CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၉
မြန်မာနိုင်ငံမှာ အခုဆိုရင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်နေပါတယ်၊ ဒီကိုဗစ်-၁၉ တတိယလှိုင်းဟာဆိုရင် ကူးစက်ပြန့်ပွားမှုနဲ့ လူသေနှုန်းက တစ်နေ့တခြား မြင့်တက် လာနေ ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေး အပူတပြင်း ကြိုးပမ်းဖို့ လိုအပ်နေပေမယ့် နိုင်ငံရေးမတည်မငြိမ် ဖြစ်နေတဲ့အတွက်ကြောင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေဟာလည်း လည်ပတ်ဖို့ အလွန်အားနည်းနေပါတယ်။
အလားတူ စီးပွားရေး ကျပ်တည်းမှုလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာကြောင့် အခြေခံလူတန်းစားနဲ့ အလယ် အလတ် တန်းစား ပြည်သူလူထုဟာ ပိုမို ဒုက္ခခံစားနေကြပါတယ်။ ဒါကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ (Failed State) ဖြစ်သွားနိုင်တယ်လို့ သုံးသပ်နေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့(ISP)ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းကို CNI သတင်းဌာနက မေးမြန်းထားပါတယ်။
မေး ။ ။ မြန်မာပြည်မှာ ကိုဗစ် တတိယလှိုင်းမှာ အောက်ဆီဂျင် ပြဿနာတက်နေကြတယ်ဗျ၊ ဈေးကြီး ပေးဝယ်ရတာ မျိုးတွေရော၊ နောက်လိုအပ်တဲ့အခါမှာ လွယ်လင့်တကူ အောက်ဆီဂျင် ဖြည့်ခွင့် မရတာတွေရော၊ ကိုဗစ်လူနာကို ထားမယ့် နေရာအခက်အခဲတွေရောဖြစ်နေတယ်လို့ အသံတွေထွက်နေတယ်၊ ဆိုတော့ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ဘယ်လို ပြင်ဆင်-ထိန်းကြောင်းဖို့လိုအပ်မယ်လို့ထင်လဲ။ ဒါတွေကရော ဘာကြောင့်အားနည်းနေရတာလို့ မြင်လဲ။
ဖြေ ။ ။ ကျနော်ကတော့ တခြားဖက်ကနေ ကြည့်ချင်တာပေါ့၊ အခုချိန်မှာ ကိုဗစ်ဖြစ်တဲ့ ကိစ္စကတော်တော် ကြီးကို များလာတယ်။ နောက်တစ်ခု ကျနော်တို့ဆီမှာ ကိုဗစ်လူနာ အသက်ရှုကြပ်တဲ့အခါကျတော့ အောက်ဆီ ဂျင်အိုးတွေ လိုတယ်ဆိုတဲ့ဟာမျိုးတွေ ဖြစ်လာတယ်။ အဲတာက ကျနော်ထင်တာ ဒီပြဿနာကြီးတစ်ခုကို ထိန်းနိုင် မထိန်းနိုင် ပေါ်လာ တဲ့လက္ခာ တစ်ရပ်လို့ယူဆပါတယ်။
အဲတော့ ကိုဗစ်ကိစ္စ ဘာလဲဆိုတော့ လူနာကုတင် ဘယ်လောက်ရှိလဲဆိုတဲ့နှုန်းနဲ့ တွက်ပါတယ်။အဲတော့ လူနာ ဘယ်လောက်ရှိရင် ဆေးရုံ ကုတင်က ဘယ်လောက် ရှိသင့်တယ် ဆိုတဲ့ ဟာမျိုးပေါ့။ အဲတော့ ယေဘုယျပြောရင် ကျနော်တို့ကမ္ဘာ့အချက်အလက်တွေ ကြည့်တဲ့အခါကျတော့ လူ ၁၀၀၀ မှာ ကုတင်တစ်လုံးပဲရှိတယ်ဆိုတဲ့ စာရင်းဇယားမျိုး တွေ့ ပါတယ်။
နောက်တစ်ခါ ကျနော်တို့ နိုင်ငံမှာ ICU လို့ခေါ်တဲ့ အထူးကြပ်မတ်ကုသပေးတဲ့ ယူနစ်တွေပေါ့နော်၊ အဲတာမျိုးကျ တော့လည်း ကျနော်တို့ဆီမှာ ၂၂၀ လောက်ပဲရှိတယ်ဗျ၊ ICU ယူနစ်ကလေ။ အဲတော့ ဆိုလိုတာက ကိုဗစ်ဖြစ်တဲ့ လူနာတွေ အများကြီးဖြစ်လာတဲ့အခါကျရင် ကျနော်တို့ ICU တွေက မထိန်းနိုင်တော့ဘူးပေါ့ ဒီသဘောမျိုး လက္ခာဖြစ်ပါတယ်။
