CNI News

၂၀‌၂၁ ခုနှစ်၊ ဇူလိုင် ၂၄

အခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေအတွက် အရေးတကြီး လိုအပ်လျက် ရှိတဲ့ အောက်ဆီဂျင်၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ပြတ်လပ်မှုမရှိစေဖို့ အမြန်ဆုံး ဝင်ရောက်နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းတွေနဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တင်သွင်းခွင့် ပြုနေပါတယ်။

အခုလို ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ကုသရေးပစ္စည်းတွေ တင်သွင်းတဲ့နေရာမှာ မြဝတီကုန်သွယ်ရေးဇုန်က အများဆုံး တင်သွင်းနေတဲ့ ဇုန်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ တင်သွင်းခွင့်တွေ ပေးထားပေမယ့် ကုန်သွယ်မှုတွေ ဘယ်လို လုပ်နေ ရပါသလဲ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ဘာတွေ ပံ့ပိုးပေးဖို့လိုနေသလဲ၊ မြေပြင် အခက်အခဲတွေက ဘာတွေ ဖြစ်နေ သလဲ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြဝတီနယ်စပ်က ကုန်သည်လုပ်ငန်းရှင်ဖြစ်တဲ့ ဦးစိုးသက်ဝေကို CNI သတင်း ဌာနကနေ ဆက်သွယ် မေးမြန်းထား ပါတယ်။

မေး ။      ။ လက်ရှိ မြဝတီနယ်စပ်ကနေ ကျန်းမာရေးပစ္စည်းတွေ တင်သွင်းနေရတဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ ။       ။ လက်ရှိ အခြေအနေကတော့ ဘာမှသိပ်ပြီးတော့ ထူးထူးခြားခြားမရှိပါဘူး။ အခုက ကိုဗစ်ကာလဆိုတော့ ပုံမှန် အတိုင်းပဲ သွားနေတယ်။ ဒါက တတိယလှိုင်း ကာလ ပေါ့နော်။ ဒီအချိန်မှာ လူသေဆုံးမှု တစ်အားများတယ်။ နောက်ပြီးတော့ တခြား ကိစ္စရပ်တွေကြောင့် ကုန်သွယ်မှုကတော့ နည်းနည်းတော့ နည်းသွားတာပေါ့။ ကုန်သွယ်မှုက ပြတ်တောက်သွားတာ တော့ မဟုတ်ဘူး။ လက်ရှိမှာတော့ ကိုဗစ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ တင်သွင်းမှုက တောက်လျှောက်သွားနေတယ်။ အရင် တုန်းကလိုတော့ အများကြီး တော့  တင်သွင်းလို့ မရတော့ဘူးပေါ့။

မေး ။        ။ ကျန်းမာရေးသုံးပစ္စည်းတွေက လက်ရှိမှာ တင်သွင်းတဲ့အခါမှာ အခက်အခဲတွေ ရှိပါသလားရှင့်။

ဖြေ ။         ။ ကျန်းမာရေးပစ္စည်းတွေက တင်သွင်းတဲ့အခါမှာ အခက်အခဲတော့ မရှိဘူး။ ဒါပေမယ့် တချို့သော ပစ္စည်းတွေပေါ့ နော်။ ဥပမာ- FDA လိုတဲ့ ပစ္စည်းတွေ၊ မလိုတဲ့ ပစ္စည်းတွေ ဒါတွေကျတော့ အခက်အခဲရှိတယ်။ ဘာရှိလဲဆိုရင် FDA ဌာနက လည်း ဒါနဲ့ ပတ်သက်ပြီးတော့ စာထုတ်ထားတာ မရှိဘူး။ Oximeter တို့က တရားဝင် စာထုတ် ထားတာ မရှိတဲ့အခါကျတော့ ဌာနဆိုင်ရာတွေက ပူးပေါင်းဖို့ စာရှိမှ ညှိလို့ရမယ့် အပိုင်းဆိုတော့ သူတို့ဌာနတွေက အချင်းချင်းဆက်သွယ်ပြီး စာထုတ်ထားရင်တော့ မပြောတတ် ဘူးပေါ့နော်။ ဒါပေမယ့် ကုန်သွယ်မှုလုပ်နေတဲ့ နယ်ပယ်မှာရှိနေတဲ့ သူတွေ သိဖို့ကိုတော့ သူတို့ဘက်က စာထုတ်ဖို့ သင့်တယ်လို့ ထင်တယ်။ တခြား အခက်အခဲကတော့ မရှိဘူး။ အားလုံးအဆင်ပြေတယ် ပေါ့နော်။

