CNI News
၂၀၂၁ခုနှစ်၊ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မိရိုးဖလာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတွေ အများအပြားရှိပေမယ့် အခုလို ကိုဗစ် တတိယလှိုင်းနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ရက်ကန်းလုပ်ငန်းတွေရပ်နားထား လိုက်ရပါတယ်။
နိုင်ငံရေး အကျပ်အတည်းနဲ့ အပြောင်းအလဲ ကာလတွေတိုင်းမှာ မိရိုးဖလာ လက်မှုလုပ်ငန်းတွေဟာ တိမ်ကော သွားလေ့ရှိတယ်လို့ စစ်ကိုင်းခရိုင် ရက်ကန်းလုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက သုံးသပ် ထားပါ တယ်။ ဦးအောင်သန်းဦးဟာ သီရိသစ္စာ ပိုးထည်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါကြောင့် ကိုဗစ်ကာလ ဖြတ်သန်းခဲ့ရတဲ့ ရက်ကန်းလုပ်ငန်းတွေ အကြောင်းနဲ့ အခုလက်ရှိ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ အခက်အခဲတွေ အကြောင်းကို သိရဖို့အတွက် CNI သတင်းဌာနက ဦးအောင်သန်းဦးကို ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး ။ ။ လက်ရှိမှာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ အခြေအနေလေးကို အရင်ဆုံးပြောပြပေးပါရှင့်။
ဖြေ ။ ။ ရက်ကန်းလုပ်ငန်းတွေကတော့ ကိုဗစ် တတိယလှိုင်း မလာခင်ပေါ့၊ ဒုတိယလှိုင်းလောက်မှာ ကတည်းကိုက ရပ်ထားရတာ။ အခုဆိုရင်တော့ ထွေထွေထူးထူး ပြော စရာ မလိုတော့ဘူးပေါ့။ ရက်ကန်းရုံတွေက တော်တော်များများ ပိတ်နေကြပြီဆိုတော့။ ရင်နှီးမြှပ်နှံမှုတွေက လုံးဝရပ်သွားတာပေါ့။
လုပ်ငန်းတွေ လုံးဝရပ်သွားတော့ အလုပ်ရုံကြီးတွေဆိုရင်လည်း ပထမလှိုင်းမှာတုန်းက တတ်နိုင်သလောက် အလုပ်သမားတွေကို ထောက်ပံ့ ပေးနိုင်တာမျိုးတွေ လုပ်ခဲ့ကြတယ်။ အခုကျတော့ အင်အားကုန်သွားပြီဆိုတော့ အလုပ်သမားတွေလည်း တခြားကြုံရာကျပန်းတွေ လုပ်နေကြရတယ်။
မေး ။ ။ ကိုဗစ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားထားကြရတယ်။ စီးပွားရေးလုပ်ငန်းတွေ တချို့ ပြိုလဲကုန် တယ်ပေါ့။ အဲ့ဒီထဲမှာ ရက်ကန်းလုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ ရက်ကန်းလုပ်ငန်းက များသောအားဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့်မို့ ဖူလုံရေး အာမခံထားတာတွေ ဘာတွေလည်း ဘာမှမရှိ။ ဖူလုံကြေး ရတာတွေလည်း ဘာမှမရှိပါဘူး။ နောက် တခါ ချေးငွေတွေရရှိဖို့ လုပ်ခဲ့စဉ်တုန်းကလည်း ရက်ကန်းလုပ်ငန်းတွေမှာ ဘာမှ ထောက်ပံမှုမရရှိခဲ့ပါဘူး။
ဝန်းထမ်းတွေ စားဝတ်နေရေးအတွက် တော်တော်ခက်ခဲပြီးတော့ တခြားအလုပ်တွေ ပြောင်းပြီး လုပ်ကိုင်နေ ကြ ရတယ်။ ရက်ကန်းလုပ်ငန်းနဲ့ ဆက်စပ် လုပ်ငန်းတွေဖြစ်တဲ့ ချည်ဆိုးတာ၊ ပိုးဆိုးတာ အဲ့လိုလုပ်ငန်းတွေလည်း အကုန်ရပ်ကုန်ပါပြီ။ ရက်ကန်းလုပ်ငန်းနဲ့ နှီးနွယ်တဲ့ အမရပူရ၊ စစ်ကိုင်းက လုပ်ငန်းတွေ အကုန် ရပ်သွားပါတယ်။
