CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၂

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေပြီး ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု အနေဖြင့် အောက်ဆီဂျင် လိုအပ်မှုများ မြင့်တက်နေသလို ကျန်းမာရေး သတင်း အချက်အလက်များ ရရှိခြင်း အားနည်း နေပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်မှုများကလည်း အားနည်းချက်များ ရှိနေသလို နစကကို ကန့်ကွက်နေ သည့် ကျန်းမာရေးဝန်ထမ်းများကလည်း CDM လုပ်နေ သည့်အတွက် ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ထမ်းများ လိုအပ်နေ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို လက်မခံသည့် အင်အားစုများက ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် နစကနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသူများ အပါအဝင် မိမိအသိ စိတ်ဓာတ်ဖြင့် ပြည်သူလူထု အသက် အန္တရာယ်ကာကွယ်ရေး ဆောင်ရွက် ပေးနေ သူများကို နစက ထောက်ခံသူ သို့မဟုတ် ဒလန်ဆိုသော တံဆိပ်ကပ်ခြင်းနှင့် အတူ ဆဲဆိုကြိမ်းမောင်း မှုများရှိနေသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကို CNI သတင်းဌာနက အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။          ။ Covid 19 တတိယလှိုင်း ထိန်းချုပ်နိုင်ရေးနဲ့ ပတ်သက်ပြီး နစကရဲ့ ကိုင်တွယ်ပုံ အခြေအနေပေါ့လေ.. ဆရာ့ အနေနဲ့ ဘယ်လိုမျိုး တွေ့ရှိမိလဲခင်ဗျ။ ဘာတွေ အားနည်းနေတယ်လို့ မြင်မိတာများရှိပါသလဲ။

ဖြေ ။          ။ အခြေခံအချက်က အစိုးရနဲ့ပြည်သူ ပူးပေါင်းလို့မရဘူးဖြစ်နေတယ်။ပြည်သူထောက်ခံမှုမရတာတော့ အဓိက အချက်ပေါ့။ ဘာကြောင့်လဲဆိုရင် ပြည်သူထောက်ခံ မှုရမှပဲ ဒီလုပ်ငန်းကြီးတစ်ခုက ကြိုတင်ကာကွယ်ရေးလုပ်ငန်းတို့ ကုသ ရေး လုပ်ငန်းတွေမှာလည်း ပြည်သူနဲ့ အစိုးရပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မှာပေါ့နော်။ တဖွဲ့ တည်းနဲ့တော့ ဘယ်အတိုင်းဖြစ်ဖြစ် ဆောင်ရွက်လို့မရဘူး။ အခြေခံအပိုင်းကတော့ အဲ့ဒါပေါ့နော်။

နောက် ဒုတိယအချက်ကတော့ ဝန်ထမ်းအင်အားပေါ့နော်။ ကျန်းမာရေး ဝန်ထမ်းအင်အား မလုံလောက်ဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး CDM လုပ်သွားတဲ့အတွက်ကြောင့်မို့ ဆေးရုံတွေမှာ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ ဓာတ်ခွဲခန်း ဒါတွေ Shortage ဖြစ်နေတယ်။ အဆောက်အဦးကတော့ ရှိတယ်။ အဆောက်အဦး တစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ လူနာ တွေ care လုပ်ပေးဖို့က ခုနပြောသလို ဝန်ထမ်းတွေလိုအပ်တယ်။

နောက် Volumteer တွေပေါ့နော်။ အရင်တုန်းက Volumteer တွေ များတယ်။ Volumteer လိုအပ်တဲ့အတွက်ကြောင့်မို့ နဂိုတကည်းကိုက ကိုဗစ်ရောဂါက ရက်အနည်းဆုံး နှစ်ပတ်လောက်ဆေးရုံ တက်ကြရတာများတာကိုး။တစ်ရက် နှစ်ရက် တက်ပြီး ဆင်းသွားတဲ့ရောဂါမဟုတ်ဘူး။ နောက် ဒီကြားမှာ နာတာရှည်ဆိုတော့ အပြင်ထွက်လို့မရဘူး။ သူတို့အတွက် စားဖို့သောက်ဖို့ စီစဉ်ဖို့လိုတယ်။ Admin ကိစ္စတွေ အများကြီးပေါ့နော်။ လူတစ်ယောက်ဆေးရုံတက်တယ်ဆိုကတည်းက အစားအသောက်ဖို့ လိုတယ်။