ပုံ-အောက်ဆီဂျင်အိုး ထမ်းနေသူတစ်ဦး 

မေး ။         ။ မြဝတီနယ်စပ်က စားသောက်ကုန်တွေ ဘာတွေ တခြားတင်သွင်းမှုကရော အခုလက်ရှိမှာ ဘယ်လိုရှိပါသလဲ။

ဖြေ ။          ။ မြဝတီဘက်က စားသောက်ကုန်ကတော့ ကျနော်တို့ဆီက ပိတ်ထားတယ်။ ဒါကြောင့် စားသောက်ကုန်ကလွဲလို့ ကျန်တဲ့ပစ္စည်းကတော့ ဝယ်လိုအား၊ ရောင်းလိုအား ပေါ် မူတည်ပြီးတော့ ပုံမှန်တော့ သွားနေပါတယ်။ တခြားကိစ္စရပ်ကြောင့် ပိတ်သွားတာတို့တော့ မရှိဘူး။ အဓိကတော့ ကုန်ပစ္စည်းရဲ့ ဝယ်လိုအားပေါ် ကြည့်ပြီးတော့ အရောင်း အဝယ်တော့ ဖြစ်နေကြ တယ်။

မေး ။         ။ ကျန်းမာရေးသုံးပစ္စည်းတွေ ကိုဗစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ တင်သွင်းတဲ့အခါမှာ တချို့ကုန်သည်တွေ တင်နေ ကြတာလည်း တွေ့ရတယ်ပေါ့နော်။ ပစ္စည်းအလု ခံရတယ်။ အယူခံရတယ်။ အဲ့ဒါတွေကရော တကယ်လားရှင့်။ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ ။          ။ ဒါတွေကကျတော့ ကျနော်လည်း ကြားဖူးတယ်။ ဒါကို အဲ့တုန်းက ကျနော်မေးကြည့်တယ်။ ပြန်ဖြေတဲ့သူက နှစ်မျိုးရှိတယ်။ စီးပွားရေးအရ ရောင်းတဲ့အပိုင်းရှိတယ်။ ကျန်းမာရေးဌာနတွေရော၊ နယ်စပ်ကုန်သွယ်ရေးတွေရော၊ အကောက် အခွန်တွေရော ရှိသမျှဌာနတွေ အကုန်လုံးက လွယ်လွယ်ကူကူ လုပ်ပေးနေတယ်လို့ စာထုတ်ထားပြီးသား ဆိုတယ်။ ဒီပစ္စည်း တွေကို ရောင်းတဲ့သူတွေလည်း ရှိတယ်။ လှူတဲ့သူတွေလည်း ရှိတယ်။ အဲဒီတော့ ရောင်းတဲ့သူတွေကလည်း ပုံမှန်အတိုင်းပဲ ဘာမှ စစ်ဆေးမေးမြန်းတာတော့ မရှိဘူး။ အောက်မှာ အဲလိုမျိုး ယူတယ်လို့ ပြောသံကြားတယ်။ စဥ်းစားစရာ ကြီးပေါ့နော်။