၂၀၂၀ ခုနစ်တုန်းကတော့ ကိုဗစ်နဲ့ ဆိုပေမယ့်လည်း လုပ်ငန်းလေးတွေက အထိုက်အလျောက်လေး အေးပြီးတော့ လုပ်ငန်းလုပ်ကိုင်လို့ ရကြသေးတယ်။ အခုနိုင်ငံရေး မတည်ငြိမ်မှု နဲ့ ကိုဗစ်တတိယလှိုင်းမှာကျတော့ ကျနော်တို့ ရက်ကန်း လုပ်ငန်းတွေ ဆိုတာကလည်း ပွဲလမ်းသဘင်တွေ ရှိမှသာလျှင် ဝတ်ဆင်တာတွေရှိတော့ ဈေးကွက် ရှိ တာ။ အခုဟာက ပွဲလမ်းသဘင်တွေ လုံးဝမရှိတဲ့အတွက်ကြောင့် ပိုပြီးတော့ ဆိုးသွားတယ်ပေါ့။ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြသူတွေဆိုရင်လည်း ရက်ကန်းစင်တွေ ရပ်ထားကြရပြီ။ အလုပ်ရုံတွေ လည်း ရပ်ထားကြရပြီ။
ပုံ-ရက်ကန်းယက်နေစဉ်
မေး ။ ။ မြန်မာနိုင်ငံမှာ ကိုဗစ် စဖြစ်ကာစ ၂၀၂၀ ခုနစ်ကာလမှာတုန်းက ရက်ကန်းလုပ်ငန်းတွေရဲ့ အခြေ အနေနဲ့ အခု လက်ရှိ အခြေအနေလေးရယ် နှိုင်းယှဉ်ပြောပြပေးပါဉီး၊ နောက်တစ်ခုက ရက်ကန်းလုပ်ငန်းတွေရဲ့ ရှေ့အလားအလာကိုလည်း သုံးသပ်ပေးပါဦးရှင့်။
ဖြေ ။ ။ ကိုဗစ်မတိုင်ခင်မှာ တုန်းကတော့ ပုံမှန်အတိုင်း ရောင်းဝယ်ပြီး ဈေးကွက်ပွင့်လင်းခဲ့တယ်။ ၂၀၂၀ ကိုဗစ်ဖြစ်တဲ့ အချိန်မှာကျတော့ ပြည်ပတင်သွင်းတာတွေထက်ကို ချည်ထည်လေးတွေပေါ့။ လက်ရက်ထည်တို့ လက်ငင်ချည် သဘာဝဆိုးဆေးထည်တို့ ဒါလေးတွေက နည်းနည်းလေးပြန်ပြီးတော့ ဦးမော့လာပြီး ဈေးကွက်လေး နည်းနည်း လှုပ် သယောင်ယောင်လေးရှိခဲ့တယ်။
ကြိုးကြီးချိတ်တို့ တခြားချည်ထည်လေးတွေက ကိုဗစ်မဖြစ်ခင်မှာတော့ မဆိုးဘူးပေါ့နော်။ ပုံမှန် အရောင်း အဝယ် ရှိခဲ့တယ်။ ပြည်ပတင်ပို့မှုလေးတွေလည်း အထိုက်အလျှောက် ရှိခဲ့ တယ်။ ကိုဗစ်ကာလမှာကျတော့လည်း ပွဲလမ်းသဘင်တွေ မရှိပေမယ့် အွန်လိုင်းပုံစံနဲ့ လုပ်တာကိုင်တာလေးတွေရှိတော့ ချည်ထည်လုပ်ငန်းလေးတွေ ပြန်ပြီးတော့ အလုပ်ဖြစ်တယ်။ အခု နိုင်ငံရေး မငြိမ်မသက်မှုတွေဖြစ်သွားတဲ့အခါမှာတော့ ချည်ထည်ရော၊ ပိုးထည်ရော၊ စက်ရက်ကန်းရော၊ လက်ရက်ကန်းရော ကျနော်သိသလောက် အားလုံးရပ်သွားပြီလို့ ပြော လို့ ရပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိနိုင်သလဲဆိုတော့ ဒီအရင်မတိုင်ခင် ကိုဗစ်တို့ နိုင်ငံရေး အခက် အခဲတို့ မတိုင်ခင် အရင်တုန်းက ရွှေဝါရောင်အရေးခင်းတို့၊ နိုင်ငံ ရေး အပြောင်းအလဲလေးတွေ ဖြစ်ခဲ့တိုင်း ဖြစ်ခဲ့တိုင်းမှာ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းလေးတွေ ပျက်စီးတာမျိုး ရှိပါတယ်။