နောက်တခါ အထူးလိုအပ်ချက်က အောက်ဆီဂျင်လိုဟာမျိုးပေါ့နော်။ ဒါကလည်း လိုအပ်ချက်က ကြီးတယ်။ လက်ရှိ ဖြစ်နေ တဲ့ ပြဿနာမှာလည်း အောက်ဆီဂျင် မလုံလောက် မှုပေါ့။ ကိုဗစ်တတိယလှိုင်းကတော့ နိုင်ငံတော်တော်များများကတော့ ထိခိုက်မှုများပါတယ်။ လောလောဆယ်အနီးဆုံးဆိုရင် အိန္ဒိယလိုဟာမျိုးပေါ့နော်။ အင်ဒိုနီးရှားလိုဟာမျိုးဆို လည်း ပြဿနာတွေတောင် ဖြစ်နေတယ်။ ဒါပေမယ့် သူတို့တွေမှာစောတယ်။ ယူကေတို့ အိန္ဒိယတို့မှာဖြစ်တဲ့ တတိယလှိုင်းက စောတယ်။ ကိုဗစ်ကလည်း ဗိုင်းရပ်စ် ဖြစ်တဲ့အတွက် ကြောင့်မို့ သူက ဘာဖြစ်လဲဆိုတော့ Mutation လုပ်ပြီးတော့မှ အသိဉာဏ်ကြွယ်ဝ တယ်ပေါ့နော်။ ပြောင်းသွားတယ်။ Alpha တို့ Delta တို့ ဖြစ်လာတယ်။Vaccine တို့ ကျန်တဲ့ဟာ တွေကလည်း ဒီလောက်ထိ ထိရောက်အောင် မကာကွယ်နိုင် ဘူးဖြစ်နေတယ်။ 100% ကာကွယ်မှုမရဘူးပေါ့နော်။ အဲ့တော့ ပြောရမယ်ဆိုရင် အဓိက အချက်ပေါ့နော်။ လက်ရှိ ဖြစ်ပေါ်နေတာကတော့ အစိုးရနဲ့ပြည်သူ ပူးပေါင်းမှုက မရှိသလောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒါကလည်း ကျနော်တို့ရဲ့အခြေအနေကိုပိုပြီးတော့ ဆိုးစေတယ်လို့ မြင်ပါတယ်။

ပုံ-အောက်ဆီဂျင်အရည်ဖြည့်ရန် စောင့်နေကြစဉ်

မေး ။         ။ ဆရာပြောသလို အစိုးရနဲ့ ပြည်သူကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတယ်ဆိုတာက ဘာကြောင့်လဲ ဗျ။ နစကအပေါ်မှာ ပြည်သူက ဘာဖြစ်လို့ ယုံကြည်မှု အားနည်းနေရတာလဲဗျ။ ဆရာရော ဘယ်လိုမြင်မိလဲ။

ဖြေ ။         ။ ဒါတော့လည်း အားလုံးသိတဲ့အတိုင်းပဲ။ ဘယ်လိုပဲပြောပြော ရွေးကောက်ခံ အစိုးရမဟုတ်ဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာထိန်းသိမ်း လိုက်တယ်ဆိုပြီး ကြေညာခဲ့တဲ့အတွက်ကြောင့်မို့ အခုထက်ထိလည်း ဆန့်ကျင်မှုတွေရှိနေတဲ့ အနေအထား ရှိတာကိုး။ အဓိကကတော့ ပြည်သူကတော့ Elected Government ကျမှပဲ ပူးပေါင်းမှု ထောက်ခံမှုရရှိမှာပေါ့ နော်။ ကိုယ်တိုင်ရွေးချယ်တဲ့အစိုးရဆိုရင်တော့ ပူးပေါင်းမှုများနိုင်တယ်။ အဲ့လိုမဟုတ်ဘဲ Non elected government ဆိုရင်တော့ ဘယ်တိုင်းပြည် ဖြစ်ဖြစ်ကတော့ အလားတူပြဿနာ  ကြုံတွေ့ရမှာပဲ။

မေး ။          ။ ဒါဆိုရင် ဒီအခင်းအကျင်းက ဒီအတိုင်းဆက်သွားရင် နိုင်ငံကို ပိုပြီး ဆုတ်ယုတ်နိုင်တယ်ပေါ့လေ။ ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ နစက က ချဉ်းကပ်ဖို့ လိုအပ်မလဲဗျ။

ဖြေ ။         ။ အခုကတော့ အာဆီယံမှာလည်း မူ(၅)ချက် ချထားတာပေါ့နော်။ပြီးတော့ UN တို့ နိုင်ငံတကာမှာလည်း တွေ့ဆုံ ညှိနှိုင်း အဖြေရှာဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြတယ်။ ကျနော်တို့မြင်တာတော့ နစကရော ဒီဘက်အပိုင်း အန်အယ်လ်ဒီ(NLD) ဘက်ကရော လက်ရှိ သူတို့ဖွဲ့စည်းလိုက်တဲ့ CRPH လိုဟာမျိုးပေါ့နော် ဒါတွေကလည်း ကျနော်တို့ မြင်တာ က တွေ့ဆုံ ဆွေးနွေးတဲ့ လမ်းစဉ်ကို ဦးတည်ရမယ်ထင်တာပေါ့နော်။ မဟုတ်ရင် ပြည်သူကတော့ ပိုနာတာပေါ့နော်။မြေဇာပင်လို့ပြောရင် ပြည်သူပဲဖြစ်တာပေါ့။