ဘယ်နေရာမှာ ယူတာလဲ ဖြစ်စဥ်အမှန် သိဖို့ လိုတယ်။ ယူတယ်ဆိုတာ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ယူလဲ၊ ဝယ်တာလား ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြန်ထည့်ပေးတာ ရှိတယ်။ ဥပမာ ကျနော်တို့ Oxygen အိုးအလုံး ၁၀၀ ရောင်းဖို့ ထည့်ပေး လိုက်တယ်။ အောက်ခြေကို ရောက်တဲ့အခါ စစ်သားတွေက ယူပါတယ်ဆိုပြီးတော့ ပြောတယ်။ တကယ် တမ်း သိတဲ့အခါကျ တော့ ဟိုဘက်က ပိုက်ဆံပေးပြီး ဝယ်တဲ့ပုံစံဖြစ်နေတယ်။ သူတို့မှာ အရမ်းအရေးကြီးတယ်ပေါ့။ အဲဒီတော့ ဒီ Oxygen အိုးတွေ ရောင်းပေးပါ။ ကားသမားတွေ က ပိုက်ဆံယူပြီးတော့ စစ်သားတွေက ဒီ Oxygen အိုးတွေ ယူသွားတယ်ဆိုပြီး ပုံစံမျိုး လုပ်ကြ တယ်။ အဲဒီတော့ ခုနက ကျနော်ပြောသလို ဖြစ်စဥ် အမှန်ကိုသိမှ ဒါက ဘာကြောင့် လဲ ဆိုတာသိမှာ။ ဟုတ်ပြီ ခုနကလို လမ်းမှာ လုတယ်ဆိုရင် ကျနော်ပြောချင်တာက ကိုယ်တိုင်ကြုံတွေ့တဲ့သူ ရေးတဲ့အခါရင် ပြောနိုင်မယ်။

ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ဖြေပေးရတာ လုတယ်ဆို ဘယ်နေရာမှာ လုတာလဲ၊ ဖြစ်တာလဲ အများကြီး ရှိသေးတယ် ပေါ့။ အခုချိန်ထိ လုတယ်ဆိုတဲ့ သတင်းတော့ မကြား သေးဘူး။ ကျနော့် အသိတစ်ယောက်တော့ စစ်တောင်းတံတား အဆင်း မှာ အလုခံရတယ်ဆိုတော့ ကျနော်သူ့ကို သေချာမေးမိတယ်။ လှူမယ့်ပစ္စည်းလား၊ ရောင်းမယ့်ပစ္စည်းလား ပေါ့၊ ဘာဖြစ်လို့ လည်းဆိုတော့ သူ့လိုမျိုး ဖြစ်မယ်ဆိုရင် ကျနော်တို့ကျတော့ ဘာလို့ မဖြစ်တာလဲ၊ ကျနော်တို့လည်း တောက်လျှောက် လမ်းမှာ သွားနေတာပဲ။ သူ့ကျမှ ဖြစ်တယ် ပေါ့နော်။ အဲဒီတော့ ပြောမယ်ဆိုရင် ဖြစ်စဥ်အမှန်ကို သိရမှ ဘာလုပ်ပေးရမလည်းဆိုတာ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဘာဖြစ်လည်းဆိုရင် ဖြစ်တဲ့သူကပဲ စိတ်ခံစားချက်အရ ပြော ချင်တာ ပြောသွားတယ်။

တကယ် အမှန်ကိုလည်း မသိရတော့ဘူး။ ကူညီပေးမယ်၊ တကယ် အရေးယူပေးမယ်ဆိုပြန်တော့လည်း ဖြစ်စဥ်အမှန်ကို မသိ တော့ မသက်သာတော့ဘူး။ အဲဒီတော့ အရေးယူ ပေးမယ့်သူက ဒါကြီးကို စောင့်နေတဲ့အခါကျတော့ သူ့ဆီရောက်မလာဘူး။ ဒါကြောင့် သူလည်း ဘာမှ လုပ်ပေးလို့ မရဘူး။ ဒါကလည်း ရှိတယ်။ အဲလိုပုံစံမျိုးတွေ ဖြစ်နေကြတာ။

 

ပုံ-ကိုဗစ်ကာလ ဆေးဝါးများဝယ်ယူရန် စောင့်ဆိုင်းနေကြ (CNI News) 

မေး ။       ။ စောစောက ပြောတယ်ပေါ့။ FDA ထုတ်ပြန်ချက် တချို့ဟာတွေက လိုတယ်ပေါ့။ ဒါက ဘယ်လိုမျိုးဆေးပစ္စည်း တွေမှာ အဓိက လိုအပ်နေတာပါလဲရှင့်။

