CNI News
၂၀၂၀ ခုနှစ်၊ ဇူလိုင် ၁၈ ရက်


လာမယ့် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကိုဗစ် စည်းမျဉ်း စည်းကမ်း တွေနဲ့အညီ ကျင်းပသွားဖို့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ပြင်ဆင်နေသလို အာဇာနည် ခေါင်း ဆောင်ကြီးများရဲ့မိသားစု ဝင် တွေလည်း အခမ်းအနား တက်ရောက်ဖို့ ဖိတ်စာတွေ လက်ခံရရှိထားတယ်လို့ ဆိုကြပါတယ်။


တစ်ဖက်မှာလည်း ကိုဗစ်-၁၉ တတိယလှိုင်းကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင် ကျော်ဖြတ်နေကြရသလို နိုင်ငံရေး မတည်မငြိမ် မှုတွေကလည်း ဖြစ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ရဲဘော်ကိုထွေးရဲ့ တူဖြစ်သူ ဦးအောင်ကိုကို အား CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။


မေး ။      ။ မင်္ဂလာပါ ဆရာ၊လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပမယ်လို့ သိရပါတယ်။ ဆိုတော့ ဆရာ့အနေနဲ့ အာဇာနည်နေ့ အခမ်းအနား အတွက် ဖိတ်စာ လက်ခံရရှိထားပါသလားရှင့်။


ဖြေ ။      ။ ဖိတ်စာရပါပြီ။ ဖိတ်စာကတော့ ခါတိုင်းလိုပါပဲ ၁၉ ရက်နေ့ မနက် ၇ နာရီ ၁၀မိနစ်အရောက်လာဖို့ ပါပဲ။


မေး ။      ။ ဒါဆို ဆရာ့အနေနဲ့ရော တက်ရောက်သွားဖို့ ရှိပါသလားရှင့်။


ဖြေ ။      ။ အန်ကယ်ကတော့ ကျန်းမာရေးအရ ကျန်းမာရေး အခြေအနေေ ကာင်းတယ်ဆိုရင်တော့ တက်မယ်။ မကောင်းရင်တော့ မတက်နိုင်ဘူးပေါ့ မသေချာသေးဘူး။


မေး ။      ။ အခုကာလက ကိုဗစ်ကလည်း ဆိုးရွားနေတယ်။ ပြီးတော့ နိုင်ငံရေး အခြေအနေကလည်း မတည်ငြိမ်ဘူး ဖြစ်နေတော့ အခုကာလမှာလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားနဲ့ပတ်သက်ပြီး ဘာများ ပြောချင်တာ ရှိပါသလဲရှင့်။


ဖြေ ။      ။ အာဇာနည်နေ့ အခမ်းအနားဆိုတာကလည်း တိုင်းပြည်တပြည်အတွက်တော့ မဖြစ်မနေလုပ်ရမယ့် အခမ်း အနားတွေထဲမှာ တစ်ခု အပါအဝင်ပေါ့လေ။ အလားတူပဲ ကိုဗစ်ကလည်း အခြေအနေက ဆိုးတော့ ဆိုးနေတာပေါ့။ အဲတော့ ဒီဆိုးနေတဲ့ ကြားမှာတော့ အကန့်အသတ်တွေနဲ့ ဒီကိုဗစ် စည်းမျဉ်းတွေနဲ့ လုပ်သွားမယ်လို့တော့ ပြောထား တယ်လေ။ ပြောထားတော့ အဲအတိုင်း လုပ်သွားတာတော့ အဆိုးမမြင်ပါဘူး။

ပုံ-အာဇာနည်ခေါင်းဆောင် ရဲဘော်ကိုထွေး မိသားစုကိုတွေ့ရစဉ်(ဉီးအောင်ကိုကို-fb)


မေး ။      ။ ဆရာ့အနေနဲ့ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လို မြင်မိလဲ၊ ဆရာ့အနေနဲ့ သုံးသပ် ပြောပြပေးပါဦး။