ဒါကြောင့်မလို့ သူတို့က ကိုဗစ်ကို ဆေးရုံတွေမှာ ဝန်မပိအောင် များများမကူးအောင် ကာကွယ်တယ်၊ ထိန်းချုပ် မယ် စသဖြင့် ဒါမျိုးလုပ်တဲ့အနေအထား ရှိပါတယ်။ ကျနော်တို့ဆီ မှာတော့ ဒီအဆင့်တွေအကုန် ကျော်သွားတဲ့ အနေအထားမျိုးဖြစ်တယ်၊ ဒီလိုဖြစ်တဲ့အခါကျတော့ ကျနော်တို့ အစကနေ ပြန်ပြီးတော့ ကိုင်တွယ်ဖို့ လိုအပ်လာ ပြီးလို့ ယူဆပါတယ်။
ပုံ-ကိုဗစ်-၁၉ ကာကွယ်နိုင်ရေး ကျန်းမာရေးဝန်ထမ်းများ Mask လိုက်ဝေနေစဉ် (MoHS)
မေး ။ ။ ဒါဆို ဆရာပြောသလို နိုင်ငံတကာမှာ လုပ်ပုံလုပ်နည်းနဲ့ မြန်မာနိုင်ငံက အခြေအနေ ဘာလို့ ကွဲပြား ခြားနားတာလဲ၊ မြန်မာပြည်မှာက ငွေကြေးပိုင်ဆိုင်ရာ မတတ်နိုင် လို့လား၊ ဒါမှမဟုတ် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အား နည်းတာလား။
ဖြေ ။ ။ ယေဘုယျပြောရင် ဒီလိုဗျ၊ ကျနော်တို့ဆီမှာ စစ်အာဏာသိမ်းမှုက ကြားထဲမှာ ဖြစ်သွားတယ်တော့ အကုန်ပြဿနာရှိသွားတယ်။ အဲတော့ စစ်အာဏာသိမ်းမှုနဲ့အတူပဲ ကျနော်တို့ အရင်က တည်ဆောက်ထားတဲ့ ကျန်းမာရေးစနစ်တွေ ပျက်သွားတယ်ပေါ့ဗျာ။ နောက်တစ်ခါ CDM ခေါ်တာပေါ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကနေပြီးတော့ ဆန္ဒပြတယ်၊ သပိတ်မှောက်တယ်၊ အလုပ်မဆင်းဘူးပေါ့ဗျာ။
အဲလို အနေအထားမျိုးမှာ ယေဘုယျပြောရင်တော့ ဒီကျန်းမာရေးစနစ်ကြီး တစ်ခုလုံးက ပြိုဆင်းသွားသလို ဖြစ်သွားတယ်။ ဆိုတော့ အဲလိုအနေအထားမှာ တော်တော် စောင့်ရှောက်ဖို့ ခက်သွားတာပေါ့၊ ကျနော်တို့ ပြီးခဲ့တဲ့ နှစ်က ပြန်ကြည့်ရင် ကိုဗစ် ပထမလှိုင်းမှာ စေတနာဝန်ထမ်းတွေကလည်း အများကြီးရှိတယ်၊ လူနာတင်ကားတွေ၊ ဝိုင်းကူမယ့် လူတွေ၊ ပိုက်ဆံလှူမယ့်လူတွေ၊ နောက်တစ်ခု ကိုဗစ်စင်တာလို့ခေါ်တဲ့ ဦးဇော်ဇော်တို့ ထူ ထောင်တဲ့ ဧရာဝတီစင်တာပုံစံမျိုးပေါ့။ ဒါတွေအားလုံးဟာကလည်း ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြိုကွဲသွား သလိုဖြစ်တာပေါ့။ ယေဘုယျပြောရင်တော့ စနစ်ကြီးတစ်ခုလုံးက ပြန်တည်ဆောက်ရမယ့် ကာလမျိုးဖြစ်သွား တယ်။ လုံးဝ ပြိုကွဲသွားတယ်လို့ ယူဆတယ်။
မေး ။ ။ ဒါဆို ဆရာခုနက ပြောသလိုပေါ့၊ ပထမလှိုင်း-ဒုတိယလှိုင်းမှာ ပရဟိတသမားတွေ၊ အလှူရှင်တွေ၊ လုပ်ငန်းရှင်တွေကလည်း တက်တက်ကြွကြွ ပါဝင်ကြတယ်၊ အခုကျတော့ စစ်တပ်က အာဏာသိမ်းတဲ့ အခင်း အကျင်းမှာကျတော့ သိပ်ပြီးတော့ တက်တက်ကြွကြွ ပါလာတာမရှိဘူးပေါ့လေ။ အဲတာက တခြားဘက်က ကြည့်ရင်ရော ဘယ်လိုပုံစံမျိုးကြောင့် ဖြစ်နိုင်ခြေရှိသေးလဲ၊ ဒီဟာကို ပါဝင်လာရင် တံဆိပ်ကပ်ခံရမှာစိုးလို့လား။
ဖြေ ။ ။ ဒီလိုဗျ ပြောရရင် ကျနော်တို့ဆီမှာ Social capital လို့ ခေါ်တာပေါ့လေ လူမှုအရင်းအနှီးပေါ့နော်၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည် မှုတွေ လိုတယ်။ စေတနာ ဝန်ထမ်း စိတ်ဓာတ်တွေလိုတယ်၊ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုတယ်၊ အခု အနေ အထားမှာကျတော့ စစ်အာဏာသိမ်းလိုက်တော့ နဂိုက ကျနော်တို့မှာ အားနည်းတယ်လို့ ပြောလို့ရပါတယ်။ Social capital ကပေါ့လေ။ဒီဥစ္စာက လုံးဝ တစ်စစီ ပြိုသွားတဲ့ အနေအ ထားဖြစ်တယ်။