ဖြေ ။        ။ Oxygen Concentrator ဆိုရင် ကိုဗစ်စပြီး ဖြစ်ပွားတဲ့အချိန်မှာ သွင်းဖို့လုပ်တယ်။ ဒါဆိုရင် အရင်တုန်းက အရင် အစိုးရ ကြေညာထားတာက FDA လိုတယ်။ အဲဒီ တော့ FDA လျှောက်မယ်ဆိုရင် သူက လူကိုယ်တိုင် သွားလျှောက်လို့မရဘူး။ သူတို့ရဲ့ System ရှိတယ်။ အွန်လိုင်းနဲ့သွားတာ။ အွန်လိုင်းပေါ်မှာ ဒီပစ္စည်းတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကို ကြည့်ပြီးတော့ လျှောက်ရတာ။ အခုလို အချိန်မျိုးမှာ FDA ဌာနမှာ နိုင်ငံရေးကိစ္စတွေကြောင့် အလုပ်လာမလုပ်တဲ့ ဝန်ထမ်း တွေ ရှိတယ်။ ဒီဝန်ထမ်းတွေက အွန်လိုင်းမှာ ကိုင်ထားတာကျတော့ ကျနော်တို့ အွန်လိုင်းမှာ ပို့တဲ့အခါရင် တချို့ဟာတွေက နည်းနည်းနောက်ကျတာရှိတယ်။

နောက် စာရင်းဇယားတွေ မပြည့်စုံတာ၊ သူတို့ဘက်က ပြန်ပြီး Reply ပြန်ဖို့ နောက်ကျတာတွေ၊ ဖုန်းဆက်ရင် ဖုန်းမကိုင်တာ၊ နောက်ပြီး ဖုန်းဆက်လို့ ရပြန်တော့လည်း သူတို့နဲ့ မဆိုင်ဘူးဆိုတာ ပြောလိုက်တာတွေ ဒါကတော့ ကျနော် ပွင့်ပွင့်လင်းလင်း ပြောတာ ဒါမျိုးတွေဆိုတော့ ကျနော်တို့က ဒါနဲ့ ပတ်သက်ရင် (၁)ရက်၊ (၂)ရက်၊(၃)ရက် ဒီလိုမျိုးတွေ အချိန်ကုန်လာတယ်။ နောက်ပိုင်းကျမှ တစ်ဖက်မှာရှိတဲ့ ဌာနတွေ‌ ပြောရတယ်။ ဌာနကျတော့လည်း FDA နဲ့ မတူတဲ့ ဌာနတွေ ပြောဖို့ဆိုဖို့ ကျတော့ လည်း ဌာနချင်းက ခက်နေ တာကိုး။ အဲဒီတော့ ကျနော်တို့က ကူညီပေးဖို့ပဲ တောင်းဆိုရတာပေါ့။

အဲဒီတော့ နောက်ပိုင်းတော့ စာထွက်လာတယ်။ ဒါတွေက FDA မလိုပါဘူး ဆိုတာမျိုး ဖြစ်လာတယ်။ FDA မလိုဘူး ဆိုတာ ကြေညာလည်း ကြေညာလိုက်ရော ဘာပြဿနာ ထပ်တက်လဲဆိုတော့ Oxygen Concentrator က ပထမ FDA လျှောက်ရ မယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန်ပေးစရာ မလိုဘူးပေါ့နော်။ ဒီတော့ အခု FDA မလိုတော့ဘူးဆိုတော့ ကုန်သွယ်လုပ်ငန်းခွန်က ပေးရမှာလား၊ မပေးရဘူးလား ပြဿနာက ထပ်တက်လာတာ။ ဒါလည်းပြောမယ်ဆိုရင်တော့ ချက်ချင်းတင်ပြလိုက်တဲ့ အခါ ကျတော့ (၃)ရက်လောက် အကြာမှာ မလိုပါဘူး ထွက်လာတယ်။ ဒါကတော့ Oxygen Concentrator နဲ့ ပတ်သက်ပြီး အခက် အခဲလေးပေါ့နော်။