ဖြေ ။      ။ လက်ရှိ အခြေအနေကတော့ ပြောရမယ်ဆိုရင် ဒီလွတ်လပ်ရေး ရပြီးတဲ့ကာလမှာ အဆိုးဆုံးကာလ တစ်ခုလို့ ပြောလို့ရတာပေါ့လေ။ ဆိုလိုတာက ဒီလွတ်လပ်ရေး ရပြီးကာစမှာ လက်နက်ကိုင်တွေ တောခိုပြီးတော့ တိုက်ကြခိုက်ကြတဲ့ အချိန်က တစ်မျိုးပေါ့။ အဲချိန်တုန်းကတော့ ရန်ကုန်မြို့ကြီးကလွဲရင် ကျန်တာတွေ ရန်ကုန်အစိုးရလို့တောင် ဖြစ်သွားတယ် ပေါ့နော်။ အဲနောက်ပိုင်းမှာတော့ အခု ဒီအချိန်က အတော်လေးဆိုးတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ အမှန်တော့ ဒီအစိုးရ တစ်ရပ်က အခြေအနေတွေအရ အစိုးရ အပြောင်းအလဲဖြစ်ပြီးတဲ့ အခါမှာတော့ မကျေနပ်တဲ့ အဖွဲ့အစည်းတွေ ကနေပြီး တော့ ဒီလို လှုံ့ဆော်မှုတွေနဲ့ အခုလို မငြိမ်မသက်တွေ ဖြစ်လာတာပေါ့။ ဖြစ်လာတဲ့အခါမှာ ဒီအင်မတန် ဆိုးဝါးတဲ့ အခြေ အနေကို ဖန်တီးလာတာကို တွေ့ရပါတယ်။ ဆိုလိုတာက လူသတ်တယ်။ မီးရှို့တယ်။ ဖျက်လိုဖျက်ဆီးတွေလုပ်တယ်။ အမျိုးစုံဗုံးခွဲတယ် စသဖြင့် ဒီဟာတွေကတော့ မလုပ်သင့်တဲ့ အခြေအနေတွေလို့ပဲ ထင်ပါတယ်။


ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပေါ့။ တကယ်လို့ အစိုးရကို မကြိုက်လို့ရှိရင်လည်း အစိုးရကို ဆန့်ကျင် တိုက်ခိုက်တာ ဘယ်သူမှ တော့ အပြစ်မပြောပါဘူး။ ဒါပေမယ့် ပြည်သူလူထုကို တိုက်ခိုက် သတ်ဖြတ်နေကြတဲ့ ဥစ္စာကတော့ မလုပ်သင့် မလုပ်ထိုက် ဘူး၊ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် မလုပ်သင့်ဘူးလို့ ယူဆတယ်လေ။ အဲဒါကြောင့် ဒီကနေ့ အခြေအနေ ကတော့ အင်မတန် ဆိုးဝါးတဲ့ အခြေအနေလေး ဖြစ်ပါတယ်။


မေး ။     ။ လက်ရှိမြေပြင်မှာ ကိုဗစ်ကလည်း အရမ်းကိုဆိုးဝါးနေတယ်၊ သေဆုံးသူတွေများပြီး အောက်ဆီဂျင် ပြဿနာ တွေကလည်း ဖြစ်နေတော့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ပြည်သူတွေနဲ့ လက်ရှိ နကစနဲ့ ဘယ်လိုမျိုး ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ထင်လဲရှင့်။


ဖြေ ။     ။ အဲဒါကတော့ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အစိုးရတစ်ရပ်ကတော့ သူအားလုံးကိုတော့ ဖိတ်ခေါ်ထားပါတယ်။ ဖိတ်ခေါ်ထားတော့ ဒီပြည်သူလူထု ကနေပြီးတော့ ခုချိန်မှာက ဒီရောဂါက တစ်ကမ္ဘာလုံးပေါ့လေ မြန်မာနိုင်ငံအပါအဝင် အားလုံးကို နှိပ်စက်နေတာဆိုတဲ့ အခါကျတော့ အခုချိန်မှာ ရန်သူလို့ အစိုးရကို သဘောမထား ဘဲနဲ့ ပြည်သူလူထုကနေပြီးတော့ ပူးပေါင်းပါဝင်ပြီးတော့ အရင် ပထမလှိုင်း ဒုတိယလှိုင်းတုန်းကလိုပဲ သေချာ အင်တိုက်အား တိုက် ပါဝင်မယ်ဆိုရင်တော့ ဒီရောဂါကို တိုက်ဖျက်တဲ့ နေရာမှာ အဆင်ပြေမယ် ထိရောက်မယ်လို့ ထင်ပါတယ်။


