CNI News

၂၀၂၁ခုနှစ်၊ ဇူလိုင် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်တဲ့ ကြားနာစစ်ဆေးဆဲ ပြစ်မှု ဆိုင်ရာအမှုတွေကို ပိတ်သိမ်းလိုက်တဲ့အပေါ် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော် (LL.B., B.A.(Business Law)., C.B.L., DL-101 WIPO (Switzerland) ကို CNI သတင်းဌာနကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။          ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က ထုတ်ပြန်တဲ့ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေ ပိတ်သိမ်း ခြင်းအပေါ်  ပထမဆုံးအနေနဲ့ သုံးသပ်ချက်လေး ပြောပေးပါဦး။

ဖြေ ။          ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေ ပိတ် သိမ်းခြင်းအပေါ်မှာ ပထမသုံးသပ်ချက်ကတော့ ကမ္ဘာကပ်ရောဂါ ဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ လူသားချင်း စာနာထောက်ထားတဲ့ သဘောလို့မြင်ပါတယ်။ အမှုတွေစစ်ဆေးဖို့ ကြန့်ကြာနေချိန်မှာ ထောင်ထဲမှာနေရတာက အတော်ခက်ခဲ ပါ တယ်။ ပြည်သူလူထုကတော့ စိုးရိမ်နေကြတာပေါ့။ အခုအချိန်က ကပ်ရောဂါရော၊ စားဝတ်နေရေးရော အဆင်မပြေချိန်ဆိုတော့ ပိုထိတ်လန့်နေကြပါတယ်။ ဒီလိုအမိန့်မျိုးကို ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က အမိန့်အမှတ် ၄/၉၈ အရ ထုတ်ပြန်ခဲ့ဖူးပါတယ်။

မေး ။            ။ ရာဇသတ်ကြီး ပုဒ်မ ၃၇၉၊ ၃၉၀ နဲ့ ၃၇၉/ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၊ ၃၈၀/ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄ ဆိုတာ ဘာပြစ်မှုလဲဆိုတာ၊ အများပြည်သူ သိရှိနားလည်အောင် ရှင်းပြပေးပါဦး။

ဖြေ ။            ။ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဆိုတာ ခိုးမှုပါ။ ရာဇသတ်ကြီး ပုဒ်မ ၃၉၀ ဆိုတာက လုယက်မှုတွေပါ။ ရာဇဝတ်ကျင့်ထုံး ၅၄ က ပြည်သူ့ရဲတပ်ဖွဲ့ဝင်က ဝရမ်းမပါဘဲ မည်သည့်အခါ ဖမ်းဆီးနိုင်ခြင်းလို့ ခေါင်းစဥ်နဲ့ အချက် ၉ ချက်ပါရှိပါတယ်။ အလွယ်ကတော့ မသင်္ကာလို့ ဖမ်းဆီးခြင်းလို့ အများက သတ်မှတ်ကျပါတယ်။ မှောင်ရိပ်ခိုတို့၊ ဘာတို့ ပေါ့ဗျာ။

မေး ။             ။ ခိုးမှုကျူးလွန်တယ်ဆိုတာ ကိုယ့်ကျင့်တရားနဲ့ဆိုင်တယ်ဆိုပြီး ဝေဖန်မှုတွေရှိတယ်၊ သူတို့ကို လွှတ်လိုက်တော့ ဒုစရိုက်မှုတွေ များလာနိုင်တယ်ဆိုပြီး ဝေဖန်နေ ကြတယ်၊ ဒီအပေါ်  ဘယ်လိုမြင်ပါသလဲ။

ဖြေ ။             ။ ခိုးမှု ကျူးလွန်တယ်ဆိုတာကတော့ အမျိုးမျိုးပြောလို့ရတယ်။ တကယ်မရှိလို့ ခိုးတာလား။ နက္ခအရ ခိုးတာလား။ လွယ်လို့ခိုးတာလား ဆိုတာတွေလည်း ထည့် ပြောရမယ်။ တကယ်တော့ အခုအချိန်မှာ ကပ်ရောဂါရော၊ စားဝတ်နေရေးရော အဆင်မပြေချိန်ဆိုတော့ ပြည်သူတွေထင်မြင်သလို ဒုစရိုက်မှုတွေပေါများ လာနိုင်ပါတယ်။ အခု လက်ရှိ အာဏာရှိသူတွေက ထိန်းကြောင်းပေးနိုင်ရင်တော့ ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ လျော့ကြလာနိုင်တယ်လို့တော့ မြင်ပါတယ်။

မေး ။              ။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (က)နဲ့ ၁၉ (က)ရဲ့ ကွာခြားချက် ရှင်းပြပေးပါ။