နောက်တစ်ခုက COVID-19 Test Kit တွေ၊ Oximeter တွေ၊ Surgical Mask တွေ ဒါတွေပေါ့။ FDA လိုလား၊ မလိုလား ဆိုတာ တွေက ပြောမယ်ဆိုရင် ဘယ်သူ့မေးလို့ မေးရ မယ်မှန်းမသိဘူး။ ကျနော်ပြောသလို အွန်လိုင်းနဲ့ သွားတာ ဖြစ်တဲ့အတွက် ကြောင့် အွန်လိုင်းက မေးပြန်တော့လည်း သူတို့ ကြေညာထားတဲ့စာရင်းတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး FDA ကင်းလွတ်ခွင့် ပေးထားပါတယ်ဆိုတာ မျိုးပေါ့။ စာတွေက တစ်ခါတစ်လေကျရင် တချို့စာတွေက ဥပမာ Medical ဆိုရင် FDA လိုတယ်၊ Non- Medical ဆိုရင် FDA မလို ဘူး။ ဒါပေမယ့် Mask တွေမှာက အခု Medical ဘာညာ ခွဲခြားထားတာ မဟုတ်ဘူး။

စာအရပြောမယ်ဆိုရင် Deposition Mask ဆိုပြီး အဲလို ပုံစံမျိုးနဲ့ သွားနေတာ ဒီလိုမျိုး စာစကားလုံး အခေါ်အဝေါ်တွေနဲ့ ဆိုရင် တစ်ခါတစ်လေကျရင် လိုလား၊ မလိုလား ဆိုတာ ရယ်က တော်တော်လေးကို ဒုက္ခရောက်တာ။ အဲဒီတော့ တစ်ဖက်ကလည်း အရေးပေါ်ဖြစ်တယ်။ တစ်ဖက်ကလည်း Reply ပြန်ဖို့ နောက်ကျတာရယ်ဆိုတော့ ကျနော်တို့ ဒီပစ္စည်း တွေ တင်သွင်းဖို့ နေရာ မှာ နည်းနည်းလေး အန္တရာယ်ဖြစ်နေတာပေါ့။

သွားလို့ရမယ့်ကိစ္စက မသွားရပဲနဲ့ ဒါတွေကို အချက်အလက်တွေကို စောင့်နေရတယ်။ ဌာနဆိုင်ရာဆိုတာက သူတို့ဘာသာ နှုတ်မိန့်နဲ့ ပြောထားရင် သူတို့ပဲသိမှာ ကျနော်တို့ သိမှာ မဟုတ်ဘူး။ စာထုတ်ထားရင်တော့ အများပြည်သူ သိမယ် ဒီစာရွက် ကိုင်ပြီးတော့ ကျနော်တို့ စကားပြောလို့ ရမယ်။ အဲလိုမျိုးတွေလည်း ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တော့ အခုလိုမျိုး တွေ နောက်ကျတဲ့အတွက်ကြောင့် အခက်အခဲ ရှိပါတယ်။ သူတို့ဘက်က ဒါနဲ့ပတ်သက်ပြီးတော့ မြန်မြန်ဆန်ဆန် ထုတ်ပေး နိုင်မယ်ဆိုရင် အလုပ်လုပ်ရတာ ပိုလွယ်တာပေ့ါ။ ကုန်သွယ်မှု တစ်ခုမှာက ဌာနတွေ အများကြီးရှိတယ်။ ကုန်သွယ်ရေးရှိမယ်၊ ဘဏ်ရှိမယ်၊ အကောက်အခွန်ရှိမယ်၊ သက်ဆိုင်ရာ ထောက်ခံစာယူရမယ့် ဌာနတွေ ရှိမယ်၊ သူတို့တွေကသာ မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ ကုန်သွယ်ရေးက ပိုပြီးလျှင်မြန်လိမ့်မယ်။