အခုလည်း CDM လုပ်တဲ့ ကိစ္စမှာလည်း ဆန့်ကျင်မှုကို ပြတဲ့အတွက် လုပ်တယ်။ သို့သော်လည်းပဲ ဆေးရုံ ဆေးခန်းတွေမှာ Shortage ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ နစက ကတော့ ပြုတ်မသွားဘူး။ သူကတော့ သူ့အဖွဲ့အစည်းအနေနဲ့ သူ့ဘာသာ သူ ရှိနေတယ်။ တပ်ကကျတော့ သူ့မှာ ဆေးရုံတို့ facility အပြည့်ရှိတယ်။ အခုလက်ရှိ ပြည်သူ့ဆေးရုံ တွေမှာ ကျတော့ ဆရာဝန်၊ ဆရာမ မလုံလောက်ဘူး။ အထူးသဖြင့် ဆေးရုံတော်တော်များများမှာ Covid-19 နဲ့ ပတ်သက်တဲ့ ပြင်းထန်လူနာ အတွက် နောက်ဆုံးအဆင့်က ICU ပေါ့နော်။ အထူးကြပ်မတ် ကုသခန်းမှာ ventilator တင်ရတယ်။ လောလောဆယ်က ဆေးရုံတော်တော်များများမှာ ventilator တင်ဖို့ ICU လုပ်ဖို့အတွက် မေ့ဆေးဆရာဝန်တွေ မရှိဘူး။ ရန်ကုန်ဆေးရုံကြီး တစ်ခုပဲ ကုတင်(၁၀)လုံး ပဲ ICU ဖွင့်နိုင်တယ်။ ကျန်တဲ့ ဆေးရုံတွေအားလုံး မြောက်ဥက္ကလာဆေးရုံ၊ဝေဘာဂီဆေးရုံ ကျန်တဲ့ ကိုဗစ်စင်တာအားလုံးမှာ ICU မရှိဘူး။ အဲ့တော့ အသက်ရှုကျပ်ရင်တော့ ကျနော်တို့က သေဖို့ပဲရှိတယ်။ Proper Care မရ ဘူးပေါ့နော်။ အခုဟာက လက်ရှိဖြစ်နေတာ။

မေး ။          ။ ဒါဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်မှုမရှိတာနဲ့ ပတ်သက်ပြီးတော့ နစက ကတော့ ကန်ထရိုက်ပုံစံ မျိုးနဲ့ ခေါ်မယ်လုပ်နေတာကလည်း လက်တွေ့ ကျနိုင် ခြေ အားနည်းတယ်ပေါ့လေ။ ဒါမျိုးတွေ ကတော့ သူတို့တွေအနေနဲ့ ဘာတွေချဉ်းကပ်ဖို့ လိုအပ်မလဲ၊ ဘာတွေဖြေလျော့ဖို့ လိုမလဲဗျ။

ဖြေ ။          ။ ကျနော်မြင်တာတော့ လက်ရှိအနေအထားမှာတော့ CDM လုပ်သွားတဲ့ဝန်ထမ်းတွေကတော့ ကန်ထရိုက်စနစ် ပြန်လုပ်ဖို့လည်း မလွယ်ပါဘူး။ နဂိုကတည်းက အပြင် မှာနေတဲ့ ဆရာဝန်ကလည်း သူ့အလုပ် သူ လုပ်နေကြတာကိုး။ အစ ကတည်းက အလုပ်မဝင်ချင်လို့မဝင်တာ။ အခုမှ လစာလေး ၂ သိန်းကျော်လောက်နဲ့ အလုပ်ဝင်မှာတော့ မဖြစ် နိုင်ဘူး။

ကိုဗစ်ဆိုတာတော့ risk လည်း များတာကိုး။ လုပ်လို့ရတဲ့နည်းလမ်းတစ်ခုကို ကျနော့ရဲ့ ပုဂ္ဂလိက အမြင်ဆိုရင်တော့ ကျန်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလိုဟာမျိုးက ကိုဗစ် စင်တာတွေမှာ ကြီးကြပ်သင့်တာပေါ့နော်။ အရင်တုန်းကရှိခဲ့တဲ့ ဧရာဝတီ ဖောင်ဒေးရှင်းတို့ ကမ္ဘောဇအလင်းတန်းဖောင်ဒေးရှင်း တို့ ဒါမှမဟုတ် ကြက်ခြေနီအသင်း အလားတူပေါ့ နော် တတိယ အဖွဲ့အစည်းတွေက အခုကျတော့ဗျာ ကမ္ဘောဇက အရင်တုန်းက လုပ်တယ်။ အခု အင်ယားစင်တာကို တည်ဆောက်ပြီး တဲ့ အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရကို လွှဲလိုက်တယ်။ သူက Manage မလုပ်ဘူး။ သူကလုပ်တယ်ဆိုရင်တောင် Volumteer တွေဘာတွေ စုဖို့ ပိုလွယ်မလားပဲပေါ့နော် ကျနော်မြင်တာလေ။

ပုံ-အင်းယားလိတ်ကိုဗစ်စင်တာ(MoHS)

