရမှာပါ။  ကပ်ရောဂါ ကင်းစင်သွားတဲ့ တစ်နေ့မှာဆိုရင်လည်း  စီးပွားရေးပြဿနာ၊ စားနပ် ရိက္ခာပြဿနာ၊ ပညာရေး၊ အလုပ်အကိုင် စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဆက်ပြီးရင်ဆိုင် ဖြေရှင်းရဖို့ ရှိနေပါသေးတယ်။

မေး ။          ။ အခု NUG ရဲ့  ဖွဲ့စည်းပုံက CRPH ကနေ ဆင်းသက်လာတယ်၊ ပြီးတော့ NUG ကို ဖွဲ့စည်းတယ်၊ အဲမှာ CRPH ရော၊ NUG ရောက အများစု သုံးသပ်နေကြတာ NLD ဗဟိုပြုအားကောင်းရေးကို ပုံဖော်ထားတယ်၊ CRPH ဆိုရင် တိုင်းရင်းသားပါတီတွေထဲက ၃ ယောက်လောက်ပဲ ပါတယ်၊ ကျန်တာ NLD တွေဖြစ်နေတယ်၊ NUG မှာလည်း အဓိက ရာထူးတွေက NLD နဲ့ NLD တဘက်တော်သားတွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေကို အယောင်ပြ ထည့်ထားတဲ့ပုံစံ ဖြစ်နေတယ်လို့ ပြောကြတယ်။ အန်ကယ်စိုင်း ဘယ်လိုသုံး သပ်မိလဲဗျ။

ဖြေ ။           ။ NUG ဆိုတာ မြန်မာလိုပြောရင် အမျိုးသား ညီညွတ်ရေး အစိုးရလို့ ပြောကြတယ် ထင်တယ်။  အဲ့ဒီ အဓိပ္ပါယ်နဲ့  လိုက်ဖက်တဲ့ ဖွဲ့စည်းမှုမျိုးကို ကြိုးစားကြမယ်လို့  ကျနော်မျှော်လင့်မိတယ်။ သူတို့ဖက်မှာလဲ အခက်အခဲတွေက ဘယ်လောက် ရှိနေလဲဆိုတာ ကျနော်တို့က မသိနိုင်ဘူးဆိုတော့ ဝေဖန်ဖို့က ခက်လှပါတယ်။ သူတို့က ၂ဝ၂ဝ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို အခြေပြုတယ်လို့ ထင်ပါတယ် ။  ၂ဝ၂ဝ မှာ NLD ပါတီက ကိုယ်စားလှယ်အများစု ရွေးချယ်ခံထားရတော့ အခု ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတိုင်း မှာလည်း NLD  ကိုယ်စားလှယ်တွေကသာ အများစု ပါဝင်ခွင့် ရှိတယ်ဆိုတဲ့ အယူအဆလို့ ထင်ပါတယ်။ ကျနော် ကတော့ ထင်တာ ပြောတာပါ၊ အသေအချာ မသိပါဘူး။ သူတို့ကို မေးမှ အမှန်ကို သိရမှာပါ။

ပုံ- NUG ၏ အစိုးရစုဖွဲ့မှု၏ ပါဝင်သည့် ခေါင်းဆောင်များ(NUG-fb)

မေး ။           ။ အမှန်ဆို SNLD ကို နစက ကလည်း နစက အဖွဲ့ဝင် အနေနဲ့ ကမ်းလှမ်းသေးတယ်။ SNLD က လက်မခံ ခဲ့ဘူး။ ဆိုတော့ NUG နဲ့ နစက ကြားထဲမှာ SNLD အနေနဲ့ ကိုယ်ရဲ့ မူဝါဒအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်အောင် ဘယ်လိုမျိုး ထိန်းထားတာလဲ၊ ဗမာမဟုတ်သော တိုင်းရင်းသားတွေအနေနဲ့ ဒီအခင်း အကျင်း ကြီးထဲမှာ ဘယ်လိုမျိုး သတိထား ရပ်တည်သင့်တယ်လို့ရော မြင်ပါ သလဲ။ နောက်တစ်ခုက အန်ကယ်စိုင်းတို့ SNLD ပါတီအနေနဲ့ ဘာကြောင့် NUG မှာ မပါတာလဲဗျ။ ဘာတွေ မူဝါဒ မကိုက်ညီလို့လဲ။

ဖြေ ။            ။ အခု နိုင်ငံရေး ပဋိပက္ခမှာ ဗမာတွေချည်းဘဲ ဖြစ်နေတယ်လို့ မယူဆ စေလိုပါဘူး။ အဲ့လိုထင်မြင်ခဲ့ရင် အမှားကြီး မှား ပါမယ်။ အခု နိုင်ငံရေး ပဋိပက္ခမှာ တိုင်းရင်းသားတိုင်းနဲ့ သက်ဆိုင်တယ်။  သတိပြုသင့်တဲ့ကိစ္စ တစ်ခုကတော့  ဗမာဆိုတာလဲ တိုင်းရင်းသားလူမျိုး တစ်မျိုးပဲ ဖြစ်တယ်ဆိုတဲ့ အမှန်တရားတစ်ခုကို  စိတ်ထဲမှာ စွဲမြဲထားဖို့ လိုပါတယ်။

