CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင်လ ၁၈
ဒေါက်တာလှဝင်းအောင်ကတော့ သူပိုင်ဆိုင်တဲ့ အိမ်နဲ့ ထိန်းသိမ်းထားတဲ့ လက်မှုပစ္စည်းတွေကို တစ်စုတဝေးတည်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားဖို့ စီစဉ်နေပါတယ်။
ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းကလည်း လိုအပ်တဲ့နေရာတွေမှာ အလှူ အတန်းတွေ လုပ်ပေးခဲ့ပြီး အခုလို ကိုဗစ် တတိယလှိုင်း ရိုက်ခတ်တဲ့ အချိန်မှာ တော့ ပြည်သူတွေ လိုအပ်နေတဲ့ အောက်ဆီဂျင်နဲ့ ဆေးဝါး၊ ငွေကြေး၊ အစား အသောက်တို့ကို လှူဒါန်းနိုင်ဖို့အတွက် သူအနှစ် ၂၀ ကျော်ကြာ စုဆောင်း ထားတဲ့ မြန်မာ့လက်မှုပစ္စည်းတွေ နဲ့ နေအိမ်ကို ရောင်းချသွားမှာဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ဒေါက်တာလှဝင်းအောင်ကို CNI သတင်း ဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ နေအိမ်နဲ့ ထိန်းသိမ်းထားတဲ့ လက်မှုပစ္စည်းတွေကို ရောင်းပြီး အောက်ဆီဂျင် လိုအပ်တဲ့ နေရာတွေကို လှူမယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းလေး ပြောပြပေးပါရှင့်။
ဖြေ ။ ။ အဓိက နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသာနာက အောက်ဆီဂျင်ပဲ အလှူ ခံနေတာ။ သိန်း ၆၂၀ ဖိုး လှူပြီးပေမယ့် လည်း နေ့ရှိသရွေ့ သူတို့က အားကိုးတကြီး အကူအညီ တောင်းတယ်။ ကျနော့်လက်ထဲမှာက အောက်ဆီဂျင် မရှိ တော့ဘူး။ အဲတော့ မလှူနိုင်ဘူး။ အဲ့ဒါကို ကျနော်က စိတ်သောကရောက်တော့ ရောင်းဖို့ အင်တာနက်ပေါ်တင် လိုက် တာပါ။ လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ ဆုံးဖြတ်ပြီး တင်လိုက်တာ။
ကိုယ်တောင်မှ ဒီလောက်ခက်ခဲရင် အဆင်မပြေတဲ့ လူနေမှုဘဝတွေမှာ ပိုပြီး တော့ ခက်ခဲမှာပဲဆိုပြီးတော့ တတ်နိုင်သလောက် လှူရင်းကနေ မိသားစု စားဝတ်နေရေး ပြသာနာ တွေ၊ ဆေးဝါးပြသာနာတွေ၊ အောက်ဆီဂျင်အိုး ပြသာနာတွေ တော်တော်များများ ကျနော့်ဆီမှာ လူ ၄၀၊ ၅၀ မက စာတွေက တောက်လျှောက်လာတော့ ကျနော်က အိမ်သီးသန့် လည်း မရောင်းချင်ဘူး။