ဥပမာ - ဧရာဝတီဖောင်ဒေးရှင်းလည်း အခုက ဖျက်လိုက်တယ်။ ဖျက်ပြီး ပြန်ဆောက်ပေးဖို့ပြောတယ်။ ဆောက်ပြီး သူတို့က Management မလုပ်ဘူး။ အဆောက်အဦးကိုပဲ လွှဲမယ်ပြောတာကိုး။ တကယ်တမ်းက အဆောက်အဦးတွေက မလိုဘူးဗျ။ တောင်ဥက္ကလာ ဆေးရုံလိုဟာမျိုးပိတ်ထားတယ်။ ဝေဘာဂီမှာလည်း နှစ်ဆောင် သုံးဆောင်ရှိတယ်။ တစ်ဆောင်တည်း ဖွင့်နိုင်တယ်။ ကျနော်တို့ဆီမှာ တကယ်တမ်း အဆောက်အဦးတွေက အများကြီးရှိတယ်။ တကယ်လိုနေတာ ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြု ကျန်းမာရေးဝန်ထမ်း ဒါတွေလိုနေတာပေါ့။

ကျ​နော့် ပုဂ္ဂလိက အမြင်အရ ပြောရင်တော့ နစက ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ကန်ထရိုက်စနစ် လုပ်မှာဆိုတာ ကတော့ စိတ်ကူးယဉ်တဲ့ အပိုင်းဖြစ်ပါတယ်။ လုပ်သင့် တာကတော့ တတိယအဖွဲ့အစည်းကို လွှဲပေးမယ်ဆိုရင် ပိုပြီးတော့ မြန်လာမယ်။ ဆိုပါစို့ ကြက်ခြေနီလိုဟာမျိုးဆိုရင်လည်း ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ ဆေးပညာရှင်များ အသင်း အဲ့လိုမျိုးပေါ့နော် သူတို့ရဲ့ NGO တွေရှိနေတာပဲ၊ ဒါကတော့ နည်းနည်းပိုပြီး လူတွေရဲ့ motivation စိတ်ဝင်စားမှု ပိုရနိုင်တယ်လို့ မြင်ပါတယ်။ ကျနော် ကတော့ အဲဒီလို အကြံပြုချင်တယ်။ ကျနော်သာဆိုရင် အဲဒီလိုလုပ်ဖို့ စဉ်းစားမှာပေါ့နော်။

မေး ။         ။ တတိယအဖွဲ့အစည်းဆိုတာကရော သူတို့ ကမ်းလှမ်းမယ်ဆိုရင် တကယ်ရော လက်တွေ့ကျကျ ပါဝင် လာနိုင် ခြေရော ရှိလားဗျ။ ဘာကြောင့်လဲဆိုတော့ လုပ်လိုက် မယ်ဆိုရင် တချို့ကျတော့လည်း စစ်အုပ်စုကို ထောက်ခံတဲ့တံဆိပ်ကပ်ခံ  ရမှာလည်း စိုးရိမ်တာတွေလည်း ရှိတယ်ပေါ့လေ။ ဒီအပေါ်မှာရော နှစ်ဖက် ဘယ်လို ချိန်ကြမလဲ။

ဖြေ ။         ။ အဲဒါတော့လည်း ဖြစ်နိုင်ခြေတော့ရှိပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့မြင်တာတော့ ဒီအဖွဲ့အစည်း တော် တော် များများကတော့ ဘယ်လိုပဲဖြစ်ဖြစ် လူတွေကယ် ဖို့အတွက်ဖွဲ့ထားတာပဲလေ။ နောက် Professional တွေဆိုတော့ ဒီလို အခြေအနေမှာဆိုရင်တော့ ကျနော်တို့မြင်တာတော့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်လာမယ်လိုတော့ မြင်ပါတယ်။ Professional မှာရှိ တဲ့ ဆရာကြီးတွေကတော့ ဆဲတာထက်စာရင် လူ့အသက်ကယ်တာက ပိုအရေးကြီးတာပေါ့။ တဖြည်းဖြည်းတော့ နားလည် သွားမှာပေါ့။ ကျနော်တို့ လိုချင် တာကတော့ ဒီအခြေအနေမှာတော့ ကိုယ့်ကို အဆဲခံရမှာကြောက်မလား။ လူတွေအသက် ကယ်ဖို့ စဉ်းစားမလားပေါ့။

အဓိကကတော့ ပူးပေါင်းတာမဟုတ်ဘူး၊ ကိုယ့်ဘာသာကို Manage လုပ်တယ်၊ လူတွေအသက်ကယ်ဖို့ အတွက် ဆောင်ရွက် တာမျိုးကတော့ ဘယ်အခြေအနေမှာဖြစ်ဖြစ် လုပ်ရ တာပဲ။ ကျနော်တို့ရဲ့ ကျင့်ဝတ်မှာလည်း ပါတယ်။ အယုတ်အလတ် အမြတ်မရွေး ရန်သူမိတ်ဆွေမခွဲခြားဘဲ ကုသပေးရမယ်ဆိုတဲ့ ကျမ်းကျိန်ထားတာ ရှိတယ်။ အဲဒီတော့ ကျန်းမာ ရေး ဝန်ကြီးဌာန က ဖိတ်ခေါ်တာမျိုးထက်စာရင် တတိယအဖွဲ့အစည်းတွေလုပ်ရင် နည်းနည်းတော့ ဖြစ်လာနိုင်ခြေရှိတယ်လို့ စဉ်းစားမိတာပေါ့။