မိရိုးဖလာ ရက်ကန်းလုပ်ငန်းလေးတွေလည်း တော်တော်များများ ပျောက်ကွယ်သွားခဲ့ရတယ်။ မိရိုးဖလာ ရက်ကန်းလုပ်ငန်းတွေဆိုတာက ဟိုးအရင်ကဆိုရင် လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကထိတော့ ရှိခဲ့ဦးမယ်ထင်တယ်။ အညာဒေသက ရွာတွေထဲကို ဝင်သွားလိုက်ရင် အိမ်တိုင်းအိမ်တိုင်းမှာ ကိုယ်ပိုင်ရက်ကန်းစင်လေးတွေ တော် တော် များများ ရှိကြတယ်။ ကိုယ်ဒေသကထွက်တဲ့ ဝါလေးတွေနဲ့ ယက်ခတ်ပြီးတော့ ဝတ်ကြရတယ်။ အဲဒီကနေ ဈေးကွက်လေးတွေ ရှိခဲ့တယ်။ အခုလို နိုင်ငံရေး အပြောင်းအလဲလေးတွေ ဖြစ်လာတိုင်း ဖြစ်လာတိုင်း အဲ့လို လုပ်ငန်းလေးတွေက တိမ်ကောသွားတယ်။
ပုံ-အမျိုးသမီးတချို့ ရက်ကန်းယက်နေကြစဉ်
အခုလို အခြေအနေမှာဆိုရင် စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ တော်တော်များများက ရက်ကန်းစင်ကြီးတွေသာ ဖြုတ်မရောင်းတာ အတိုအဆလေးတွေ အကုန်ထုတ်ရောင်းကြရတယ်။ စားဝတ်နေ ရေး အတွက်ပေါ့။ ဝယ်တယ်ဆိုတဲ့သူကလည်း ပိုလို့ လျှံလို့ ဝယ်တာမဟုတ်ပဲ တယောက်နဲ့ တယောက် ကူညီ ပေးတဲ့သဘောနဲ့ ဝေမျှပေးတဲ့သဘောနဲ့ ဝယ်ကြရတယ်။
ရက်ကန်းနဲ့ပတ်သတ်တဲ့ ပစ္စည်းလေးတွေ ထုတ်ရောင်းလိုက်တဲ့အခါကျတော့ တချိန်ချိန်မှာ လုပ်ငန်းပြန်စဖို့ဆိုရင် ဒီပစ္စည်းတွေဟာ အချိန်အကြာကြီးယူပြီး စုဆောင်းရတာဖြစ်တဲ့ အတွက်ကြောင့် ငွေကြေးရင်းနှီးနိုင်မှ ပြန်စရတဲ့ အတွက်ကြောင့် အများကြီး အခက်အခဲ ဖြစ်သွားနိုင်တယ်။ သေချာပေါက် အိမ်တွင်း တစ်ပိုင်တစ်နိုင် လုပ်ငန်း လေးတွေကတော့ တိမ်ကောပပျောက်သွားဖို့ အနေအထားမှာ ရှိနေပါတယ်။
မေး ။ ။ မိရိုးဖလာ လက်မှု ရက်ကန်းလုပ်ငန်းနဲ့ ပတ်သတ်ပြီး မပပျောက်သွားအောင် ဘယ်လို ပံ့ပိုးပေးမှုတွေ လိုအပ်နေတာပါလဲ။
ဖြေ ။ ။ အခုချိန်မှာ နိုင်ငံရေး အနေအထား မကောင်းတော့ ပြောရတာတော့ တော်တော်ခက်ပါတယ်။ ရက်ကန်းလုပ်ငန်းကို ပြန်ပြီး အသက်ဆက်ပြီးတော့ လည်ပတ်နိုင်ဖို့ ဆို ရင် ရက်ကန်းခတ်ပြီး ကုန်ချောကို ပြန် ရောင်းဖို့ ဈေးကွက်မရှိရင်လည်း တော်တော်ခက်ခဲမှာပါ။ အခုတဖန် အရင်းအနှီး ထုတ်ပေးပြီးတော့ မင်းတို့ ရက်ကန်းခတ်ကြတော့ ဆိုရင် တောင် ထွက်လာတဲ့ကုန်ချောက ဘယ်မှာမှ ရောင်းစရာမရှိခဲ့ရင် ရပ်သွားမှာက ရပ်သွားမှာပဲ။ အခြေအနေ တခုခု ငြိမ်သက်သွားပြီဆိုရင်တော့ စီးပွားရေးလုပ်ငန်းလေးတွေလည်း ပြန်ပြီး လုပ်ကြစို့ဆိုရင်တော့ အသေးစား အလတ်စား အငယ်စား SME လိုဟာမျိုးကို ဟိုးအရင်ခေတ်ကလို အီယောင်ဝါး မဟုတ်ပဲနဲ့ စနစ်တကျပေါ့နော် နိုင်ငံတကာမှာ SME တွေ ကို ဂရုစိုက်သလို ပုံစံမျိုးနဲ့ စနစ်တကျ ဖွဲ့စည်းပြီး သေသေချာချာလေး အကူအညီပေးမယ်ဆိုရင် အထိုက်အလျောက်ပြန်ပြီး အဖတ်ဆယ်လို့ ရကောင်းရနိုင် ပါလိမ့်မယ်။
#ဦးအောင်သန်းဦး #ရက်ကန်းလုပ်ငန်းများအသင်း #စစ်ကိုင်းခရိုင် #တိမ်ကောပပျောက် #နိုင်ငံရေးအပြောင်းအလဲ #ကိုဗစ်၁၉ #ကျန်းမာရေး #စီးပွားရေး #SMEလုပ်ငန်း #မိရိုးဖလာ #အလုပ်အကိုင်ဆုံးရှုံး #CNImyanmar #cninews