SNLD ဟာ ပါတီမူဝါဒတွေကို စာနဲ့ရေးသား သတ်မှတ်ထားတဲ့ ပါတီတစ်ရပ်ဖြစ်အောင် သိပ်မကြာခင်က ရှေ့ပြေးအဖြစ် စတင် ကြိုးစား ဆောင်ရွက်ခဲ့တယ်။ Programmatic ပါတီမျိုး ဖြစ်လာအောင် ကြိုးစားနေတဲ့ အချိန်ဖြစ်တယ်။  ခေါင်းဆောင်ကြီး တစ်ဦး တစ်ယောက်ထဲရဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှုတစ်ခုထဲနဲ့  ပါတီကို မထိန်းကြောင်းတော့ဘဲ စုပေါင်းခေါင်းဆောင်မှုကို ဖေါ်ဆောင်ဖို့ လုပ်နေချိန်ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ထဲကို အမှီပြုအားကိုးပြီး သူ့ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ရတဲ့ပါတီမျိုး မဖြစ်အောင် ကြိုးစား နေတယ်။ ဒါတွေကလဲ သမိုင်းသင်ခန်းစာတွေအပေါ်မှာ ကြည့်ပြီး လုပ်ကြည့်တာဖြစ်တယ်။ အခုလည်း စုပေါင်း ခေါင်းဆောင်မှုကို အတတ်နိုင်ဆုံး ဖေါ်ဆောင်နေတာပါ။

ပါတီရဲ့  ရည်မှန်းချက်၊ ဦးတည်ချက်တွေနဲ့ ကိုက်ညီသူတွေဆို လက်တွဲသွားမှာဘဲ ဖြစ်ပါတယ်။ ကျနော်တို့မှာ လုံလောက်တဲ့ မြန်မာ့နိုင်ငံရေး အတွေ့အကြုံတွေ ရှိထားပါတယ်။ ဒါကို သဘောပေါက်ရင် NUG မှာ ပါဝင်ခြင်း၊ မပါဝင်ခြင်းဆိုတဲ့ မေးခွန်းအတွက် အဖြေဟာ လုံလောက်လိမ့်မယ်လို့ ထင်ပါတယ်။       

ပုံ- SNLD ပါတီအလံနဲ့အမှတ်တံဆိပ်များဖြင့် လူထုစည်းရုံးရေးလုပ်နေကြစဉ်

မေး ။           ။ လက်ရှိ မြန်မာနိုင်ငံရေး မတည်ငြိမ်မှုက ဗမာမဟုတ်သော တိုင်းရင်းသားတွေ လိုချင်တဲ့၊ အစဉ်တစိုက် ကြိုးပမ်း နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးက တဖန်ပြန်လည် မှုန်းဝါးသွားသလိုပဲနော်၊ အန်ကယ်စိုင်းရော ဘယ်လိုမြင်လဲ၊ နှစ်ဖက်စလုံးက ဖက်ဒရယ်ပြည်ထောင်စု ပြောပေမယ့် ဗမာမဟုတ်သော တိုင်းရင်းသားတွေက ဒီကြားထဲမှာ ဖက်ဒရယ်ရှာပုံတော်က လွတ်လပ်ရေးရကတည်းကနေအခုထိ မတွေ့နိုင်သေးဘူး။ ဖက်ဒရယ်ပြည်ထောင်စုကို အခု အခြေအနေကနေ ဘယ်လိုမျိုး ဖန်တီး တည်ဆောက်လို့ ရနိုင်သေးတယ်လို့ မြင်လဲဗျ။

ဖြေ ။           ။ မှုန်ဝါးသွားတယ်လို့တော့ ပြောလို့မရပါဘူး။  ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့ဆိုတာ တချို့က လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ကြတယ်။ ကျနော်တို့ ကတော့ နိုင်ငံရေးနည်းလမ်းနဲ့  တွန်းတွန်းတိုက်တိုက် လုပ်ကြတယ်။ နည်းဗျူဟာ ချင်း မတူကြဘူးပေါ့။  ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့  နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါပဲ။ အခုလည်း ဆက်ပြီး ဆွေးနွေးဖို့ လုပ်ဆောင်နေကြတယ်လို့ သိရတယ်။

ခင်ဗျား ပြောသလို နှစ်ဖက်စလုံးက ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောနေတာက တိုင်းရင်းသားတွေအတွက် ကောင်းတယ်လို့ မြင်ပါတယ်။ ရွေးချယ်ခွင့် ရှိတာပေါ့။ အရင်တုန်းကဆို ဖက်ဒရယ်လို့ ပြောလိုက်တာနဲ့  ပြည်ထောင်စုက ခွဲထွက်သူဆိုပြီး ထောင်ချတဲ့အထိ အရေးယူခဲ့တာပါ။  ကျနော်တို့ကတော့ အာဏာရှင် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကို တပြိုင်နက်ထဲ ကြိုးပမ်းသွားကြမှာပါ။