အဓိကကျတဲ့ ကျန်းမာရေးဝန်ထမ်းမရှိဘူးဆိုတာက ဘယ်လိုမှ ဆက်လုပ်လို့မရဘူး။ လူတွေတော်တော်များများက ဆေးရုံ တက်လို့မရဘူး။ အိမ်မှာပဲ ကုတယ်။ အောက်ဆီဂျင် လိုက်ရှာတယ်။ နောက် ဖေ့စ်ဘုတ်က ကုသနည်းဆေးမြီးတိုတွေနဲ့ ဟိုဟာ သောက်တယ် ဒီဟာသောက်တယ် အဲဒီလို လုပ်နေကြရတယ်။ ဒါဟာ ကျနော်တို့အတွက် အဖိတ်အစင် ပိုများစေတယ်။ လူနာတယောက်နေရာကပဲကြည့်လေဗျာ။ ရောဂါဖြစ်ရင် ဆေးရုံတက်ကုရပြီး ဆုံးသွားတယ်ဆိုရင်တောင် ကျေနပ်တယ်ပေါ့၊ ဆေးရုံလည်း မတက်ရဘူး၊ အိမ်မှာပဲ နေပြီးတော့မှ ဆေးမြီးတိုနဲ့ ကုပြီး အောက်ဆီဂျင်လည်း မရဖြစ်တာမျိုးဆိုရင် ကိုယ့်မိသားစုဝင်တယောက်အနေနဲ့ စိတ်မကောင်းဘူး။ ဘာမှမလုပ်ပေးလိုက်နိုင်ဘဲ ထိုင်ကြည့်နေရ တာမျိုးပေါ့။

 

ပုံ-ကိုဗစ်-၁၉ ကာကွယ်ရေး Mask တပ်ရန် Mask လိုက်​ဝေ (MoHS)

မေး ။          ။ တချို့ဆိုရင် ဆေးရုံတက်ဖို့သွားကြတယ်၊ ဒါပေမယ့် ဆေးရုံက လက်မခံတာရှိတယ်။ လက်ခံမယ်ဆိုတဲ့အခါ ကျတော့လည်း အောက်ဆီဂျင်အပြင်မှာ ရှာလာပြီးတော့ မှ လာခိုင်းတယ်ပေါ့လေ။ နောက်တချက်က ICU တွေ မလုံလောက် ဘူးပေါ့လေ။ စရံငွေ ဘယ်လောက် တင်ရမယ်ဆိုတာမျိုးပေါ့ .. အဲဒီလို စရံငွေမတင်နိုင်တဲ့သူက သေရတော့ မလား ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ဒါတွေကိုရော နစက က ဘယ်လိုထိန်းချုပ်ကိုင်တွယ်ဖို့ လိုအပ်မလဲ။ ဘာတွေပြင်ဆင်ဖို့လိုအပ်မလဲ။

ဖြေ ။          ။ အမှန်ကတော့ အခုမှ လုပ်ရင်နောက်ကျတာပေါ့။ အောက်ဆီဂျင်ကိစ္စတွေ ဒါတွေကတော့ အိန္ဒိယမှာ ဖြစ်နေ ကတည်းက၊ အထူးသဖြင့် အဲဒီအချိန်တုန်းကလည်း တဖက်မှာလည်း ပြည်သူက ဆန့်ကျင်တာ နစက ကလည်း အာဏာကို ထိန်းချုပ်ဖို့လုပ်နေတာြဖစ်တဲ့အတွက်ကြောင့်မို့ ဒီဘက်ကို မလှည့်နိုင်ဘူး။အခုကျမှ လိုက်ပြင်တော့ အလျင်မမီတာပေါ့။ ဆေးရုံကတော့ (၂) ပိုင်းရှိတယ်။ (၁) ကတော့ ဆေးရုံတက်တဲ့ Procedure ပေါ့၊ ကျနော်တို့တောင် Social Media မှာ ရေးထား သေးတယ်။ ဆေးရုံဘယ်လို တက်ရမလဲဆိုတာ။ လူတွေက တခြားရောဂါတွေလိုပဲ အရေးပေါ်ဖြစ်မှ ဆေးရုံပြေးလို့မရဘူး။ ဘာကြောင့်လဲဆို ကုတင်မရှိတာလည်းပါတယ်။ ဆရာဝန် မရှိတာလည်းပါတယ်။

သူတို့ရေးထားတာကတော့ သက်ဆိုင်ရာ မြို့နယ် ဒေသန္တရ ကျန်းမာရေးဆရာဝန် တွေကို အရင်ဆက်သွယ်ရမယ်။ သူတို့ ကနေ လွှဲစာနဲ့ တိုင်းကျန်းမာရေးမှာရှိတဲ့ Bed Management ကော်မတီ ပေါ့ အဲဒီကနေတဆင့် ကုတင်လွတ်တဲ့နေရာကို ရှာပေးမယ်။ ပြီးတော့မှ ကိုယ့်ကို အကြောင်းကြားမယ်။ အိမ်မှာပဲစောင့်ပေါ့၊ သူတို့စနစ်ကတော့ အဲ့လိုလုပ်ထားတယ်။

