CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဉာဏ်ဝင်း ဒီနေ့(ဇူလိုင် ၂၀ ရက်) နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားပါတယ်။

 ဦးဉာဏ်ဝင်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးထိန်း သိမ်းခံထားရစဉ် ထောင်ထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရလို့ ဇူလိုင် ၁၁ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။

အခုအခါမှာတော့ ဦးဉာဏ်ဝင်း ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီ အသီးသီးကလည်း ဝမ်းနည်း ကြောင်းထုတ်ပြန်ခဲ့ကြပါတယ်။ ဒါကြောင့် CNI သတင်းဌာနက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမား တချို့ကို ဆက်သွယ် မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

 

 ပုံ-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွန့်လွင် (စိုင်းညွန့်လွင်-fb)

 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွန့်လွင်

မေး ။        ။ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အန်ကယ်စိုင်း ဘာများပြောလိုပါသလဲဗျ။

ဖြေ ။         ။  ကွယ်လွန်သွားတာ စိတ်မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ ကျနော်နှစ်ပေါင်း တော်တော်လေး ကြာတယ် အတူတူ အလုပ်လုပ်ခဲ့ကြတာ။ အခု မထင်မှတ်ဘဲ အဲလိုဖြစ်သွားတာ။ အမှန်တော့ အကျဉ်းထောင်မှာ အဲလို ဖြစ်တယ်ဆိုတာ သူတို့ဘက်က တာဝန်ရှိတာပေါ့နော်။ အဲလိုမဖြစ်အောင် သူတို့ တာဝန်ယူပေးဖို့ လိုတာပေါ့။ ဒါပေမယ့် ဖြစ်ခဲ့ပြီး။ ဒါမျိုးတခြားလူတွေရော လာဦးမလား မသိတော့ဘူး။ တခြား အလုပ်အမှုဆောင်ထဲမှာ ကူးစက်ခံရတဲ့လူတွေ ရှိနေတယ်လို့ ကြားရတယ်။ သတင်းတွေလည်း မလိုက်နာရင် ကူးစက်ခံရနိုင်တယ်။ ဆေးရုံတွေလည်း လက်မခံဘူး။ အောက်ဆီဂျင်လည်း မရှိဘူး။ အမှန်တော့ သူတို့ဘက်က ဖိဖိစီးစီးလုပ်ကို လုပ်သင့်တယ်လို့ ထင်တယ်။

မေး ။        ။ အန်ကယ်စိုင်းတို့နဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာရော အတူလုပ်ဆောင်လာတာရှိလားဗျ။

ဖြေ ။        ။ ရှိပါတယ်။ ဟိုးအရင်ကတည်းက ကျနော်တို့ တရားစွဲခံရတဲ့အချိန်မှာ ကျနော်တို့ အမှု လိုက်ပေးတာပါ။ အယူခံ တက်တာပေါ့နော်၊ အယူခံတက်တဲ့ အမှုအားလုံး၊ သူနဲ့ ကျနော်နဲ့ အခုနောက်ပိုင်းမှာလည်း တော်တော်လေး အဝင်/အထွက် ရှိ တယ်။ ပြောမယ်ဆိုရင် NLD ရဲ့ CEC ထဲမှာ ကျနော်နဲ့ ခင်မင်မှု အများဆုံးကတော့ ဦးဉာဏ်ဝင်းပဲ ဖြစ်တယ်။ ကျနော်တို့ အပြင် ပါတီထဲက တော်တော်များများနဲ့လည်း သူတော်တော်များများနဲ့ ခင်ကြပါတယ်။ အခုလိုဖြစ်သွားတော့ စိတ်မကောင်း ဘူးပေါ့ဗျာ။

မေး ။         ။ နောက်ပြီး ဦးညဏ်ဝင်းအကြောင်း အနည်းငယ် ပြောပြပေးလို့ရမလား။

ဖြေ  ။        ။ သူက သူ့တာဝန် မပြီးဆုံးခင် သူ့ရဲ့ ရည်မှန်းချက် တစ်ပိုင်းတစ်စနဲ့ ကွယ်လွန်သွားတာဆိုတော့ စိတ်တော့ မကောင်းဘူး။ ဒါပေမယ့် သူက သမိုင်းမှတ်တမ်းထဲမှာ ပါမယ့် ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။

မေး ။         ။ အခုဆို ကိုဗစ်ကူးစက်မှုကလည်း များနေတယ်၊ ဒါနဲ့ပတ်သက်ပြီး လူထုကို ဘာများပြောကြားလိုလဲဗျ။

ဖြေ ။         ။ အဲတာတော်တော်ဆိုးတယ်ဗျ။ သူတို့ဘက်က တာဝန်မယူတာတွေ၊ လုပ်ပေးရမယ့်ဟာတွေ မလုပ်ပေးနိုင်တာ တွေ၊ ဆေးရုံတွေမှာ လူနာတွေကို လက်မခံတာတွေ၊ CDM ဆရာဝန်တွေကို ၅၀၅ နဲ့ တရားစွဲထားတာတွေ၊ ဆေးဝန်ထမ်း တွေ အားလုံးကို ၅၀၅ ကနေပြီးတော့ အမှုရုပ်သိမ်းသင့်တယ်လို့ ထင်တယ်၊ အဲလိုဆိုရင် သူတို့ဟာ ဝင်လုပ်သင့်တာ ဝင်လုပ် လိမ့်မယ်။ 

