CNI News
၂၀၂၁ခုနှစ်၊ ဇူလိုင် ၂၁
ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ အရပ်ဘက်အဖွဲ့အစည်း၊ ပရဟိတအဖွဲ့တွေနဲ့ We Love Rakhine တို့ ပူးပေါင်းပြီးတော့ အောက်ဆီဂျင် စက်ရုံတည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။
ဒါကြောင့် အောက်ဆီဂျင် စက်ရုံ တည်ဆောက်မှု အခြေအနေ၊ ကုန်ကျနိုင်မည့်ခန့်မှန်းကုန်ကျစာရိတ်၊ ဆောက်လုပ်ချိန်မည်မျှကြာနိုင်မည်၊ ပြီးစီးပါက ဘယ်သူတွေကို လှူဒါန်းသွား မှာလဲ စတဲ့ အကြောင်းအရာတွေကို သိရှိနိုင်ဖို့ ဦးစီးလုပ်ဆောင်နေတဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဝေဟင်အောင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး ။ ။ စစ်တွေမြို့မှာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရတယ်။ အခု အဲဒီ အခြေအနေ က ဘယ်လိုရှိနေပါသလဲ။
ဖြေ ။ ။ အခု တတိယကိုဗစ်လှိုင်းမှာ အစ်ကိုတို့ မြန်မာတစ်နိုင်ငံလုံးပေါ့။ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ဒီအောက်ဆီဂျင် ပြဿနာနဲ့ ထိပ်တိုက်တွေ့နေတယ်ပေါ့ နော်။ အောက်ဆီဂျင်ရဲ့လိုအပ်ချက်က အရမ်းကြီးမားလာတဲ့အတွက် ဒီပြဿနာကို တစ်ခုခုဖြေရှင်းဖို့ လိုတယ်ဆိုပြီးတော့ အစ်ကိုတို့က သုံးသပ်တယ်။ ဒါကြောင့် အောက်ဆီဂျင် စက်ရုံက အရေး ပေါ် တည်ဖို့လိုလာတယ်လို့ အစ်ကိုတို့က ဆုံးဖြတ်တဲ့အတွက် အောက်ဆီဂျင်စက်ရုံတည်ရတာဖြစ်တယ်။
မေး ။ ။ အခုအစ်ကိုတို့တည်ဆောက်မယ့် အောက်ဆီဂျင်စက်ရုံက အောက်ဆီဂျင်ပမာဏ ဘယ်လောက် လောက် ထုတ်လုပ်နိုင်တဲ့ စက်ရုံမျိုး တည်ဆောက်မှာလဲရှင့်။
ဖြေ ။ ။ 40 Liter အိုး တနေ့ကို အလုံး၂၀၀ လောက်ထွက်နိုင်တဲ့ စက်ကြီးတည်ဆောက်ဖို့အတွက် ပြင်ဆင်နေ တာဖြစ် ပါတယ်။
မေး ။ ။ စစ်တွေမြို့ဘယ်နေရာမှာ တည်ဆောက်ဖို့အတွက် လျာထားလဲ။ စက်ရုံတည်ဆောက်တဲ့အခါမှာ ကုန်ကျ စရိတ်ကရော ဘယ်လောက်လောက်ရှိလဲရှင့်။
ဖြေ ။ ။ စစ်တွေမြို့ အနောက်စံပြရပ်ကွက် စက်မှုလက်မှု ကုန်သည်ကြီးများအသင်း မြေနေရာမှာ တည် ဆောက်ဖို့ အတွက် အစ်ကိုတို့ နေရာအကုန်သတ်မှတ်ထားပြီးပြီ။ အစ်ကိုတို့ လျာထားတာက သိန်း၂၀၀၀ လောက်အထိ လျာထားတယ်။
မေး ။ ။ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ဖို့အတွက် ဘယ်လောက်ကြောင့် စိတ်ကူးအကောင်အထည်ဖော် ဖြစ်သွား တာလဲ။