ဒါပေမယ့် သူတို့ပညာပေးတာ နည်းတယ်။ ဘယ်သူမှမသိကြဘူး။ နဂိုကတည်းက လူတွေကလည်း သတင်းစာတို့ တီဗီတို့မှ မကြည့်တာ၊ အဲဒီတော့ အဲ့ဒီမှာပဲသွားပြောနေလို့မရဘူး။ အဲ့ဒီလိုမျိုးဆိုရင် Procedure ဖြစ်တဲ့အတွက်ကြောင့်မို့ ၁၀၀ ရာခိုင်နှုန်း မဟုတ်ပေမယ့် ၁၀ ယောက်မှာ ၈ ယောက်လောက်တော့ ချက်ချင်းမဟုတ်ပေမယ့်လည်း ဆေးရုံတက်လို့ ရမယ်။

အခုဆိုရင် လူတွေက Positive ဖြစ်ရင်ဘာမှမလုပ်ကြဘူး။ အိမ်မှာပဲနေနေကြတာ။ အနံ့ပျောက်လည်းနေနေ ကြတာ။ အောက်ဆီဂျင် ၅၀/၆၀ ဖြစ်တော့မှ ဆေးရုံးပြေးတာ။ ဆေးရုံ တက်ဖို့ မလိုခင် ၃၊ ၄ ရက်ကတည်းက ကြိုပြီးဆက်သွယ်ထား၊ သူတို့ဆီက refer စာရွက်ယူထား၊ ရုံးလုပ်ငန်းလုပ်ထားပေါ့ဗျာ၊ အဲဒီတော့ နောက် ၃၊ ၄ရက် ဆေးရုံတက်ရတော့မယ့် အချိန် ကျတော့ နေရာလွတ်တာ ကြုံတာပေါ့နော်။ တဖက်မှာလည်း ကျန်းမာရေး ဝန်ကြီးဌာနမှာလည်း တာဝန်ရှိတယ်။ သူတို့က ပညာပေးရမှာ၊ ဘယ်လိုဆေးရုံတက်တဲ့စနစ်ကို တော်တော်များ များမသိကြဘူး။

နောက်တချက်က ဒီလိုလုပ်တော့ရော နေရာရနိုင်မလားဆိုတော့လည်း မရနိုင်ဘူး။ ဆေးရုံ အားလုံးက အပြည့်အဝ မလည် ပတ်နိုင်ဘူး။ ဝေဘာဂီဆေးရုံဆိုရင် လူနာ ၅၀ ကနေ ၇၀ ကြားလက်ခံတယ်။ အဆောင် ၃၊၄ ဆောင်ရှိတယ်၊ ဆရာဝန်မရှိဘူး၊ အဲဒီတော့ မဖွင့်နိုင်ဘူး။ မြောက်ဥက္ကလာဆေးရုံဆို အရင်က ကိုဗစ်စင်တာ ပိတ်ထားတယ်။ Private ဆေးရုံတွေ ကုသခွင့်ပေး တယ်။ အားလုံးသိတာတော့ ပန်းလှိုင်က ဒေါ်လာ ၇ ထောင် Deposit တင်ရတယ်။ သိန်းတစ်ရာကျော်ပေါ့။

အဲဒါတောင် အခုတက်လို့မရတော့ဘူး။ သူတို့ကြေညာ ချက်ထုတ်တာတော့ သူတို့မှာ ကိုဗစ်နဲ့ပတ်သက်ပြီး ဆေးဝါးမရှိတာ ကြောင့် လူနာကို လုံးဝလက်မခံတော့ဘူး ဖြစ်သွား တယ်။ ဒါကို ထိန်းချုပ်လို့တော့ မရဘူး။ သူ့ရဲ့ Choice ပဲပေါ့။ အစိုးရက ဒေါ်လာ ၇ ထောင်မယူနဲ့လို့ သွားပိတ်လိုက်ရင်လည်း လူနာတွေ မတက်ရရုံပဲရှိမှာပေါ့။ သိန်းတစ်ရာပေးလို့ တက်နိုင်တဲ့သူ တက်တော့ သူ့အတွက် အစိုးရဆေးရုံမှာနေရာကို ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲတဲ့သူကို ပေးနိုင်တာပေါ့။ ဒေါ်လာ ၇ ထောင်နဲ့ အဲ့လူတွေကို လက်မခံတဲ့ အတွက် ကြောင့် အဲ့လူတွေက ပြည်သူ့ဆေးရုံမှာ လာတန်းစီရင် Waiting List က ပိုပြီး များတာပေါ့။