ဥပမာ ထောက်ခံစာယူရမယ့် ပစ္စည်းတွေဆိုရင် ဒါယူဖို့အတွက် ဘာတွေလိုအပ်လဲ ဆိုတာကြီးက ကြေညာထားတာတွေ၊ ရုံးကို သွားပြီးမှ သိရတာတွေပေါ့။ အခုက ကိုဗစ်ကာလ ဖြစ်တယ်။ ကိုဗစ်ဆိုတာက လူလူချင်း ထိတွေ့မှုကြောင့် ဖြစ်တာ။ လူလူချင်း ထိတွေ့မှု လျှော့ချနိုင်ကာမှ ကျနော်တို့ ကိုယ်တိုင်လုပ်ရမယ့် ကိစ္စတွေ လျှော့ချနိုင်မှ ဌာနဆိုင်ရာတွေ က ဆက်သွယ်လို့ ရမယ့် ဖုန်းဖြစ်ဖြစ် တစ်ခုခု ပေးထားမယ်ဆိုရင်တော့ ခုနက ကျနော်ပြောတဲ့ အခက်အခဲတွေက ရှိမှာတောင် မဟုတ်ဘူး။ ဆက်သွယ်လို့ ရမယ့်ဌာန ရှိကောင်း ရှိလိမ့်မယ် ဖုန်းမကိုင်ဘူးပေါ့။ အဲဒီတော့ မတတ်နိုင်ဘူးပေါ့။ Call Center က ဖုန်းမကိုင်တော့ ဘာမှ လုပ်လို့ မရဘူးပေါ့။ ဒါတွေရှိပါတယ်။

ပုံ-ကိုဗစ်ကာလကျန်းမာရေးသတိထားနေရ 

မေး ။       ။ အခုလက်ရှိရော ကျန်းမာရေးသုံးပစ္စည်းတွေကို တင်သွင်းနေရတာ အရင်ကထက် လိုအပ်ချက် ဘယ်လောက်ထိ ပိုပြီးတော့ များများတင်သွင်းနေရပါသလဲ။

ဖြေ ။        ။ အဲဒါကတော့ ကျနော်က အရောင်းအဝယ်သမားတော့ မဟုတ်ဘူး။ ကျနော့်အမြင် ပြောပြရရင်တော့ လိုအပ်ချက် ဆိုတဲ့ နေရာမှာ တကယ်လိုအပ်တာလားဆိုတာ ပြန်ပြီးတော့ ကြည့်ရတာ။ တချို့တွေက မလိုအပ်ပဲနဲ့ ဈေးကစားဖို့ အတွက်နဲ့ ဝယ်လှောင်ထားတာ ရှိတယ်။ တကယ်လိုအပ်တာက အခြေခံပြည်သူတွေ တကယ်ဖြစ်နေတဲ့ သူ တွေမှာ ကျန်းမာရေးသုံး ပစ္စည်းတွေက လိုအပ်နေတာ။ ဥပမာ ပွင့်ပွင့်လင်းလင်းပြောရရင် Oxygen က တကယ်လိုအပ်လား၊ မေးကြည့်တဲ့ အခါကျရင် လိုအပ်တယ်ပဲ ဖြေတယ်။ ဘာကြောင့်ဖြေလဲဆိုရင် ကိုဗစ်ကြောင့် အသက်ရှူမဝတာတွေ၊ ဘာတွေ ဖြစ်တဲ့အခါဆိုတော့ လိုအပ်တယ်ပဲ ပြောမှာ။ တကယ်တမ်း ကျနော်တို့ ပြန်စဥ်းစားကြည့် မယ်ဆိုရင် Oxygen ရှူတာတွေ ဘာတွေက တကယ် တမ်းကျတော့ ကျွမ်းကျင်မှု ရှိရဲ့လား ပြန်ပြီး မေးကြည့် မလိုအပ်ပဲနဲ့ လူသေဆုံးမှုတွေ ဖြစ်တာပေါ့နော်။

Oxygen ကို အပေးမတတ်တော့ လူနာ သေသွားတာ ရှိတယ်။ တကယ်လိုလို့ Oxygen ပေးတော့ သက်သာသွားတာလည်း ရှိတယ်။ နောက်တစ်ခုက Oximeter ပေါ့။ ဒါက ခန္ဓာကိုယ်ထဲမှာ Oxygen ဘယ်လောက် ရှိလဲ/မရှိလဲ တိုင်းတာ။ ကျနော် ပြောချင်တာက တကယ်လိုအပ်မှသာ လုပ်ထားပေါ့။ မလိုအပ်ပဲနဲ့ လျှောက်လုပ်ထားမယ်၊ လူတွေက စိတ်ပူတာပေါ့၊ အသက် အန္တရာယ်နဲ့ နီးကပ်လာလို့ လျှောက်လုပ်ထားတာပေါ့။ ဒီအချိန်မှာ ဒီစကားကြီး ပြောရတာ မကောင်းပေမယ့် တစ်ခါတစ်လေကျရင် ပညာရှိ သတိဖြစ်ခဲပေါ့။ တော်တော်များများက ပညာတတ်ကြပါတယ်။ ဒါပေမယ့် ပညာရှိ သတိဖြစ်ခဲတွေ ဖြစ်သွားမှာ လည်း စိုးရိမ်တယ်။