အဲအနေအထားမှာပဲ နောက်ထက် ထပ်ဖြစ်လာတာက Social punishment (လူမှုရေးပြစ်ဒဏ်ခတ်ခြင်း)လို့ ပြောကြတယ်။ တစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက်ကို စွပ်စွဲ ပြစ်တင် ပုတ်ခတ် ဒါမျိုးတွေဖြစ် လာတယ်။ အဲတော့ ဘာဖြစ်လာလဲဆိုတော့ ကိစ္စအားလုံးက နိုင်ငံရေးလိုဖြစ်သွားတယ်။ အဲတော့ ကာကွယ် ဆေး သွားထိုးမလား ခင်ဗျား။ အဲတာဆိုရင် ခင်ဗျားက ဒါစစ်အုပ်စုကို ထောက်ခံတာလား ဖြစ်သွားတယ်၊ နောက်တစ်ခါကျတော့ ကလေးကို ကျောင်းပို့မှာလား အဲတာဆိုလည်း နိုင်ငံရေးကိစ္စလိုဖြစ်သွားတယ်။ အဲလို အနေအထားမျိုးမှာ လူတွေက ကာကွယ်ဆေးထိုးဖို့လည်း မရဲတော့ဘူး၊ အဲလိုအနေအထားမျိုးမှာ ခုနက ပြဿနာက Social capital က ပိုပြီးတော့ ကျသွားတယ်လို့ ယူဆ နိုင်ပါတယ်။
ပုံ-ကိုဗစ်-၁၉ ကာကွယ်နိုင်ရေး ကျန်းမာရေးဝန်ထမ်းမှ Mask လိုက်ဝေနေစဉ် (MoHS)
မေး ။ ။ ဒါဆိုရင် ဒါတွေကို ကွဲကွဲပြားပြား ပိုင်းခြားထားဖို့ လိုတယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော် ဆရာ။
ဖြေ ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ခင်ဗျာ။
မေး ။ ။ ဟုတ်ကဲ့။ အခုဆိုရင် မြန်မာပြည်မှာ ပထမလှိုင်း-ဒုတိယလှိုင်းကို ကျော်လို့ တတိယလှိုင်းကစ ဖြစ်နေပြီးပေါ့၊ အဲဒီမှာ စပြီးကြုံတာက ဘာလဲဆိုရင် ရှေ့မှာလည်း ဖြစ်ခဲ့ပါတယ်၊ နှာခေါင်းစည်း(Mask)ဈေးတွေ တက်တာပေါ့လေ၊ ဆိုတော့ ဒါတွေက အရေးပေါ် ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ရှိရဲ့သားနဲ့ ဘာကြောင့် မထိန်းနိုင်တာလဲဗျ။ တချို့ ကလည်း ခေတ်ပျက်ကာလဆိုရင် စီးပွားရေးက ရှာလို့ကောင်းတယ်ဆိုတဲ့ သုံးသပ် ချက်တွေလည်း ရှိတော့လေ၊ ဒါတွေကို ဘယ်လိုမျိုး ထိန်းညှိဖို့လိုအပ်မလဲဗျ။
ဖြေ ။ ။ ကျနော်ထင်တယ်၊ အခုလောလောဆယ်ကတော့ ထိန်းညှိဖို့ခက်မယ်ဗျ၊ အခု လက်ရှိ စစ်အာဏာ သိမ်းထားတဲ့ အစိုးရက သူ့ရဲ့ အုပ်ချုပ်ရေးကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ကာလပေါ့နော်၊ ဆိုတော့ တစ်ဖက်မှာကျတော့လည်း လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ ဆန့်ကျင်နေတဲ့ အင်အားစုတွေကလည်း ရှိပါတယ်။ ရှိတဲ့ အခါကျတော့ ဒီ အုပ်ချုပ်ရေးက အခြေကို မတည်နိုင်ဘူးဆိုတဲ့ဟာမျိုးဖြစ်တာပေါ့။ အဲတာကြောင့်မလို့ ခုနပြောတဲ့ ဒီနှာခေါင်းစည်းရောင်းတဲ့ ဈေးတွေ ထိန်းချုပ်တာကစလို့ နောက်တစ်ခါ ကိုဗစ်နဲ့ ပတ်သက်တဲ့ တင်းကြပ်မှုတွေ၊ ကန့်သတ်မှုတွေ ဒါတွေလုပ်ဖို့ကအစ အကုန်လုံးက ကျနော်ထင်တယ် အခက်အခဲတွေရှိနေမယ်လို့ ထင်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ဆရာ၊ ဆရာပြောသလိုပဲပေါ့နော်၊ တစ်ဖက်မှာကျတော့ အုပ်ချုပ်ရေးယန္တရားကို တည် ဆောက်ဖို့ကြိုးပမ်းနေတဲ့ တစ်ဖက်ပေါ့၊ တစ်ဖက်မှာလည်း လုံးဝ အုပ်ချုပ်ခွင့် မပြုနိုင်ဘူးဆိုတဲ့ တစ်ဖက်ပေါ့။ အဲ့ အားပြိုင်တဲ့ကြားမှာ ကိုဗစ်ကလည်းဖြစ်နေတယ်။ ဒီကြားထဲမှာ စီးပွားရေးကျပ်တည်းမှုကလည်း