ဖြေ ။              ။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)က ဘိန်း ပင်တို့ ဆေးခြောက်ပင်နဲ့ ကန့်သတ်ထားတဲ့ မူးယစ်ပင်တွေကို စိုက်ပျိုးတဲ့ သူတွေကိုပြောတာ ပြစ်ဒဏ်တွေကတော့ ထောင်ဒဏ်အနည်းဆုံး (၅)နှစ်ကနေ အများဆုံး (၁၀)နှစ်အထိ ချလို့ရသလို ငွေဒဏ်လည်း ချလို့ရတယ်။ ပုဒ်မ ၁၉(က) ကတော့ လက်ဝယ်ထား၊ သယ်ယူ၊ တဆင့်ပေးပို့၊ လွှဲပြောင်းတဲ့ ကိစ္စတွေရဲ့ ပုဒ်မပါ။ ပြစ်ဒဏ်က တော့ အနည်းဆုံး (၁၀)နှစ်ကနေ အကန့်အသတ်မရှိ ပြစ်ဒဏ်ပေးလို့ရပါတယ်။

မေး ။             ။ လက်နက်ဥပဒေပုဒ်မ ၁၉(င)ကို ရှင်းပြပေးပါဦး၊ ဘယ်လို လက်နက် အမျိုးအစားတွေ ပါဝင်လဲ ဆိုတာ။

ဖြေ ။              ။ လက်နက်ဥပဒေပုဒ်မ ၁၉ (င) အဓိပ္ပါယ်ကတော့ ပုဒ်မ ၁၃ မှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေကို ဆန့်ကျင်ပြီး လက်နက်ဆွဲကိုင်သွားလာလျှင်လို့ ပါရှိတယ်။ ပုဒ်မ ၁၃ ပါ အချက်ထဲက (က) ကတော့ လိုင်စင် မရှိတဲ့ လက်နက်တွေပေါ့။ လက်နက်နဲ့စပ်ဆက်တဲ့ ပစ္စည်းတွေကို ဆိုလိုထားပြီး (ခ) ကတော့ ဓါး၊ အသွား ငါးလက်မ ထက်ကျော်တဲ့ ဓါးမျိုး တွေ အိမ်သုံး၊ လယ်ယာသုံး ချွန်ထက်တဲ့ အရာတွေကို ဆွဲကိုင်သွားလာလျှင် အရေးယူလို့ရ တယ်လို့ပါရှိပါတယ်။ ပြစ်ဒဏ်ကတော့ သုံးနှစ်ထိရှိပြီး ငွေဒဏ်လည်းရှိသလို ဒဏ်နှစ်ရပ် လုံးကိုလည်း ပေါင်းပြီး ပြစ်ဒဏ်ချလို့ရပါတယ်။

မေး ။            ။ ရုပ်မြင်သံကြားနဲ့ ဗီဒီယို ဥပဒေပါ ပြစ်မှုတစ်ခုခုဆိုတာရော ဘယ်လိုမျိုးလဲ။

ဖြေ ။             ။ ရုပ်မြင်သံကြားနဲ့ ဗီဒီယို ဥပဒေပါ ပြစ်မှုတခုဆိုတာကတော့ အများဆုံးဖြစ်လေ့ရှိတာ ခိုးကူးခွေ ကိစ္စများပါတယ်။ ခွင့်ပြုချက်မရှိဘဲ ကူးယူဖြန့်ဖြူးရောင်းချတဲ့ အမှုတွေပေါ့။

မေး ။            ။ ဒီကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါဦး။

ဖြေ ။             ။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ကမ္ဘာ့ကပ်ရောကြီး ဖြစ်နေတော့ စီးပွားရေးတွေ အဆင်မပြေကျဘူး။ လူသားချင်းစာနာထောက် ထားတာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်သူ လူထုရဲ့   စိုးရိမ်ပူပန်မူတွေကိုလည်း တဖက်က လျော့ချပေးနိုင်ရင် ကောင်းမယ်ဗျ။ ပြီးတော့ ပြည်သူ့ဘဝ လုံခြုံရေးကို အရှိန်ဟုန်မြင့် ဆောင်ပေးနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ မြန်မာပြည်ကြီး အမြန်ကျန်းမာရွှင်လန်းပါစေဗျာ။

#ဦးအောင်ကျော် #တရားလွှတ်တော်ရှေ့နေ #နစက #ပြစ်မှုတွေရုပ်သိမ်း #ကိုဗစ်၁၉ #ကျန်းမာရေး #ပြည်သူလူထု #စိုးရိမ် #ခိုးမှု #CNImyanmar #cninews