ကျနော်သိရသလောက် တနေ့ကို ၂၀၀ နဲ့ ၃၀၀ ကြား ဆေးရုံတက်ဖို့ စောင့်နေကြရတယ်။ ရှေ့က ဆင်းတယ် ဒါမှမဟုတ် သေသွားတော့မှ တက်လို့ရတဲ့ အနေအထားရှိတယ်။ တာဝန်ရှိသူတွေက ဖြေနေတာ အောက်ဆီဂျင်က ပြည်သူတွေက ဝယ်စရာမလိုဘူးပေါ့လေ ဆေးရုံတက်မှလိုတာတို့ ဘာတို့ဖြေနေတာ။ သူမသိတာက ဆေးရုံတက်ဖို့အတွက် စောင့်နေရတဲ့ လူနာတွေကို ဘယ်လိုလုပ်မလဲဆိုတာ သူမသိဘူး။ လူတွေက မြို့နယ်ကျန်းမာရေးကို မဆက်သွယ်ကြဘူး။ ဆေးရုံ မတက်ကြ ဘူးပေါ့။ ဆေးရုံတက်ချင်တယ် လောလောဆယ် မှာ ဆေးရုံတက်ခွင့်ရဖို့အတွက် လာနေတဲ့သူတွေက တစ်ရက်ကို မနည်းဘူး။ တက်ချင်ပါတယ်ဆိုရင်တောင် ပြေးတက်လို့မရဘူး။ ဆေးရုံမှာ ကုတင်မရှိဘူး။

 

ပုံ-ကိုဗစ်-၁၉ ကာကွယ်ရေး Mask တပ်ရန် Mask လိုက်​ဝေ (MoHS)

အောက်ဆီဂျင်ကိုယ့်ဘာသာကို ယူလာမယ်ဆိုရင်တောင်မှ ထားစရာမရှိဘူး။ အဲ့ဒီတော့ပြည်သူတွေက Panic ဖြစ်ပြီးတော့ အောက်ဆီဂျင်တွေ လိုက်ဝယ်ရတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ အကြီးဆုံး ပုဂ္ဂိုလ်ကိုလည်း ဖုန်းနဲ့ဆက်သွယ်မေးတယ်။ ဖေ့စ်ဘွတ်ခ်တွေမှာလည်း တွေ့နေရတာ အောက်ဆီဂျင် အားလုံးကို Private ကို မပေးဘူးပေါ့။ ဆေးရုံတွေက ထိန်းချုပ်ထားတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထိန်းချုပ်ထားတယ်ပေါ့။ ဘယ်လောက်ကို ပြည်သူတွေကို ပေးမယ်၊ ဘယ်စက်ရုံကနေ ပြည်သူတွေကို ပေးထုတ်မယ်ဆိုတဲ့ အင်ဖော်မေးရှင်း အပြည့်ပေးပါလားလို့ ဆက်သွယ်ကြည့်တော့ သူတို့ကလည်း မချုပ်ထားဘူးတဲ့။

ပထမပိုင်းကတော့ ဟုတ်တယ်ပေါ့လေ၊ ဆေးရုံတွေမှာ အောက်ဆီဂျင်ပြတ်လို့ အခုက Liquid အောက်ဆီဂျင်တွေ ထိုင်းကနေ ရတဲ့အချိန်မှာတော့ Private ဆီကနေ အောက်ဆီဂျင် ကို မယူတော့ဘူးပေါ့နော်။ ပြောရရင်တော့ အခုချိန်မှာ အင်ဖော်မေးရှင်း (Information)က ဘယ်ဟာအမှန်မှန်း မသိဘူးဖြစ်နေတာ။ နစက နဲ့ လက်ရှိအစိုးရအားနည်းချက်က သတင်းအချက်အလက် စီးဆင်းမှု ပိတ်နေတာ။ ဒီအချိန်မှာ လူတွေဟာ အရူးမီးဝိုင်းနဲ့ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်မဖြစ်စေချင်ဘူး။ အချိန်လည်း ကုန်တယ်။ လူတွေလည်း သေတယ်။ ကျနော်အကြံပေးတာက ဘယ်စက်ရုံကနေ အောက်ဆီဂျင်ဘယ်နှစ်အိုး ရမယ်။ ဒါမှမဟုတ် အွန်လိုင်းစနစ် မှတ်ပုံတင် တခုခုပေါ့နော်။ အင်ဖော်မေးရှင်းအမှန်ကို တခုခု ကနေ ထုတ်ပြန် စေချင်တယ်။

ကျနော်အပါအဝင် လူတွေထင်နေတာက သူတို့ကို ထိန်းချုပ်ထားတယ်ပေါ့၊ ရန်ကုန်တိုင်း ကျန်းမာရေးက လူတွေပြောတော့ လည်း ထိုင်းက Liquid အောက်ဆီဂျင်တွေရပြီး ကတည်းက သူတို့ မယူတော့ဘူးပေါ့။ ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့အခါကျတော့ စက်ရုံဝန်ထမ်းတွေက ကြားကနေ ပွဲစားတွေနဲ့ ပေါင်းပြီး ရိုက်နေသလားတွေ သံသယဖြစ်လာတယ်။ ဒီစနစ်ကြီးမှာ Information Gap ဖြစ်နေတယ်လို့ မြင်တယ်။