ဖြစ်နေတယ်၊ ဒီနှစ်ခုကို တစ်ပြိုင် တည်းပေါ့လေ ပြည်သူလူထုက ကြုံတွေ့နေရတယ်၊ အထူးသဖြင့် အောက်ခြေလူတန်းစားနဲ့ အလယ်အလတ်တန်းစားတွေပေါ့၊ ဒါတွေကိုရော ဘယ်လိုပုံစံမျိုးနဲ့ကျော်ဖြတ်ကြမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ပူးပေါင်း ဖြေရှင်းလို့ရနိုင်မလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ စောစောက ကျနော်ပြောတာ နည်းနည်းလေး ပြန်ရှင်းချင်ပါတယ်၊ ဘာဖြစ်လို့လဲဆို တော့ နားလည်မှု လွဲမှာဆိုးလို့ပါ၊ ဆိုလိုတာက အခုလက်ရှိ စစ်အစိုးရက တည်ဆောက်ဖို့ ကြိုးစားနေတယ်၊ တစ်ဖက် လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတာ ကျနော်ပြောတဲ့ အဓိပ္ပာယ်က တစ်မျိုးဖြစ်သွားနိုင်ပါတယ်။
အဲတော့ ဒီကိုဗစ်နဲ့ပတ်သက်လို့ ပြောရရင်တော့ ကျနော်တို့ အဓိကဆိုချင်တာက အခုလက်ရှိမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးတစ်ခုလုံးက တော်တော်ကြီးကို ချည့်နဲ့ သွားတယ်၊ ပြိုကျသွားတယ် မဟုတ်ရင်တောင် တော်တော်အားနည်းသွားတဲ့ အနေအထားဖြစ်သွားပါပြီ။ အဲအနေအထားမှာ ကျနော်တို့ ဘယ်လို ပြန်လုပ်ကြမလဲဆိုတော့ ပြန်တည် ရမလို ကာလမျိုးဖြစ်သွားတာပေါ့။ ဆိုတော့ ကျနော်ဒီအနေအထားကို သိစေချင်ပါတယ်။
အဲတော့ နံပါတ်တစ် အချက်က ကျနော်တို့မှာ Health Information System လို့ခေါ်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သေချာမရှိပါဘူး၊ မရှိတဲ့အခါ ကျတော့ လူဘယ်လောက်ကို စစ်နိုင်ပြီးတော့ လူဘယ်လောက်က ဖျားနေသလဲ ကျနော်တို့သေချာမသိဘူး။ နောက်တစ်ခါကျတော့ ဖျားနေတဲ့လူတွေမှာပဲ အဆင့်တွေ ခွဲဖို့ရှိသေး တယ်။ သိပ်ပြီးတော့ အန္တရာများတဲ့ အဆင့်၊ အလယ်အလတ် အဆင့် ၊ ဒါမှမဟုတ် သွားနိုင်လာနိုင် ဒါပေမယ့် ပိုးကတော့ ရှိနေမယ်ပေါ့ဗျာ ဆိုတော့ ဒီလိုအဆင့်ပေါ့။ ဒါမျိုးတွေ ခွဲခြားဖို့ဆိုတာက လည်း ကျန်းမာရေးစနစ်တွေ လိုပါတယ်။
ဒါတွေက ကျနော်တို့မှာ မရှိဘူးဆိုတဲ့ဟာဖြစ်တာပေါ့နော်။ နောက်တစ်ခုကကျတော့ ကျနော်တို့ Facebook ပေါ်မှာတွေ့တဲ့ သတင်းတွေအရ ကလေးမြို့မှာ သေတဲ့လူက ၅၀ ကျော် တယ် ပြောတယ်၊ ဒါပေမယ့် ကျန်းမာရေးဝန် ကြီးဌာနက ထုတ်တဲ့ စာရင်းမှာကျတော့ မရှိဘူးလို့ဖြစ်နေတယ်။ဒါတွေကလည်း ကျနော်တို့မှာ ယုံကြည်အားထားစရာ မရှိတဲ့ အနေ အထားတွေ ဖြစ်တာပေါ့နော်။
ပုံ-အင်းယားလိတ် ကိုဗစ်စင်တာကိုတွေ့ရစဉ်(MoHS)
အဲတော့ နံပါတ်တစ်အချက်က ကျနော်မြင်တာတော့ ဘာဖြစ်နေသလဲဆိုတဲ့ အခြေအနေကို သိဖို့ ပထမဦးဆုံး စာပေးကောက်တဲ့ သဘောမျိုး စလုပ်ဖို့လိုအပ်မယ်လို့ ထင်ပါတယ်။ အခုအနေအထားမှာ လုပ်ဖို့ခက်နိုင်တယ်၊ အဲဒါက ဘယ်လိုဖြစ်နိုင်လဲဆိုတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံတို့ ဘာတို့ကိုအကူအညီ တောင်းရင်တော့ သူတို့ဆီက ကျွမ်းကျင်သူတွေကို ခေါ်လိုက် ခေါ်လိုက်ပြီးတော့ ကျနော်တို့တချို့ ဧရိယာတွေကို ရွေးချယ် ဥပမာအားဖြင့် ရန်ကုန်၊ မန္တလေး စသဖြင့်ပေါ့။ အဲမှာ ကျနော်တို့ သေချာစစ်တမ်း ကောက် သေချာစနစ်တကျ စစ်ဆေးပေါ့ဗျာ။ အဲတာဆို ဖျားတဲ့လူ ဘယ်နှရာခိုင်နှုန်း၊ ပိုးရှိတဲ့လူ ဘယ်နှရာခိုင်နှုန်း ဘယ်လောက်လဲဆိုတာ ပေါ်ထွက်လာမယ်။ ဒါကို ဘယ်လို ကုမလဲဆိုတာတော့ နောက်တစ်ပိုင်းပေါ့။