ရောဂါကို တိုက်ဖျက်တယ်ဆိုတာမှာလည်း တစ်အချက်က ရောဂါမပြန့်ပွားအောင် လုပ်တဲ့အပိုင်းပေါ့နော်။ ရောဂါ မပြန့်ပွား အောင် လုပ်တယ်ဆိုတာက ဒီရောဂါက ပြန့်ပွားနှုန်းက အင်မတန်မြန်ပါတယ်။ အရင်ထက်ကို (၁၀)ဆလောက်မက မြန် တယ်။ ပြင်းထန်မှုကလည်း များတယ်ဆိုတဲ့အခါကျတော့ ဒီလိုထိတွေ့မှုတွေမရှိအောင် အတတ်နိုင်ဆုံး ပြည်သူ လူထု ကတော့ ကြိုးစားမှပဲဖြစ်မယ်လေ။ အစိုးရဘက်ကတော့ အခုလိုမျိုး (၉)ရက်တိတိ ရုံးပိတ်ရက် သတ်မှတ်ပေးလိုက်ပါပြီ။ ဟို ဖွင့်တဲ့ (၂)ရက်ကို တစ်ဆက်တည်း ဖြစ်အောင် ပေါ့။ အဲတော့ ပြည်သူလူထုအပိုင်းပေါ့နော်။ စားဝတ်နေရေးအတွက်ကို မဖြစ် မနေ လှုပ်ရှားရတဲ့ သူကလွဲရင်ပေါ့ အဲလိုလှုပ်ရှားတဲ့အခါမှာလည်း အကန့်အသတ်လေးနဲ့ ဈေးရောင်း တာဆိုလည်း စည်းကမ်းလေးနဲ့ ရောင်းဖို့ ပြုဖို့ပေါ့။


အခုဟာက ဒီရောဂါကို နှစ်ပတ်လောက်ထိန်းချုပ်နိုင်ရင် ရောဂါရဲ့သဘောသဘာဝအရ နှစ်ပတ်လောက် ထိန်းချုပ်နိုင်မယ် ဆိုလို့ရှိရင် ရောဂါက တော်ရုံတန်ရုံ ဟန့်တားသွား နိုင်မယ်ပေါ့လေ၊ အတိုင်းအတာ တစ်ခုအထိပေါ့၊ လုံးဝအမြစ်ပြတ်တယ် လို့တော့ ပြောလို့မရပါဘူး။ အတိုင်းအတာတစ်ခုထိကို ရောဂါတိုးပွားမှုက ကျဆင်းသွားမယ်လို့ အဲလို သုံးသပ်လို့ရပါတယ်။


အဲတော့ ပြည်သူလူထုပိုင်းကလည်း ခုနက တားဆီးတဲ့အပိုင်းက အဲလိုတပိုင်း။ နောက်တစ်ခါ ဒုတိယတပိုင်းက ဘာလဲဆို တော့ ဒီဖြစ်ပေါ်လာတဲ့ ရောဂါနဲ့ပတ်သက်ပြီးတော့ ကုသမှုအပိုင်းမှာ လူတိုင်းလူတိုင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ပေါ့၊ အဲဒါ ကူညီဖို့လိုတာပေါ့။ အင်အားအပြည့်နဲ့ ကူညီမယ်ဆိုလို့ရှိရင် အခုဖြစ်ပေါ်လာတဲ့ရောဂါက သိပ်ပြီးတော့ ဆိုးဆိုးရွားရွားကြီး ဖြစ်သွားမယ်လို့ မထင်ပါဘူး။ ဒီလိုမှမဟုတ်ပဲနဲ့ ခုနကလို ငါတို့အစိုးရမှ ငါတို့အစိုးရဆိုတာမျိုး လုပ်နေရင် ဆိုလိုတာက ငါတို့အစိုးရက ဘယ်မှာ ငါတို့အစိုးရက ဘယ်ဥစ္စာဆိုပြီး လုပ်နေမယ်ဆိုရင် ဒီမှာတော့ သေကြမှာပဲလေ။ အဲတော့ ကိုယ့် အစိုးရကို တမ်းတနေလို့ မဖြစ်ဘူးလေ။ ကိုယ့်အစိုးရ သူ့အစိုးရဆိုပြီး ခွဲခြားနေလို့မဖြစ်ဘူး။ အဲတော့ အရေးကြီး တာက တော့ စုပေါင်းပြီးတော့ ကာကွယ်သွားဖို့။