မေး ။           ။ အခု နစက ကနေပြောတာ အာဏာထိန်းတာပေါ့၊ တစ်ဖက်ကတော့ အာဏာသိမ်းတာပေါ့။ ဒီကြားထဲ ၂ နှစ်အတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်ထားဘူးပေါ့။ ဆိုတော့ ဒီ ၂ နှစ်အတွင်း နိုင်ငံရေး-အုပ်ချုပ်ရေး မတည်ငြိမ် ဘဲ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူးဆိုရင် အဲဒီ ၂၀၀၈ က နစကအတွက် ဘာဖြစ်သွား မလဲ၊ အာဏာထိန်းတာကနေ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာနိုင်သလဲ။

ဖြေ ။           ။ ၂ဝဝ၈ ခြေ / ဥ အရဆိုရင် နှစ်နှစ်အတွင်း နောက်ရွေးကောက်ပွဲ မကျင်းလို့ မရဘူးလို့ နားလည်တယ်။  ကျင်းပရမယ် ဆိုတဲ့ သဘောလို့ မြင်တယ်။ မကျင်းပနိုင်တဲ့ အဲ့လို အခြေအနေဆိုရင် အာဏာထိန်းတယ်လို့ ပြောလို့မရတော့ဘူး။  လတ်တလော အခြေအနေကို ကြည့်ရင် လူထုဆန့်ကျင်မှုက သိပ်ကိုပြင်းထန်နေတယ်။ ရွေးကောက်ပွဲ အစဉ် အလာ အရဆိုရင် ကျောင်းဆရာ / ဆရာမတွေရဲ့  ပါဝင်လုပ်အားပေးမှုကလည်း အတော်ကိုအရေးပါ ပါတယ်။ အခု တစ်ကြိမ်မှာ ဆရာ / ဆရာမတွေရဲ့  အကူအညီ ရနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ကောင်းတယ်။  အချိန်ကာလ - ကလည်း တစ်နှစ်ခွဲလောက်ပဲ ကျန်တော့ ပြင်ဆင်မှုအတွက် အချိန်အရမ်းနည်းသွားပြီမို့  နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့က အခက်အခဲ အများကြီး ရှိပါတယ်။ ဘာဖြစ်လာနိုင်မလဲလို့ မေးရင် ကျနော်က  မသိပါဘူးလို့ဘဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုရင် ဆုံးဖြတ်ရမှာက ကျနော် မဟုတ်လို့ ဘဲဗျ။

မေး ။            ။ နောက်ဆုံး မေးချင်တာကတော့ ၂၀၀၈ ကို ဖျက်လိုက်ပြီးလို့ CRPH နဲ့ NUG က ပြောထားတယ်၊ ဒါပေမဲ့ ဘာကြောင့် သူတို့က လွှတ်တော်ခေါ်ယူ ကျင်းပပါတယ် ဆိုပြီးတော့ လုပ်နေရတာလဲ၊ အဲတော့ သူတို့ ပြောတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အယောင်ပြ ဖျက်တယ်ပြောပြီး  ပြည်သူလူထုကို လှည့်စားနေတာလား၊ ဗမာမဟုတ်သော တိုင်းရင်းသားတွေရဲ့ အင်အားကို ရဖို့ အတွက် အယောင်လှည့်နေတာလား၊ ဒီအပေါ်မှာ အန်ကယ် စိုင်းတို့ SNLD ပါတီအနေနဲ့ ဘယ်လိုနားလည် မိလဲဗျ။

ဖြေ ။            ။ လွှတ်တော်ခေါ်တယ်ဆိုရင် ဘယ်နှစ်ရက် ကြိုတင်ကြေညာရတယ်ဆိုတဲ့ စည်းကမ်းချက်တွေတော့ ရှိတယ်။ လူသိ ရှင်ကြား ထုတ်ပြန်ရတယ်။ အဲ့ဒါတော့ မတွေ့မိဘူး။ ဒါပေမဲ့ ကျနော်တို့ ရွေးချယ်ခံ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာ မရှိလို့  ထဲထဲဝင်ဝင် ကျနော်တို့ မသိပါဘူး။ အဲ့ဒီကိစ္စအပေါ်မှာလည်း SNLD  အနေနဲ့ သဘောထား မှတ်ချက်ချထားတာမျိုး ဘာမှမရှိပါဘူး။

#စိုင်းညွန့်လွင် #အင်တာဗျူး #SNLD #NUG #နစက #ကိုဗစ်၁၉ #ကျန်းမာရေး #နိုင်ငံရေး #ပြည်သူလူထု #မြန်မာနိုင်ငံ #တိုင်းရင်းသား #CNImyanmar #cninews