အဲတော့ အခုချိန်မှာ ကျနော်တို့ ICU တို့၊ ဆေးရုံတွေက ပြဿနာရှိနေတယ်ဆိုရင်လည်း ဒါကို ကျနော်တို့ ကိုယ့်အားနဲ့ကိုယ် မနိုင်တော့ရင်လည်း နိုင်ငံတကာကို အားကိုးရမယ့် အနေအထားတွေဖြစ်လာတယ်။ ပြောမယ်ဆို ရင် ထိုင်းနိုင်ငံမှာလည်း အခုက တော်တော်ကြီးကို အခြေအနေဆိုးပါတယ်။ အင်ဒိုနီးရှားမှာလည်း သေတဲ့လူက တော်တော်များပါ တယ်။ ဒါပေမယ့် သူတို့က ကျန်းမာရေးစနစ်တွေ အားကောင်းတော့ သူတို့ဆီက ကူနိုင်ကယ်နိုင်တဲ့ အခြေအနေမျိုးတွေရှိသေးတယ်လို့ ကျနော်ယူဆတာပေါ့။
နောက်တစ်ခုက ကျနော်တို့ အရေးကြီးတဲ့ တစ်ချက်က ကာကွယ်ဆေး ဘယ်လိုထိုးမလဲဆိုတဲ့ မဟာဗျူဟာပါ၊ အခုချိန်မှာ ကျနော်တို့ ကြားနေတာက ကာကွယ်ဆေးတွေ မှာထား တယ်၊ ဘယ်လိုထိုးမလဲ မသိဘူး၊ အခု အနေအထားမှာ ကိုဗစ်က တစ်နိုင်ငံလုံးမှာ ကူးစက်နေပြီး။ ပညာရှင်တွေခေါ်တာ အားလုံးက ဒီဥစ္စာ(ကိုဗစ်) ကို တော်တော်များများက ကူးစက်ပြီးတော့ ခံနိုင်ရည် ရှိသွားတဲ့ အဆင့်မျိုး၊ ဒါမျိုးပဲ သွားရမလိုဖြစ်လာတယ်။အဲတာ မျိုးဆိုရင် ကျနော်တို့ ခုနက ပြောတဲ့ ကာကွယ်ဆေးထိုးတဲ့ မဟာဗျူဟာပေါ့၊ ဘယ်သူတွေ ကို ထိုးမှာလဲ၊ ဘယ်လို ထိုးမှာလဲ ဒါတွေက အရေးကြီးလာတဲ့ အနေအထားပေါ့၊ ကျနော်ထင်တယ် ဒါမျိုးတွေကို သေချာကိုင်တွယ်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်တယ်။
မေး ။ ။ ဟုတ်ကဲ့ဆရာ၊ ကျနော်တို့ ရှေ့မှာ ဆွေးနွေးခဲ့သလိုပေါ့လေ၊ ကျန်းမာရေးဝန်ထမ်းတွေက လည်း CDM လုပ်တာရှိတော့ လုံလောက်မှု မရှိဘူး၊ ဒါတွေကရော ဘယ်လို မျိုး အစားပြန်ထိုးဖို့ လိုအပ်မလဲ။
ဖြေ ။ ။ ကျနော်မြင်တာကတော့ အခုလက်ရှိ ဖြစ်နေတဲ့ ကိုဗစ်ပြဿနာပေါ့နော်၊ ဒါတွေကို လက်ရှိ အာဏာယူထားတဲ့ လူတွေက သိပ်အရေးကြီးနေပြီဆိုတာကို သဘော ပေါက်ဖို့ လိုလာပြီးလို့ ယူဆပါတယ်။ အဲတာက အမျိုးသားအရေးဖြစ်သွားပြီး၊ အမျိုးသားအရေး ဖြစ်သွားပြီဆိုရင် တချို့ကိစ္စတွေက လျှော့ဖို့လိုအပ်လာပြီး။ ဆိုလိုတာကဗျာ အခု ဆရာဝန်တွေကို ၅၀၅ နဲ့ ဆွဲထားတာ ဘယ်နှယောက်ရှိလဲ၊ ထောင်ထဲမှာ ဘယ်နှယောက်ရှိသလဲ ကျနော်တို့တော့ သေချာစာရင်းအတိအကျ မသိဘူးပေါ့ဗျာ။ အဲတာမျိုးတွေကို ချွင်းချက်မရှိ လွတ်ပေးရမှာ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးရမယ်၊ ပေးပြီးတဲ့ တချိန်တည်းမှာပဲ သူတို့တွေကို စည်းရုံးရမယ်။ ကျန်း မာရေးဌာနမှာ ပြန်ပြီးတော့ တာဝန် ပြန်ထမ်းဆောင် ပေါ့ဗျာ။
အဲတာမျိုးတွေမှာ ကျနော်ထင်တယ် နှစ်ဖက်စလုံးက သဘောထားကြီးဖို့လိုပါတယ်၊ အဲလိုမျိုးလုပ်မှပဲ ကျနော်တို့ရဲ့ ကျန်းမာရေးစနစ်ကို ပြန်တည်နိုင်မယ်လို့ယူဆတယ်ဗျ။ မဟုတ် ဘဲနဲ့ မင်းကတော့ ဥပဒေကို ချိုးဖောက်ထားလို့ မင်းကတော့ ၅၀၅(က)နဲ့ဆွဲထားတယ်၊ တရားဥပဒေအရတို့ ဘာတို့ ဒါမျိုးပုံစံမျိုးနဲ့သွားလိုက်လို့ရှိရင်တော့ ပိုပြီးတော့ နစ်နာစရာ အကောင်းတွေ များမယ်လို့ထင်ပါတယ်။