ဖြေ ။ ။ စစ်တွေဆေးရုံထဲမှာကိုက အောက်ဆီဂျင်စက်ရုံရှိတယ်။ တနေ့ကို အလုံး ၆၀ လောက် သူက ထုတ်နိုင်တယ်။ ကိုဗစ်မဖြစ်ခင်တုန်းက ဆိုရင်တော့ သူ့စက်ရုံနဲ့ သူ့ ဆေးရုံနဲ့က သူ့ဟာနဲ့သူ လည်ပတ်လို့ရတဲ့ အခြေအနေမျိုးရှိတယ်။ ကိုဗစ် ဖြစ်လာတဲ့အခါ အောက်ဆီဂျင်က ဘယ်လိုဖြစ်သွားလဲဆိုရင် အကျပ်အတည်း တစ်ခုဖြစ်သွားတာပေါ့။ အဲဒါကြောင့် အောက်ဆီဂျင်ပြဿနာက ကြီးကြီးမားမားဖြစ်လာတဲ့အချိန်မှာ လိုအပ်တာများလာတယ်။ များလာတဲ့အတွက်နဲ့ အစ်ကိုတို့က ဒါမလုပ်လို့ မရတော့ဘူး။
နောက်မှာလည်း ဘယ်လိုဖြစ်လာမယ် မသိတဲ့အတွက် အောက်ဆီဂျင်စက်ရုံက တကယ်လိုအပ်လာတယ်ဆိုပြီးတော့ ဒါကြောင့် ဒီစက်ရုံတည်ဆောက်ဖို့အတွက် စစ်တွေမြို့ အခြေစိုက် လူမှုအဖွဲ့အစည်းတွေက တိုင်ပင်ဖြစ်ပြီးတော့ လုပ်ဖြစ်သွားတဲ့သဘောပါ။
မေး ။ ။ စက်ရုံတည်ဆောက်ပြီးတဲ့ အခါမှာရော ပြည်သူလူထုကို ဘယ်လိုပေးဝေသွားမှာလဲရှင့်။
ဖြေ ။ ။ ဒီစက်ရုံက ရေရှည်လည်ပတ်ဖို့လည်း လိုသေးတယ်။ ပြီးတော့ ဒီမှာတခြား စရိတ်တွေလည်းရှိသေး တယ်ပေါ့ နော်။ စရိတ်မျှပေးတဲ့ ပုံစံမျိုးနဲ့ သွားဖို့ဆိုပြီးတော့ အစ်ကိုတို့က ဆုံးဖြတ်ချက်ချကြတယ်။ ဥပမာဆိုရင် ဒီအောက်ဆီဂျင် တစ်လုံးကို အစ်ကိုတို့က နည်းနည်း မပြောပေလောက်တဲ့ တန်ဖိုးပေါ့။ ပိုက်ဆံပေးနိုင်တဲ့ သူတွေကျရင် မပြောပလောက်တဲ့ ပိုက်ဆံကို အစ်ကိုတို့ယူမယ်။ လုံးဝမပေးနိုင်တဲ့ လူတွေကိုကျရင် လုံးဝအလှူလုပ်သွားဖို့ အစီစဉ်ရှိတယ်။
မေး ။ ။ အဲ့ဒီအောက်ဆီဂျင်စက်ရုံကို ဘယ်တော့လောက် စပြီး တည်ဆောက်မှာလဲရှင့်။
ဖြေ ။ ။ ပစ္စည်းတွေကတော့ အကုန်လုံးမှာထားပြီးပြီ။ ပစ္စည်းကတော့ မှာဖို့အတွက် အကုန် Order တင်ထားပြီးပြီ။ စက်ရုံကတော့ အစ်ကိုတို့ ခန့်မှန်းတာကတော့ (၂)လ အတောအတွင်းမှာ အပြီးအစီးဆောက်ဖို့ဆိုပြီး အစ်ကိုတို့ ဆုံးဖြတ် ထားတယ်။
မေး ။ ။ ဒီလကနေစပြီးတော့လားရှင့်။
ဖြေ ။ ။ ဟုတ်တယ်။ ဒီလကနေစပြီးတော့ (၂)လ အတောအတွင်းမှာ စက်ရုံက အပြီးအစီးပေါ့။
မေး ။ ။ တကယ်လို့ပေါ့ ဒီစစ်တွေမြို့က မဟုတ်ဘဲနဲ့ တခြားမြို့နယ်တွေ ကျေးရွာတွေက လူတွေက အောက်ဆီဂျင်လာယူရင်ရော ထုတ်ပေးမှာလား။ ဘယ်လိုသတ်မှတ်ထား လဲရှင့်။
ဖြေ ။ ။ စစ်တွေဆေးရုံကို ရောက်လာတဲ့သူပေါ့နော်။ လူမျိုးမရွေးဘူး။ ဘာသာမရွေးဘူး။ ရခိုင်ပြည်နယ် အတွင်းက ဘယ်မြို့ပဲဖြစ်ဖြစ် ပြီးတော့ မြန်မာနိုင်ငံသား အပါအဝင် ဘာသာမရွေး၊ လူမျိုးမရွေး အကယ်၍ ဒီစစ်တွေဆေးရုံကို ရောက်လာလို့ အောက်ဆီဂျင် လိုအပ်တယ်ဆိုရင် အကုန်ထောက်ပံ့သွားဖို့ အစီအစဉ်ရှိတယ်။