ကျနော့် အိမ်ရော၊ ကျနော် ထိန်းသိမ်းထားတဲ့ လက်မှုပစ္စည်းလေးတွေရော ကျနော့် ပိုင်ဆိုင်မှုအကုန်ပေါ့။ ကျနော့်မိဘ ကိုးကွယ်ထားတဲ့ ဘုရားလေး (၂)ဆူရယ်၊ အဝတ်တစ်ခု ကိုယ်တစ်ခုနဲ့ ကျနော် ဒီအိမ်ပေါ်က ဆင်းပေးမယ်။ရောင်းလို့ရတာတွေ မှန်သမျှ ကျနော်က အကုန်လုံး အောက်ဆီဂျင်လိုအပ်တဲ့ နေရာတွေ အကုန်လှူချင်တယ်။ အစား အသောက်တွေ၊ ဆေးဝါးတွေ၊ ငွေကြေး တွေ ဒုက္ခရောက်နေတဲ့ လူနေမှုဘဝတွေကို ဆင်းပြီး လှူချင်တာပါ။ ကျနော် ဘာသာ ဘယ်လိုဘဝမျိုးပဲ ရောက်သွားသွား (၇)ရက် သားသမီးတွေ လိုအပ်နေ တာကို ကျနော်ပြန်ရှာနိုင်တယ်။ အကုန်လှူမှာ။
ပုံ-အောက်ဆီဂျင်လှူဖို့ ဒေါက်တာလှဝင်းအောင် ရောင်းချမည့် ဘုရားစေတီများ (Hla Win Aung-fb)
မေး ။ ။ နေအိမ်နဲ့ လက်မှုပစ္စည်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ရောင်းချပေးသွား မှာလဲရှင့်။
ဖြေ ။ ။ ဘုရားတွေကြီးပဲသပ်သပ်၊ ကျနော့်အိမ်သပ်သပ်၊ ကျနော်ထိန်းသိမ်း ထားတဲ့ ပစ္စည်းတွေသပ်သပ် အဲ့လိုလည်း မရောင်းချင်ဘူး။ မရောင်းရက်ဘူး။ ဝယ်မယ့်သူ တကယ် လာဝယ် တကယ်ညှိ၊ သို့မဟုတ်လည်း ကိုအောင်ရေ ကျနော်တို့ကတော့ အောက်ဆီဂျင်အိုးတွေ ပေးမယ်။ ငွေသားလေးကလည်း ဒီလောက်ပဲ ပေးမယ်ဆိုလည်း အဲ့ဒီ ငွေသားကိုလည်း သူတို့ရှေ့မှာပဲ ကျနော် ချက်ချင်းပြေးလှူမှာ။ ကျနော်လက်ထဲမှာ ပိုက်ဆံဘာမှမလိုချင်ဘူး။ တကယ် လိုအပ်တဲ့နေရာကို ရောက်အောင် လှူချင်တဲ့စိတ်နဲ့ တင်လိုက်တာပါ။
မေး ။ ။ လက်မှုပစ္စည်းတွေကို ဘယ်အချိန်တည်းက စတင်စုဆောင်း ခဲ့တာလဲ။ နောက်ပြီး ဘယ်လို လက်မှုပစ္စည်း မျိုးတွေ ပါဝင်ပါလဲရှင့်။
ဖြေ ။ ။ ကျနော်စုဆောင်းပုံ စုဆောင်းနည်းကတော့ ကျနော် တိုင်းတပါး ကို သွားတဲ့အချိန်မှာ ကျနော်တို့ မြန်မာလက်မှုပစ္စည်းတွေကို ဟိုတယ်တွေမှာ အလှဆင်ထားတာ တွေ တွေ့တယ်။ နောက်ပိုင်းကျတော့ ကျောက်စိမ်း ကိုယ် တော်တွေကို ဦးခေါင်းဖြတ်ထားတာတွေရော၊ လျောင်းတော်မှု ကိုယ်တော်တွေ ရော၊ ရပ်တော်မှုကိုယ်တော်တွေရော သူတို့က လှေကားအဆင်းတွေ၊ ဖိနပ်ချွတ် တဲ့ နေရာတွေ၊ အိမ်သာသွားတဲ့နေရာတွေ၊ လမ်းဘေးတွေမှာလည်း တော်တော် များများ တွေ့ရတော့ စိတ်မကောင်းဘူးပေါ့။