ပုံ- ၂၀၂၁ ခုနှစ်၊ဇန်န၀◌ါရီ ၂၇ ရက်က ကော့ကရိတ်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေးထိုးနေစဉ်(MoHS)
မေး ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ ကျနော် နောက်ထက် တစ်ပိုင်း ထပ်ဆွေးနွေးချင်တာကတော့ အခုဆိုရင် မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံ(Failed State)ဖြစ် သွားနိုင်တယ် ပေါ့၊ အခု ကျနော်တို့က ကိုဗစ်ကပ်ဘေးကိုလည်း ရင်ဆိုင်နေရတယ်၊ နိုင်ငံရေးကလည်း မတည်ငြိမ်ဘူး၊ စီးပွားရေးကလည်း ကျပ်တည်းနေတယ်ပေါ့။ နိုင်ငံတကာကလည်း ဒါတွေ ကို ကြည့်ပြီးတော့ ကျရှုံးနိုင်ငံဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်နေကြတယ်၊ ဒီသုံးသပ်ချက်တွေအပေါ်မှာ ဆရာဘယ်လိုမြင် သုံးသပ်မိလဲ၊ လက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားအရပေါ့။
ဖြေ ။ ။ ဟုတ်ကဲ့ နိုင်ငံတကာမှာရှိတဲ့ ပညာရှင်တွေ၊ နောက်တစ်ခါ သြဇာကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ တချို့အဖွဲ့အစည်းတွေက မြန်မာပြည်နဲ့ ပတ်သက်လို့ သတိပေးလာတာရှိပါ တယ်၊ Failed State လို့ခေါ်တဲ့ ကျရှုံးနိုင်ငံ ဖြစ် တော့မလားပေါ့၊ ဒီလိုစိုးရိမ်ပူပန်မှုတွေ ဖော်ပြပါတယ်။
အထူးသဖြင့်တော့ နိုဘယ်ဆုရထားတဲ့ သက်ကြီးဝါကြီးပုဂ္ဂိုလ်တွေပေါ့နော်၊ သူတို့ကလည်း ဒီလိုမျိုးထောက်ပြ တာတွေရှိတယ်၊ တလောက သိပ်မကြာသေးခင် UN က UNHCR အကြီးအကဲကလည်း ဒါမျိုးထောက်ပြတာ ရှိ တယ်။ နောက်တစ်ခါ The Economic မဂ္ဂဇင်းပေါ့ သူတို့ကလည်း ကျနော်တို့(မြန်မာနိုင်ငံ)က အာရှတိုက်မှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယမြောက် နောက်ထက် ပြိုကွဲနိုင်ငံဖြစ်လာနိုင်မလားပေါ့နော်၊ ဒါမျိုးတွေ ထောက်ပြ နေတာရှိတယ်။
ကျနော်မြင်တာကတော့ သူတို့က အကြာင်းမဲ့ ပြောတာမဟုတ်ဘူး၊ ဒါကို ဂရုစိုက် နားထောင်သင့်တယ်လို့ ယူဆပါတယ်။ အဲတော့ သူတို့က ဘာလို့ပြောကျသလဲပေါ့၊ သူတို့က ဘာကြောင့် ပြောကြလဲဆိုတော့ အကြောင်းအချက်က နံပါတ်တစ်က ဒီ Failed State ဆိုတာကတော့ အစိုးရတစ်ခု ပေးဆောင်ရမယ့် ဝန်ဆောင်မှုတွေ မလုပ်ပေးနိုင်ဘူးဆိုရင် ဒါ Failed State လို့ခေါ်တာပေါ့။ တချို့ပညာရှင်တွေ သုံးတာကတော့ နိုင်ငံရေးအရ ပေးနိုင်တဲ့ ကောင်းကျိုးချမ်းသာပေါ့နော်။ အဲလိုဟာမျိုးတွေ မရှိတော့ဘူးဆိုရင်၊ အစိုးရရဲ့ တရားဝင်မှု ပျက်သွားရင်၊ နောက်တစ်ခါ ဒီအစိုးရအပေါ်မှာ လူထုက သူ့ရဲ့အစိုးရအပေါ်မှာ သံသယရှိမယ်ပေါ့ဗျာ မထောက်ခံတော့ ဘူးဆိုရင် ဒါတွေက Failed State ဖြစ်ဖို့ အလားအလာတွေပါ။