တကယ်လိုအပ်လားဆိုတော့ နှစ်မျိုး နှစ်စားရှိတယ်။ စီးပွားရေးလုပ်တဲ့သူကတော့ လိုအပ်တယ်။ ဘာလို့ဆို သူက စီးပွားရေး လုပ်တာကိုး ဒါတွေကို သူတို့ ရောင်းမယ်ပြုမယ်ပေါ့။ တကယ်လိုအပ်နေတာက ပြည်သူတွေပေါ့၊ ပရဟိတ အသင်းတွေ တချို့ အဖွဲ့အစည်းတွေကနေ လှူပေးတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒီတော့ လိုအပ်တယ် မလိုအပ်ဘူး အပိုင်းက တော့ အောက်ခြေမှာ မြေပြင်မှာ စာရင်းကောက်ပြီးမှပဲ သိရမယ့် အနေအထားဖြစ်မယ်။ ပြောမယ်ဆိုရင် ဘယ်ရှုထောင့်က ကြည့်ပြီး ပြောမလဲဆို တာပေါ့။ အများကြီး ပြောလို့ တော့ အဆင်မပြေဘူး။

မေး ။       ။ တခြား ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသေးလားရှင့်။

ဖြေ ။        ။ ဘာမှတော့မရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျရင် စိုးရိမ်စရာပေါ့။ အခု ကိုဗစ်-၁၉ ဖြစ်တယ်။ ဖြစ်တဲ့နေရာ တွေ စင်တာတွေမှာ တာဝန်ရှိသူတွေ တစ်ယောက်မှ လာကြည့်တာတော့ မတွေ့ဘူးပေါ့။ ပြည်ထောင်စုဝန်ကြီး အဆင့် လောက်က ကိုဗစ်-၁၉ ဖြစ်နေတဲ့ နေရာတွေ လူအသေအပျောက် များနေတယ်ဆိုတဲ့ နေရာတွေက တကယ် မြေပြင်မှာ ဟုတ် နေလား၊ ဘာတွေလိုနေလဲ ဒါတွေက လိုအပ်တယ်ပေါ့နော်။ သူလည်း သူ့အကြောင်းတော့ ရှိချင်ရှိမယ်ပေါ့။ အလုပ်မအားလို့လဲ ဖြစ်မယ်ပေါ့။

ကျနော်ကတော့ အပေါ်ကနေ လုပ်ငန်းညှိနှိုင်း၊ အစည်းအဝေးတွေ ကျင်းပပြီးတော့ ဘယ်လိုပဲ လုပ်လုပ်အောက်ခြေမှာ မူဝါဒ တွေ အကောင်အထည်ဖော်ဖို့ အားနည်းနေရင် အဆင် ပြေ နေမှာတော့ မဟုတ်ဘူး။ နောက်ပြီးတော့ အောက်ခြေမှာ တကယ် ဖြစ်နေတဲ့ဟာတွေကို အထက်က လူကြီးတွေ သေချာသိမှသာလျှင် ဘယ်လိုလုပ်ရမလည်းဆိုတာ သူတို့ ဖြေရှင်းလို့ရမှာ။ ထိုင်ပြီးတော့ Report တွေ ထိုင်ဖတ်နေရင်တော့ ကျနော်တို့ အလုပ်မဖြစ်ဘူး။ အဲဒါလေးတော့ ကျနော် ပြောချင်ပါတယ်။ 

#ဦးစိုးသက်ဝေ #မြဝတီနယ်စပ် #အစိုးရ #အောက်ခြေ #ကိုဗစ်၁၉ #ဆေးဝါး #ဆေးပစ္စည်း #အောက်ဆီဂျင် #စီးပွားရေးလုပ်ငန်းရှင် #ကုန်သွယ်ခွင့် #FDA #ပြည်သူလူထု #CNImyanmar #cninews