 

ပုံ-အာဇာနည်ခေါင်းဆောင်ရဲဘော်ကိုထွေးတူ ဦးအောင်ကိုကိုအား တွေ့ရစဉ်(ဉီးအောင်ကိုကို-fb)


မေး ။     ။ လက်ရှိ နိုင်ငံရေး အခြေအနေတည်ငြိမ်အောင် ပြည်သူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘယ်လို ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ထင်ပါသလဲ။


ဖြေ ။     ။ ပြည်သူလူထုဘက်က နည်းနည်း အမြင်မှန်သွားဖို့ လိုပါတယ်။ ပြည်သူလူထုဆိုတာ ၅၂ သန်းပေါ့နော်။ ၅၂ သန်းမှာ အချို့ချို့သော လူတွေရှိပါတယ်။ အမြင်မမှန်ဘဲနဲ့ အစိုးရကိုပဲ တိုက်ခိုက်နေတာမျိုး ခုနက ဦးပြောသလိုပဲ အရေး ကြီးတာက ကိုယ့်ရန်သူကို အခုချိန်မှာရှာပြီးတော့ တိုက်ရမှာ။ ခုချိန်မှာ ကိုယ့်ရန်သူက ဒီချိန်မှာ ကိုဗစ်ပဲ။ အဲတော့ ဒီဟာကို ရှာမတိုက်ပဲနဲ့ ငါတို့အချင်းချင်း တိုက်မယ်ဆိုပြီးတော့ အာဏာအတွက် ဘာအတွက် ညာအတွက် ဒီလို တိုက်နေမယ်ဆိုရင် တော့ ပြီးမှာမဟုတ်ဘူးလေ။


အစိုးရကတော့ ဒီတချို့တောင်မှ သိပ်မကျေမနပ်ဖြစ်ကြတာပေါ့၊ ၅၀၅ တို၊့ဘာတို့ စသဖြင့် ဒီထုတ်ထားတဲ့လူတွေကို ပြန်ပြီး တော့ လွတ်ငြိမ်းခွင့်ပေးတာတွေ၊ နောက် CDM လုပ်တဲ့လူတွေကို ပြန်ပြီးတော့ လျှော့ပေါ့ပြီးတော့ ဖိတ်ခေါ်တာတွေ ဒီလို တွေ လုပ်တယ်ဆိုတာက ဒါကတော့ အစိုးရဘက်ကနေ လျှော့ပေါ့ပေးတဲ့ဟာတွေပါ။ အစိုးရဘက်က လျှော့ပေါ့ပေးသလိုပဲ ဒီခုနက ဆန့်ကျင်နေတဲ့လူတွေလို့ပဲ သုံးတော့မယ်လေ။ အဲဆန့်ကျင်နေတဲ့ လူတွေကလည်း ပြန်ပြီးတော့ နည်းနည်း နားလည်မှု ရှိရှိနဲ့ သူတို့အပိုင်းကလည်း ပူးပေါင်းဖို့လိုပါတယ်။ အဲလိုလုပ်မယ်ဆိုရင်တော့ ခုနကပြောသလို ပြန်လည်ပြီး တော့ ပေါင်းစည်းဖို့ အများကြီး နီးစပ်သွားမှာဖြစ်ပါတယ်။

 

မေး ။     ။ ခုနကဆရာပြောခဲ့တယ်၊ လက်ရှိနိုင်ငံရေး အခြေအနေက ဆိုးရွားနေတယ်ဆိုပြီး။ ဘာကြောင့် အခုလိုမျိုး နိုင်ငံ ရေး အခြေအနေ ဆိုးရွားသွားတယ်လို့ ထင်လဲရှင့်။