နောက်တစ်ခုကတော့ တော်တော်များများ ထောက်ပြတာက ကျနော်တို့ရဲ့ စီးပွားရေး ခင်ဗျားလည်း ခုနက ပြောပါတယ်၊ ပြိုလဲဖို့များတဲ့ အလားအလာတွေရှိတယ်၊ အခု ဘဏ် အကျပ်အတည်းတွေရှိတယ်၊ နောက်တစ်ခုကတော့ ကျနော်တို့မှာ ပြည်တွင်းစစ် ထပ်ပြီးတော့ ကျယ်ပြန့်လာမလားပေါ့။ နဂိုကတည်းကလည်း ကျနော်တို့ဆီမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိပါတယ်။ ဒီအဖွဲ့တွေကတော့ အရင်တုန်းက NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပေါ့၊ ဒီစာချုပ်နဲ့ ထိန်းသိမ်းထားနိုင် တယ်၊ အကြီးအကျယ် ကြီး ဖြစ်သွားဖို့ မရှိဘူးပေါ့ဗျာ။
ဒါပေမယ့် အခုကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)လိုဟာတွေ ပေါ် လာတယ်၊ ဟိုအရင် ဗမာပြည်ရဲ့ အညာဒေသပေါ့ ပြောမယ်ဆိုရင် တကယ့် ဗမာဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပြဿနာတွေက အများကြီးပဲ ဖြစ်လာတယ်၊ လက်နက်ကိုင် တိုက်ပွဲက ချဲ့ထွင်လာပြီးတော့ တစ်နိုင်ငံလုံး ဆက်ဖြစ်သွား မယ်ဆိုရင် ဒါတွေက Failed State ဖြစ်ဖို့ အလားအလာပေါ့နော်။
အဲတော့ The Economic မဂ္ဂဇင်းမှာပြောထားတာကတော့ စိတ်ဝင်စား စရာကောင်းတာကတော့ သူတို့က ပြောတာ ကျနော်တို့ကတဲ့ သူများနိုင်ငံကို မတည်ငြိမ်မှုတွေ တင်ပို့နေ တယ်၊ ဒုက္ခသည်တွေ တင်ပို့နေတယ်၊ နောက်တစ်ခုက ရောဂါဘယတွေ တင်ပို့နေတယ်၊ မူးယစ်ဆေးဝါးတွေ တင်ပို့နေတယ် အဲလိုဟာမျိုးတွေဆိုရင် အားလုံးက စိုးရိမ်စရာ အကြောင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအခြေအနေတွေကိုတော့ ထောက်ပြနေကြတယ်၊ ဒါကိုလည်း လေးလေးနက်နက် ရှိဖို့လိုမယ် ထင်ပါတယ်ဗျ။
မေး ။ ။ ဒါဆိုရင် ကျနော်တို့နိုင်ငံမှာ ဒီအကျပ်အတည်းတွေကနေပြီးတော့ သူများနိုင်ငံတွေက ထောက်ပြသလို ကျရှုံးနိုင်ငံဖြစ်မသွားအောင် ဘယ်လိုပုံစံမျိုး နှစ်ဖက်က ဖြေရှင်းကြဖို့လိုအပ်မလဲ၊ ညှိနှိုင်း ဆွေးနွေးကြဖို့ လိုအပ်မလဲဗျ။ ပြည်သူလူထုကရော ဘယ်လိုမျိုး ပူးပေါင်းပါဝင်သင့်လဲဗျ။
ဖြေ ။ ။ ကျနော်ထင်တယ်၊ အဖြေက လွယ်လွယ်မရှိပါဘူး၊ နောက်တစ်ခုကတော့ လူအားလုံး ကြိုက်တဲ့ အဖြေလည်း မဖြစ်နိုင်ဘူးပေါ့နော်၊ အဲတော့ အခုချိန်မှာတော့ ကျနော်တို့က နှစ်ဖက်စလုံးက အားမကုန်သေးဘူး ဗျ၊ စစ်အစိုးရကလည်း ငါထိန်းချုပ်လို့ရဦးမယ်ပေါ့၊ တစ်ဖက်ကလည်း ဒီစစ်အစိုးရတော့ မရတော့ဘူး ငါအပြတ်လှန်ပြစ် လိုက်တော့မယ်ဆိုတဲ့ ဟာမျိုးတွေ ဖြစ်နေတာပေါ့ဗျာ။ ဆိုတော့ ကျနော်မြင်တာကတော့ တစ်ချိန်မှာတော့ တွေ့ဆုံဆွေးနွေးရေး သွားရမှာပဲ။ အဲတော့ အခုလို ကိုဗစ်ဖြစ်တယ်၊ တကယ်ကို အရေးပေါ် အခြေအနေမှာတော့ ကျနော်ထင်တယ်၊ ဥပမာပေါ့ဗျာ ဘီလူးမ သားလုတဲ့ ဥပမာလိုဟာမျိုးပေါ့နော်၊ ငဲ့ညာပြီးတော့ အားလုံးက ပြန်ပြီးတော့ ညှိနှိုင်း ကြဖို့လိုမယ် ထင်တယ်ဗျ။
ပုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံညီလာခံအပြီး ငြိမ်းချမ်းရေးဆောင်ရွက်သူများ အမှတ်တရ ဓာတ်ပုံရိုက်နေစဉ်(NCA-S EAO/fb)