အဲဒီတော့ တိုင်းတပါးကို ရောက်တိုင်းလည်း မြန်မာ့လက်မှုပစ္စည်းတွေ တော် တော်များများ ရောက်နေတာကိုတွေ့တယ်။ ငယ်ငယ်ကတည်းကလည်း မြန်မာ့ လက်မှုပစ္စည်းတွေကို တအားထိန်းသိမ်းချင်တဲ့ စိတ်အမြဲရှိတယ်။ အဲ့ဒါကြောင့် ဒီ ပစ္စည်းတွေ ကျနော်ထိန်းသိမ်းလာတာက အခု ကျနော့်အသက် ၄၉ နှစ်ပါ။ ကျနော် ၁၅ နှစ်၊ ၁၆ နှစ်သားလောက် ကတည်းက ရှေးဟောင်းပစ္စည်း ထူးထူး ဆန်းဆန်းလေးတွေရပြီဆို တစ်နိုင်တစ်ပိုင် အညာမှာ ပခုက္ကူမှာနေတည်းက စုဆောင်းခဲ့ တာပါ။ ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင် စုဆောင်းတာကတော့ ၂၀၀၀ ခုနစ်က စတာပါ။ အနှစ် ၂၀ လောက်ပဲ ရှိသေးတာပါ။ အဲဒီအရှေ့ပိုင်း စု ဖြစ်တာကတော့ များများစားစားတော့ မဟုတ်ပါဘူး။
ပုံ-အောက်ဆီဂျင်လှူဖို့ ဒေါက်တာလှဝင်းအောင် ရောင်းချမည့် ရှောင်းဟောင်းပစ္စည်းများ(Hla Win Aung-fb)
ကျနော်က အဟောင်းဆိုင်တွေကနေ တချို့ကတော့လည်း ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းထားတဲ့ ဘီဒိုကြီးတွေ အဲ့ဒါ တွေ စုတယ်။ အပွင့်အလင်းဆုံးပြောရင် ကျနော်ကလည်း ဘီဒိုကြီးနဲ့ပတ်သတ်ပြီး လိုင်းပေါ်မှာ ပြသာနာတတ်ဖူးတော့ အမှန်တိုင်းကတော့ ကျနော်က ကျနော့် ဘုရားခန်းကို အင်တာနက်ပေါ်တင် တာတို့ ကျနော့်လက်မှုပစ္စည်း လေးတွေ အင်တာနက်ပေါ် တင်တာတို့ရှိတယ်။ကျနော် ရှေးဟောင်းထိန်းသိမ်းထားတဲ့ ဘီဒိုကြီးတစ်လုံးက အသံတွေ မြည်တော့ ပြသနာတွေ တတ်ဖူးတယ်။ လိုင်းပေါ်မှာ ကုသိုလ်၊ အကုသိုလ် မဖြစ်အောင် ကျနော်လိုင်းပေါ်မှာ အဲ့ဒီ ဘီဒိုကြီးနဲ့ပတ်သတ်လို့ ဘာမှမတင်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။
ကျနော်က ပစ္စည်းတွေကတော့ ရှေးဟောင်းပစ္စည်းတွေက သံလည်းမဟုတ်ဘူး။ ကြေးလည်းမဟုတ်ဘူး။ ကြွေလည်း မဟုတ်ဘူး၊ အဲ့တော့ ချကိုက်တာတွေ ပိုးထိုးတာတွေ အများ ကြီး ရှိတယ်။ ခြေထောက် (၄)ချောင်းရှိတဲ့ ဘီဒိုက (၂) ချောင်းပဲရှိရင် ဒီတိုင်းထားရင် အမှိုက်ပုံဖြစ်ပြီး ချစားသွားမှာ။ အဲ့ဒါမျိုးတွေဆို ကျနော်က ခြေထောက်မကောင်းရင် ခြေ ထောက် ပြန်ထည့်တာတွေ တံခါးရွက် မကောင်းရင် တံခါးရွက်ပြန်ထည့်တာတွေ အမိုးမကောင်းရင် အမိုးတွေ ပြန် ထည့်တာတွေ အဲ့ဒါတွေကိုမှ သစ်ရိုးပန်းခင်းနဲ့ ဆေးပြန်ချယ် တာတွေ ရှိတာဖြစ်တဲ့အတွက် ကျနော့်ဆီမှာ ရှေးဟောင်းဘီဒိုအတိုင်း မူရင်းလည်းရှိသလို ကျနော် ပြန်ပြင်ထားတာတွေလည်း အများကြီးရှိတယ်။