ဖြေ ။     ။ ဘာကြောင့်လဲဆိုတော့ ပြောရရင်တော့ အများကြီး ကျယ်ပြန့်တယ်။ အများကြီးကျယ်ပြန့်တော့ ဘာကြောင့် ဆိုးလဲဆိုတော့ ပထမပိုင်းဖြစ်နေတဲ့ အခြေအနေက ၂၀၂၀ နှစ်ကုန်ပိုင်းပေါ့၊ နိုဝင်ဘာ၊     ဒီဇင်ဘာ အခြေအနေအရ ဆိုရင် တော့ နိုဝင်ဘာရွေးကောက်ပွဲမှာ အဲနောက်ပိုင်း ပြဿနာက အစိုးရကနေပြီးတော့ ဒီမဲနဲ့ပတ်သက်ပြီး မသမာဘူးလို့ တပ်မတော်နဲ့ နိုင်ငံရေးပါတီ တော်တော်များများ ကနေပြီးတော့ မြင်တယ် သုံးသပ်တယ်။ ပြည်သူလူထု တော်တော် များများကလည်း မမှန်ကန်ဘူးလို့ထင်တယ်။ ဦးတို့ ကိုယ်တိုင် လည်း ကြိုတင်မဲပေးတယ်။ ကြိုတင်မဲပေးတဲ့အခါမှာ ထုံးစံ အတိုင်း လက်သန်းမှင်တို့တာတို့ မှတ်သားခြင်းလည်း မရှိဘူး။ အဲထဲက ဦးတို့ကတော့ တစ်မျိုးထင်တယ်ပေါ့။


စည်းမျဉ်း တောင် မကိုက်ညီဘူးပေါ့။ အဲလိုမဲပေးမှုမှာ မသမာမှုတွေရှိတယ်လို့ မြင်လာတော့ နိုင်ငံရေးပါတီ အတော်များများ နဲ့ တပ်မတော်ကနေပြီးတော့ တောင်းဆိုတဲ့ဟာကို အစိုးရအနေနဲ့က လိုက်လျောမှု မရှိတဲ့အခါကျတော့ အခု ဒီအာဏာ ထိန်းတယ်ဆိုတဲ့ ပြဿနာက ဖြစ်လာတာပဲ။ ဖြစ်လာတော့ အဲထိန်းတယ်ဆိုတာမှာလည်း အကန့်အသတ် ရှိပါတယ်။ အာဏာသိမ်းတာ မဟုတ်ဘူး။  အာဏာသိမ်းတာဆိုရင်တော့ အကန့်အသတ်မရှိဘူးလေ။ (၁၀)နှစ်ကြာမလား၊အနှစ် (၂၀) ကြာမလား၊(၅)နှစ်ကြာမလား အဲဒါမသိဘူး။ အာဏာထိန်းတယ်ဆိုတာက ခုနက ၂နှစ်ထက် မပိုဘူး။ တကယ်လို့သာ ချော ချော မွေ့မွေ့ဖြစ်သွားရင် (၁)နှစ်နဲ့ပြတ်မယ်ပေါ့လေ။ မပြတ်ရင် အများဆုံး (၂)နှစ်ပဲပေါ့။