ပုံ-မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦး(ဒေါက်တာအောင်နိုင်ဦး-fb) 

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦး

မေး ။           ။ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ဘာများပြောလိုပါသလဲဗျ။

ဖြေ ။            ။ တကယ်စိတ်မကောင်းပါဘူး။ ကိုယ့်နိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးအတွက်ကို NLD နဲ့အတူ သူကြိုးစားခဲ့တဲ့ သူ့မှတ်တမ်း။ သူ့ရဲ့ သမိုင်း။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်း လေးစားနေပါတယ်လို့။ ကိုယ့်နိုင်ငံရဲ့ ဒီမိုကရေစီ တော်လှန်ရေး တစ်လျှောက်မှာ မှတ်ကျောက်ကောင်း တစ်ခုအနေနဲ့ ရှိခဲ့တဲ့ ဦးဉာဏ်ဝင်း အခုလိုမျိုး ကိုဗစ်နဲ့ အသက် ဆုံးရှုံး သွားတော့ နိုင်ငံအတွက်ရော၊ ဒီမိုကရေစီအတွက် လှုပ်ရှားသူ တစ်ယောက်အတွက်ရော၊ NLD ရဲ့ တကယ် ကျောရိုးအတွက် ရော ဆုံးရုံးမှုတစ်ခုလို့ ကျနော်တို့ ခံစားရတယ်။ အဲဒီအတွက်ကိုလည်း စိတ်မကောင်းဘူး။ ကောင်းရာမွန်ရာ ကောင်းရာ သုဂတိကိုလည်း ရောက်ပါစေလို့ ကျနော်တို့ ဆုတောင်းပေးပါတယ်။

မေး ။         ။ ဆရာတို့နဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာရော အတူလုပ်ဆောင်လာတာရှိလားဗျ။

ဖြေ ။         ။ ကျနော်တို့နဲ့ ပါတီချင်းမတူပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်တွေ သူ့ရဲ့ သဘောထားတွေ၊ ကျနော်တို့ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်နေသူ အချင်းချင်းမို့ စိတ်ဝင်စားပြီးတော့ အမြဲတမ်းသူ့လို ပြုကျင့်တာပေါ့နော်။ အဲလိုအနေအထားအရ ပြောရရင်တော့ NLD ရဲ့ စည်းကမ်းထိန်းသိမ်းရေးတို့ ပါတီကျစ်လစ်ခိုင်မာရေးတို့အတွက် အများကြီး လုပ်ခဲ့တာတော့ တွေ့ရ တာပေါ့လေ။ အဲ‌တော့ ပါတီချင်း မတူသော်ငြားလည်းပဲ အဝေးကနေပဲ တွေ့နေရတယ်။ ကျနော်တို့ နယ်ဘက် ရောက်နေရင် လည်း သူပြောသွားတဲ့ဟာတွေ၊ သူအမှာစကား ပြောသွားတဲ့ဟာတွေ၊ သူ့ပါတီဝင်တွေကို ဆုံးမဩဝါဒ ပြောသွားတဲ့ဟာတွေ ကို ကျနော်တို့ကတော့ အမြဲတမ်း သတင်းတွေ ဂျာနယ်တွေကနေ ဖတ်ရပေါ့နော်။ 

 ပုံ-ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဦးလှစော(ဦးဦးလှစော-fb) 

ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဦးလှစော

မေး ။          ။ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အန်ကယ် ဉီးဉီးလှစော ဘာများပြောလိုပါသလဲဗျ။

ဖြေ ။          ။ ကိုဗစ်က တစ်ပြည်လုံးမှာ တကယ်လူသားထု တစ်ရပ်လုံး၊ တစ်ကမ္ဘာလုံး ခြိမ်းခြောက်နေတဲ့ ကာလမှာတော့ မြန်မာနိုင်ငံအတွင်းမှာ အကုန်လုံး အကုန်လုံး လောဘ၊ ဒေါသ၊ မာန်မာနတွေ မရှိပဲနဲ့ ဒီဘုံရန်သူ အန္တာရယ်ကြီးကို တိုက်ထုတ် တွန်းလှန်နိုင်ဖို့ လိုတယ်လို့ ပဲ ပြောချင်ပါတယ်။

မေး ။           ။ အခုဆို ကိုဗစ်ကူးစက်မှုကလည်း များနေတယ် ဒါပတ်သက်ပြီး လူထုကို ဘာများပြောကြားလိုလဲဗျ။

ဖြေ ။           ။ ကျန်းမာရေးဌာန၊ နိုင်ငံတကာ WHO က ထုတ်ပြန်ထားတာရှိတယ်။ ကျန်းမာရေးဌာနက ကျွမ်းကျင်လိမ္မာတဲ့ လူကြီးတွေရဲ့ ပြောစကားအတိုင်း၊ လိုက်နာဖို့ လိုပါတယ်။