ကျနော့် ပစ္စည်းတွေထဲမှာ ဘယ်လ်ဂျီယမ် မှန်တွေပါတယ်။ သီပေါမင်း ပါတော်မူ ပြီးနောက် အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့စဉ်က သူဌေးသူကြွယ်တွေ၊ အရေးပိုင်တွေ သုံးခဲ့တဲ့ ဆက်တီခုံတွေ၊ ဘီဒိုတွေ၊ မှန်တင်ခုံတွေပါတယ်။ ဝယ်တဲ့သူတွေကို တော့ တစ်ဦးချင်း မရောင်းချင်ဘူး။ တစ်စုတစ်စီးတည်း ရောင်းချင်တာပါ။ ရောင်းပြီး ကျနော် တကယ်လှူမှာပါ။
မေး ။ ။ လက်ရှိမှာရော ဦးအောင်အနေနဲ့ ဘယ်လိုလှူဒါန်းမှုမျိုးတွေ ပြုလုပ်နေပါသလဲ။ အခုလို အလှူအတန်းတွေ ပြုလုပ်ရတဲ့ အကြောင်းအရင်းနဲ့ မြန်မာလက်မှုပစ္စည်း တွေကို စုဆောင်းရတဲ့ ရည်ရွယ်ချက်လေးလည်း သိချင်ပါ တယ်ရှင့်။
ဖြေ ။ ။ ကျနော်က အောက်ဆီဂျင်အိုးက ၅၂၈ လုံး လှူပြီးပြီ။ (၇)ရက် သားသမီးတွေ တော်တော်များများက အောက်စီဂျင် အိုး ထပ်ထပ်ပြီးတော့ အလှူခံတာတွေလည်း ရှိတယ်။ကျနော်က အရင်တည်းကလည်း အလှူအတန်းကို အရမ်းဝါသနာပါတယ်။ အဓိကကတော့ ကျနော်က မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ကပါ။ ကျနော့်မိဘ (၂)ပါးကလည်း အလှူအတန်းတအား ရက်ရောတဲ့ မိဘ (၂) ပါးဖြစ်နေတယ်။ကျနော်တို့ ငယ်ငယ်တုန်းကလည်း မပြည့်မစုံနဲ့ ကြီးပြင်းခဲ့ရတာဖြစ်တဲ့အတွက် ကျနော်က လိုအပ်တဲ့သူတွေ အဆင် မပြေတဲ့သူတွေကို ဦးစားပေးပြီးတော့ လှူချင်တယ်။
လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက လှိုင်သာယာ ဂုံးကျော်တံတားအောက် ကျူးကျော်အိမ်တွေကိုလည်း သွားလှူ တယ်။ စည်ပင်ဝန်းတွေ သွားလှူတယ်။ စစ်မှုထမ်းဟောင်းတွေ သွားလှူတယ်။ အနားကြီးရောဂါသည်တွေကို သွား လှူတယ်။အနှေးယာဉ် အလုပ်သမားတွေကို လှူတယ်။ လမ်းအလုပ်သမားတွေကို လှူ တယ်။ ဆန်၊ဆီ၊ ငွေ (၁)သောင်းအဲ့လိုမျိုး တစ်ဦးစီလှူတယ်။ ပထမ ကိုဗစ်ကာလ မှာ အကြိမ်ရေ ၄၀၊ ၅၀ လောက်လှူတယ်။ ဒီကာလ အစောပိုင်းမှာတော့ မက်စ် (Mask)တွေ၊ အကာအကွယ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သွားလှူတယ်။
ပုံ-အောက်ဆီဂျင်လှူဖို့ ဒေါက်တာလှဝင်းအောင် ရောင်းချမည့် ရှောင်းဟောင်းပစ္စည်းများ(Hla Win Aung-fb)