အဲကာလအတွင်းမှာ ဘာတွေလုပ်မ လဲ ဘယ်လိုဟိုဟာဖြစ်မလဲဆိုပြီး ချပြထားတာပဲလေ။ ဘာလုပ်မယ် ဘာလုပ်မယ်ဆိုပြီး။အဲလို ချပြတဲ့အခါမှာ တစ်ဖက်ကနေပြီးတော့ တစ်ဖက် ကဆိုတာ ခုနက အာဏာအထိန်းခံရတဲ့ အစိုးရကနေပြီးတော့ ဘယ်လိုတွေ ရှိလဲဆိုတာကတော့ ဒါအတွင်းလူတွေပဲ သိမှာပေါ့။ အဲဒီအခြေအနေတွေပေါ် မူတည်ပြီးတော့ အခု အခြေအနေဆိုရင် နိုင်ငံခြားမှာရောက်နေတဲ့ ဒီငွေတွေ နိုင်ငံခြားဘဏ်မှာသွင်းထားတဲ့ ငွေတွေကအစ ဒါနဂိုကြိုတင်ပြီး တော့ ဟိုဟာတွေများရှိလား၊ မရှိဘူးလားဆိုတာ ပြောရ တော့ ခက်တာပေါ့။ ဆိုတော့ အဲ့ဒီဟာတွေက ကြီးပွားလာပြီးတော့ ခုနက ဆန္ဒပြတာ ဒါလက်ခံပါတယ်။ ဒါတိုင်းပြည်တိုင်းမှာ လုပ်ကြတာပဲ။ ဒါပေမယ့် အကြမ်းဖက်လာတယ်ပေါ့။ အကြမ်း ဖက်လာတာမှာ အကြမ်းဖက်ရုံတင်မကဘူး ပြည်သူလူထုကိုပါ သတ်ဖြတ်နေတာပေါ့။ ပြည်သူလူထု အဆောက်အဦးတွေ ကို မိုင်းခွဲတယ်။ ပြည်သူလူထုပိုင် စက်ရုံတွေ မီးရှို့ဖျက်ဆီးတယ် စသဖြင့် အမျိုးမျိုး လုပ်လာတဲ့အခါကျတော့ ဒီအစိုးရက လည်း ပြန်ပြီးတော့ လက်နက်နဲ့အကြမ်းပြန်ပြီးတော့ ဖြေရှင်းပေးရတာတွေရှိတယ်။ အဲ့မှာ တဖြေးဖြေး နဲ့ အခြေအနေတွေက ဆိုးလာတာပဲ။ အဲတော့ အခြေအနေတွေက အဲလိုတွေကြောင့် ဆိုးလာတယ်လို့ပဲ မြင်ပါတယ်။


မေး ။     ။ ဆရာ့အနေနဲ့ တခြား ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးသလဲရှင့်။


ဖြေ ။     ။ အခုလို အခြေအနေမျိုးမှာ ရန်သူက ကိုယ့်အချင်းချင်းပေါ့လေ။ ကိုယ့်အချင်းချင်းဆိုတာ ဒီလို အစိုးရနဲ့ ခုန ဆန့်ကျင်နေတဲ့လူ သည်းကြီးမည်းကြီး တိုက်ခိုက်နေမယ့် အစား အခုလို ကိုဗစ်တွေပြင်းထန်နေတဲ့ အခြေအနေမျိုးမှာ ထိတာနဲ့ကူးတယ်၊ နီးစပ်တာနဲ့ကူးတယ်ဆိုတဲ့ အခြေအနေမျိုးမှာ ဆန္ဒပြပွဲကြီးတွေလုပ်ပြီးတော့ လုပ်နေတာမျိုးတို့ အဲလို တွေ လုပ်နေမယ့်အစား ကိုယ့်အချင်းချင်းကို ဒါတိုင်းသူပြည်သား အတူတူပဲလေ။ ပြည်သူလူထု အချင်းချင်းပဲ။ တိုင်းရင်း သားအချင်းချင်းပဲ ပေါင်းစည်းပြီးတော့ ဒီရောဂါကို တွန်းလှန်ဖို့တော့လိုတယ်။ ရောဂါတွန်းလှန်ပြီးတော့ အခု အစိုးရကနေ ပြောတဲ့အတိုင်း မဖြစ်ဘူးဆိုတော့မှ ထပြီးတော့ သောင်းကျန်းပေါ့လေ။ အဲ့လိုပဲ ပြောချင်ပါတယ်။ အခု ဒီကာလမှာတော့ အားလုံး လက်တွဲပြီးတော့ ရောဂါကို တွန်းလှန်တိုက်ဖျက်ဖို့ လုပ်သင့်တယ်လို့ပဲ မြင်ပါတယ်။


#ရဲဘော်ကိုထွေး #မိသားစု #ဦးအောင်ကိုကို #အာဇာနည်နေ့ #ကိုဗစ်၁၉ #နိုင်ငံရေး #ပူးပေါင်းဆောင်ရွက်သင့် #တပ်မတော် #ပြည်သူလူထု #CNImyanmar #cninews