တကယ် ရောဂါကုတာ မကုတာထက်ကို Proper အသိကို လူတွေကို သိစေချင်တယ်။ ပြည်သူတွေကို ပွင့်လင်းမြင်သာအောင် ချပြရင် ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေး ဝန်ကြီးဌာနအပေါ်မှာ နားလည်မှုပေးလာ နိုင်တယ်။ ဆေးဝါးတွေဆိုရင်လည်း UMFCCI တို့ ဆေးဝါးအသင်းတို့ကလည်း သက်သာအောင်ရောင်းပေးဖို့ လိုတယ်။ အားလုံး ခေါင် ခိုက်နေပြီး ပါးစပ်ထဲရှိတာ ရောင်းနေကြတယ်။ ကျနော်တို့ပြည်သူတွေအတွက်က ရောဂါဖြစ်တာကတစ်မျိုး တဖက်မှာလည်း ဈေးတွေက မတန်တဆ တင်ရောင်းနေတယ်။ အိမ်မှာ နေတဲ့လူနာ တွေအတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနက Proper Guideline ထုတ်ပြန်ပေး သင့်တယ်။

 အခုက ဖေ့စ်ဘုတ် မှာမြင်သမျှ လိုက်သောက်နေကြတာကိုး။ ဘယ်အချိန်မှာ သောက်ရမှန်းလည်းမသိဘူး။ ဘယ်ဟာ အမှန် မှန်းလည်း မသိဘူး။ ဒါတွေကို နစက အနေနဲ့ မြင်ဖို့လို တယ်။ နစက မှ မဟုတ်ဘူး မီဒီယာတွေအနေနဲ့လည်း သတင်းအမှန်ကို ထုတ်ပြန်ပေးဖို့လိုတယ်။ ဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့သတင်းဌာနလည်း ကျနော်တို့ဆီမှာ မရှိဘူး။ အများ စုက အပြစ်တင်ဖို့ ဟာပေါ့ နစကကို ဆဲတဲ့ဟာကလွဲရင် ကျန်တာမရှိဘူး။ အခုက လူ့အသက်နဲ့ ဆိုင်တယ်။ ဘယ်သူ့ ထောက်ခံမထောက်ခံတယ် ဆို တာထက် ကျနော်တို့က လူတွေကယ်ဖို့ ခုနက ပြောသလို ဆေးရုံဘယ်လိုတက်ရမလဲ အောက်ဆီဂျင်ကို ဘယ်လိုရအောင် လုပ်ရမလဲ နောက်ဆုံး နာရေးဖြစ်ရင် ဘယ်သူ့ခေါ်ရမလဲ၊ အခုဆိုရင် အသုဘ ချမယ်ဆိုရင်တောင် နယ်မြေအလိုက် ချတယ်လို့ ပြောတယ်။ ကျနော်တို့တောင် မသိဘူး။ ဘယ်နယ်မြေက ဘယ်မှာချတယ်ဆိုတာ။ ဒီလို အင်ဖော်မေးရှင်းတွေကို သိချင်တာ ပေါ့နော်။

 ကျနော်အနေနဲ့လည်း ဒီနေရာကနေ မီဒီယာအားလုံးကို မေတ္တာရပ်ခံချင်တယ်။ ဒီလို အင်ဖော်မေးရှင်းတွေလည်း ထုတ်ပြန် ပေးပါ။ သက်ဆိုင်ရာ မှန်ကန်တဲ့အချက်အလက်ကို ပြောဆိုနိုင်မယ့်သူမျိုး ကို ရှာဖွေပြီးတော့ပေါ့နော်။ တကယ်ဖြစ်လာခဲ့ရင် ကျနော်တို့ကိုယ်တိုင် ဘယ်ကိုခေါ်ရမှန်းမသိဘူး။ နောက် ပြဿနာဖြစ်နေတာ သေတဲ့ အကြောင်း ထောက်ခံချက်ပေါ့၊ တချို့ လည်း ပိုက်ဆံ တစ်သိန်းခွဲ နှစ်သိန်း တောင်းတယ်ဖြစ်နေတယ်။ အဲဒါမျိုးတွေ အခမဲ့လုပ်ပေးတဲ့ဟာမျိုးတွေ ဘယ်လိုရှိသလဲ ပေါ့။ လူတစ်ယောက် သေရင် ချက်ချင်းမြှုပ်လို့ရတာမဟုတ်ဘူး။ Dead Certificate ထုတ်ဖို့လိုတယ်။ အဲဒီအတွက်က ဆရာ ဝန် ဆ/မ ရှိတဲ့သူ လက်မှတ်နဲ့ပေါ့။ MRTV တို့ MWD တို့ကျတော့ လူမှသိပ် မကြည့် တာ။ လူကြည့်တဲ့ မီဒီယာတွေအနေနဲ့ လည်း လက်ရှိလိုနေတဲ့ အင်ဖော်မေးရှင်း အပ်ဒိတ်တွေ ထုတ်ပြန်ရင် ကျနော်တို့ ပြည်သူတွေ ခံစားရတဲ့ ဒုက္ခကို အထိုက် အလျောက် ကူညီ ပေးရာ ကျမယ်လို့ မြင်ပါတယ်။

#ဒေါက်တာစိုးထွန်း #စီးပွားရေးလုပ်ငန်းရှင် #တပ်မတော် #နစက #CDM #ကျန်းမာရေးဝန်ထမ်း #ပရဟိတအဖွဲ့ #Exclusiveinterview #ကိုဗစ်၁၉ #ကျန်းမာရေး #နိုင်ငံရေး #CNImyanmar #cninews