ကျနော့်မိတ်ဆွေ တစ်ယောက်ရဲ့ အဆက်အသွယ် အကူအညီနဲ့ပဲ ကျနော်က ငွေလှူပြီး ပစ္စည်းပစ္စယာတွေဝယ်ပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး၊ မြိုင်ဘက် အဲ့ဘက်တွေမှာ အောက်ဆီဂျင်အိုးတွေ လှူဖြစ်လိုက်တယ်။မိတ်ဆွေတွေ တော်တော်များများကလည်း ထပ်ထပ်ပြီးတော့ သူတို့ရဲ့ အခက် အခဲတွေ တအားဖြစ်တယ်။ ဒုက္ခတွေ တအားရောက်ကြတော့ လာလာ အလှူခံ တယ်။ ကျနော်ဆီမှာကလည်း အောက်စီဂျင်အိုးက ကုန်နေပြီ။ စိတ်မကောင်း တာက အလှူခံတဲ့သူက များတယ်ဗျ။ ခါတိုင်း တုန်းကတော့ ကျနော့်လုပ်ငန်း တွေက လည်ပတ်တယ် ဗျ။ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်တယ်။
ကိုဗစ် ပထမလှိုင်းတုန်းကတော့ စိတ်ဓာတ်ကျနေသူတွေ စိတ်အားထက်သန် အောင်လို့ ဘာသာရေး ဗဟုသုတတွေ ပြောပြတယ်။အဲ့လိုပြောပြီး ကံစမ်းမဲ ဖောက်ပေးတယ်။ နောက်ဆုံးဗျာ ကျနော် ထီပေါက်တာတောင်မှ ကျနော်ရဲ့ ထီပေါက်တဲ့ ပိုက်ဆံကို လွှဲပြီးတော့ ကံစမ်းမဲတွေ ဖောက်ပေးတယ်။ ကျနော် မသုံးပဲနဲ့။ (၅)လမှာ သိမ်း ၁၅၀၀ ဖိုးလောက် ကံစမ်းမဲ ဖောက်ပေးဖြစ်တယ်။ဒီကိုဗစ်မှာကျတော့ ကျနော့်မှာက ဝင်ငွေနဲ့ထွက်ငွေ မမျှဘူးဖြစ်နေတယ်။ ဒါပေမယ့် ကျနော်ဘာသာ ကျနော် ရပ်တည်နိုင်တယ်။ ကျနော်တို့ထက် အခြေ အနေဆိုးတဲ့ (၇)ရက်သားသမီး ညီအစ်ကိုမောင်နှမတွေကို လှူချင်တဲ့ စိတ်နဲ့ ကျနော့်အိမ်နဲ့ ထိန်းသိမ်းထားတဲ့ လက်မှုပစ္စည်းလေးတွေကို တကယ် ရောင်းချင်လို့ တင်လိုက် တာပါ။
ကျနော်က ငယ်ငယ်တုန်းက အမေနဲ့အတူ မြေပဲလှော်ရောင်းတယ်။ ပြောင်းဖူး ပြုတ်ရောင်းတယ်။ မုန့်ဟင်းခါး ခေါက်ဆွဲ ရောင်းတယ်။ ဓာတ်တိုင်အောက်တွေ မှာ စာကျက်တယ်။ အဲ့လိုနေ ဆယ်တန်းအောင်တယ်။ တစချင်း တစချင်း ကြိုး စားတယ်။ အဓိကကတော့ ဘုရားတွေ အများကြီး ကိုးကွယ်ဖြစ်တာက ကျနော် တို့ ၉ တန်း၊ ၁၀ တန်း လောက်တုန်းက သူငယ်ချင်းအိမ်တွေမှာ စာသွားကျက် ရင် သူငယ်ချင်းမိဘတွေ ဘုရားရုပ်ပွားတော်တွေ ကိုးကွယ်တာကို အားကျ တယ်။ ကျနော်တို့ကျတော့ ဆင်းရဲသား သားသမီးဆိုတော့ သူတို့ အိမ်တွေ ဘုရားခန်းတွေဆို အဝင်မခံဘူး။ နှိမ်ခံတယ်ပေါ့ဗျာ။ ခြံထဲပဲ အဝင်ခံတယ်။
ပုံ-အောက်ဆီဂျင်လှူဖို့ ဒေါက်တာလှဝင်းအောင် ရောင်းချမည့် ရှောင်းဟောင်းပစ္စည်းများ(Hla Win Aung-fb)