မေး ။ ။ လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ကိုဗစ်-၁၉ ရောဂါက အရမ်းဆိုးရွားနေတယ်။ ပြီးတော့ အောက်ဆီဂျင် ပြဿနာကလည်းဖြစ်နေတော့ ပြည်သူတွေ အနေနဲ့ ရော ဘယ်လိုလိုက်နာသင့်တယ်။ ဘယ်လို ပူးပေါင်းသင့်တယ်လို့ ထင်လဲ ရှင့်။
ဖြေ ။ ။ မြန်မာနိုင်ငံ အတိုင်းအတာ အနေနဲ့က ဒီပြဿနာကတော့ ဒီတစ်ဦးချင်း၊ တစ်ယောက်ချင်း တစ်မိသားစုချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်တော့ဘူး။ ဒီဖြစ်တဲ့ ဟာမှာကျရင် ဘက်ပေါင်းစုံက အကုန်ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ရ မယ့် ကိစ္စကြီးဖြစ်လာပြီ။ လက်ရှိအုပ်ချုပ်တဲ့ အာဏာရှင် အစိုးရကို ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ ဒီကိစ္စကတော့ သူတို့အကူအညီကို မယူလို့မရတဲ့ အခြေအနေကို ရောက်သွားပြီ။ ခုနက ပြောသလိုပေါ့ ဖြစ်တာလည်း ဖြစ် ကြပေါ့။ ဒါပေမယ့် ဒီပြဿနာက လူသား မျိုးနွယ်စုတစ်ခုလုံးနဲ့ ကိုဗစ်ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ပြဿနာမို့လို့ ဒီပြဿနာကို ဝိုင်းဝန်းဖြေရှင်းဖို့ လိုတယ်လို့တော့ အစ်ကိုကတော့ မြင်တယ်။
မေး ။ ။ တကယ်လို့ အောက်ဆီဂျင် လာယူတဲ့အခါကျရင်ရော အိုးကြီး/အိုးသေး ခွဲထားသေးလားရှင့်။
ဖြေ ။ ။ ဆေးရုံက ဆရာဝန်ရဲ့ ထောက်ခံချက် တစ်ခုခုတော့ အစ်ကိုတို့ လိုလိမ့်မယ်ထင်တယ်။ ဥပမာ ဆေးရုံမှာ တက်နေတဲ့ လူနာကနေ အဲ့ဆရာဝန်ကနေ အောက်ဆီဂျင် ဘယ်လိုအိုးမျိုးလိုတဲ့ဟာကို လက်မှတ်လေး တစ်စောင်တော့ ပါရလိမ့်မယ်။ ဆရာဝန်ကနေပြီးတော့ 40 Liter အိုးပေးပါဆိုရင် အစ်ကိုတို့က 40 Liter အိုး ထုတ်ပေးမယ်။ 40 Liter မဟုတ်ဘဲနဲ့ 10 Liter အိုးဆိုရင် 10 Liter အိုး ထုတ်ပေးမယ်။ စစ်တွေမြို့မှာရှိတဲ့ ဘယ်ဆေးရုံ ဘယ်ဆေးခန်းကပဲဖြစ်ဖြစ်ပေါ့ ဆရာဝန်ရဲ့လက်မှတ်တော့ လိုလိမ့်မယ်။ မိမိဟာနဲ့မိမိ လာတောင်းရင်တော့ အစ်ကိုတို့က ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် ဆရာဝန်ရဲ့ ထောက်ခံချက်ပါရင်တော့ အစ်ကိုတို့က သူတို့တောင်းတဲ့အိုးကို ပေးသွားမှာဖြစ်ပါတယ်။
#ကိုဝေဟင်အောင် #ရခိုင်ပြည်နယ် #အောက်ဆီဂျင်စက်ရုံ #လှူမယ် #ဆေးရုံ #ပြည်သူလူထု #ကိုဗစ်၁၉ #ကျန်းမာရေး #မြန်မာနိုင်ငံ #CNImyanmar #cninews