မေး ။ ။ ဟုတ်ကဲ့ ဆရာ၊ ကျနော် နောက်ဆုံး မေးချင်တာပေါ့လေ၊ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး ယဉ်ကျေးမှုအရပဲ ဖြစ်ဖြစ်၊ တခြားသော ယဉ်ကျေးမှုတွေအရပဲ ဖြစ်ဖြစ် ပေါ့လေ၊ နိုင်ငံမှာ ဖြစ်တည်နေတဲ့ နိုင်ငံရေးယဉ် ကျေးမှုက အမြင်မတူတဲ့ အမြင်တို့၊ ကွဲလွဲတဲ့ အမြင်တွေရှိတဲ့လူတွေကို ရန်သူလို သဘောထားပြီးတော့ ထိုးနှက် တိုက်ခိုက်တဲ့ ယဉ်ကျေးမှုက တော်တော်လေး အားကောင်းလာနေတယ်၊ဆိုတော့ ဒီယဉ်ကျေးမှု အားကောင်းနေရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ဘယ်လိုပုံစံမျိုး အဟန့်အတား ဖြစ်စေနိုင်လဲ၊ ဒီဟာကိုရော ဘာ သတိထားဖို့လိုအပ်မလဲ။
ဖြေ ။ ။ အဲတာကတော့ ခက်ပါတယ်၊ ခက်ပါတယ်ဆိုတာက နံပါတ်တစ်က ကျနော်တို့ အချင်းချင်း ယုံကြည်မှုပေါ့လေ၊ ယုံကြည်မှုလိုပါတယ်။ နောက်တစ်ခုက မတူကွဲပြားတဲ့ အယူအဆတွေကို တစ်ယောက်နဲ့ တစ်ယောက် သည်းခံနိုင်ဖို့လိုတယ်ဗျ၊ ဘာသာရေး၊ နိုင်ငံရေး၊ ပေါင်းစုံပဲပေါ့နော်။
အခုအနေအထားက ဘာဖြစ်လာလဲဆိုတော့ ကျနော်တို့ Facebook မှာ ကြည့်လိုက်ရင်လည်း အမုန်းစကားတွေက ပြန့်နေတာပဲ၊ ဒီလို ပြန့်နေတဲ့ အနေအထားမှာ ပြောရရင် အဆိပ်သင့်သလို ဖြစ်လာတယ်။ အားလုံးက မီးလောင်ရာ လေပင့်သွားနေကြတဲ့ အနေအထားမျိုးပေါ့၊ အဲလိုမျိုးနဲ့တော့ ခုနကပြောတဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတို့၊ တိုင်းပြည် တည်ဆောက်ရေးတို့ ခက်ပါလိမ့်မယ်ဗျ။
မေး ။ ။ ဟုတ်ကဲ့ ကျနော်မေးတာတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက် ဆွေးနွေးချင်တာ ရှိပါသေးသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ အထူးသဖြင့်တော့ ကျနော်တို့ ကိုဗစ်ဘက် ပြန်လှည့်ရအောင်ပါ၊ ကိုဗစ် အနေအထားမှာတော့ အခု ပြောရမယ်ဆိုရင် တကယ့်အရေးပေါ် အခြေအနေ ဖြစ်နေပါပြီး။ အဲတော့ ကိုယ့်နိုင်ငံကပဲ ပြည်တွင်း ဖြစ်ပေါ့ဗျာ၊ ပြည်တွင်းမှာ ထိန်းသိမ်းနိုင်ဦးမယ်လို့ပဲ ထင်သလားပေါ့၊ အခုလက်ရှိ စစ်အစိုးရ လုပ်နေတာက ကန်ထရိုက်စနစ်နဲ့ ဆရာဝန်တွေ ပြန်ငှားပြီးတော့ ဖြေရှင်းမယ်ဆိုတဲ့ဟာမျိုးပေါ့နော်၊ ကျနော်မြင်တာကတော့ အဲလိုထက် စာရင်တော့ နိုင်ငံတကာအကူအညီ တောင်းသင့်တယ်လို့ ထင်ပါတယ်။
အထူးသဖြင့် အာဆီယံပေါ့၊ အာဆီယံက နည်းပညာကျွမ်းကျင်မှုတွေ ကူညီနိုင်ပါသေးတယ်၊ သူတို့မှာ ပိုက်ဆံ များများတော့ မရှိဘူး၊ သူတို့ကနေ တဆင့် နိုင်ငံတကာ အဖွဲ့အစည်း တွေ ပေါ့ဗျာ၊ UN တို့ တခြား ကမ္ဘာ့ဘဏ်တို့ ကျန်တဲ့အဖွဲ့အစည်းတွေပေါ့နော်။ သူတို့ကနေဆက် အကူအညီ တောင်းနိုင်မယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာကတော့ လက်ရှိက စစ်အာဏာသိမ်းထားတဲ့ အခါကျတော့ နိုင်ငံတကာ ဖြတ်တောက်တာတွေ၊ ပိတ်ဆို့တာတွေ အကူအညီတောင်းရတာတွေ တော်တော်ခက်လိမ့်မယ့် အနေအထားပါ၊ အဲတော့ ကျနော်မြင်တာကတော့ ဒီအရေးပေါ် အခြေအနေကိုတော့ မြင်သင့်တယ်၊ ဒါကိုလည်း ဝိုင်းဝန်း ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။
#ဦးအောင်သူငြိမ်း #မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့(ISP) #ကိုဗစ်၁၉ #ကျရှုံးနိုင်ငံ Exclusiveinterview
#ကျန်းမာရေး #နိုင်ငံတကာအကူအညီ #CNImyanmar #cninews