အဲ့ဒါကြောင့် ငယ်ငယ်တည်းက ကျနော်က ဘုရား ရုပ်ပွား တော်တွေ အများကြီး ကိုးကွယ်ပြီးတော့ ဘုရားကို ဇေတဝန်ကျောင်းကြီးအလား တခမ်းတနား ကိုးကွယ်မယ်ဆိုတဲ့ စိတ် အတိုင်းပဲ အခုချိန်မှာ ကိုးကွယ်တာပါ။ကျနော် ရတနာ သုံးပါးကို ကြည်ညိုလို့ ကျနော့်အမေကို စိတ်ချမ်းသာအောင်ထားလို့။ကျနော့်အမေ (၁)လလောက်ပဲ အသက်ရှင်လို့ရမယ့် အခြေအနေမှာ ကျနော့် ကျောက်ကပ် တခြမ်းလှူလိုက်တယ်။ ကျနော့် ကျောက်ကပ် တစ်ဖက်နဲ့ပဲ ကျနော့်အမေ ၁၂ နှစ်လောက် တရားအားထုတ်နိုင်ခဲ့တယ်။ အဲ့ဒါမျိုးလေးတွေ အတုယူအောင် ကျနော်က ပြချင် တာ။ မုဆိုးမ အမေကြီးက မွေးခဲ့တဲ့ သားသမီး တွေ၊ အမေ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ နေခဲ့ရတာတွေ အဲ့ဒါတွေကို ကိုယ်ဒူး ကိုယ်ချွန်ပြီး ကြိုး စားခဲ့လို့ နောင်လာနောင်သားတွေကို ကျနော် ပေးချင်တာက ကျနော့် ဘုရားခန်းတွေ ကျနော် ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေပြဖြစ်တာတွေ ယဉ်ကျေးလိမ်မာ သင်တန်းတွေ သင် တာ၊ လူကြီးတွေကို အဘိဓမ္မာ သင်တန်း တွေ သင်တာ၊ ကျောက်မျက်သင်တန်းတွေ သင်တာ၊ အခမဲ့သင်တန်းတွေ အမြဲ ပို့ချပေးပါတယ်။ ဒါက ကျနော်လှုပ်ရှားနေတာကို ပြောချင် တာပါ။
မေး ။ ။ ကိုဗစ်တတိယလှိုင်းရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး ဦးအောင် အနေနဲ့ အကြံပြု ဖြည့်စွက်ပြောပေးပါဦးရှင့်။
ဖြေ ။ ။ ညီအစ်ကို မောင်နှမတွေကို အကြံပေးချင်တာက ဘာလဲဆိုတော့ ဒီတိုင်း မက်စ်(Mask) တပ်ရုံနဲ့ လက်ဆေးရုံနဲ့ မကာကွယ်နိုင်ဘူး။ အစားအစာ တွေကတဆင့် မကူးစက်နိုင်ဘူး။ ဒါပေမယ့် တံတွေးတွေ သလိပ်တွေကနေ တဆင့် ကူးစက် နိုင်တဲ့အတွက် ကွမ်းတံတွေးထွေးတာတွေ၊ ချွဲသလိပ်ထွေးတာ တွေကို သတိထားစေချင်တယ်။
မက်စ် (Mask)ကို ဥပမာ မနက် ၉ နာရီက အလုပ်လုပ်တယ်။ ညနေ ၆ နာရီထိ မချွတ်ပဲ တပ်ထားတာတွေ မလုပ်ပဲ တနေ့ကို မက်စ်ကို (၂) ခါ၊ (၃) ခါလဲဖို့။ မကြာခဏ အပြင်က အောက်စီဂျင်ကိုရှုဖို့။ အခုချိန်မှာ သာရေးပဲရှိရှိ၊ နာရေးပဲရှိရှိ အကျဉ်းချုံး လုပ်ပြီးတော့ ကိုယ်လည်း အိမ်လည်မသွားနဲ့ အိမ်လည်လာတဲ့ သူ လည်း လက်မခံပါနဲ့။ အဲ့ဒါမျိုးလေးတွေ သတိထားပါလို့ပဲ ပြောချင်တာပါ။ စိတ် ကို အေးအေးချမ်းချမ်းထားပါ။ ငြိမ်းငြိမ်းချမ်းချမ်းနေပါ။ စိတ်ဓာတ်မကျပါနဲ့။ ပြီးသွားမှာပါလို့ အဲ့ဒါလေးပဲ ပြောချင်တာပါ။
#ဒေါက်တာလှဝင်းအောင် #အိမ်နဲ့ခြံရောင်းမည် #အောက်ဆီဂျင်လှူမည် #ပြည်သူလူထုကိုလှူမည် #ရှေးဟောင်းပစ္စည်းများ #ကိုဗစ်၁၉ #တတိယလှိုင်း #မြန်မာနိုင်ငံ #CNImyanmar #cninews