CNI News

၂၀‌၂၁ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းရဲ့ ရိုက်ခက်မှုကို အလူးအလဲ ခံစားနေရပြီး ပြည်သူတွေရဲ့ ကြားမှာ လည်း ကိုဗစ်-၁၉ ကို ကာကွယ်တဲ့နေရာမှာ  ကြက်ဥ စားသုံးခြင်းက ခန္ဓာကိုယ်ခုခံအား ကောင်းမွန်စေတယ်ဆိုတဲ့ ထင်မြင်ယူ ဆ ချက်တွေကြောင့် ဈေးကွက်အတွင်း ကြက်ဥအများအပြား ဝယ်ယူမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒါကြောင့် ဈေးကွက်ရဲ့ ဝယ်လိုအားကို ထုတ်လုပ်မှုက မလိုက်နိုင်ဘဲ ဈေးနှုန်းတွေ မြင့်တက်နေတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဈေးကွက် လိုအပ်ချက်၊ ‌ကြက်ဥ ဈေးနှုန်း တွေ ဘာတွေ ဆက်ဖြစ်နိုင်သလဲ၊ ကြက်ဥ ထုတ်လုပ်မှု အခြေအနေ ကရော ဘယ်လိုရှိလဲ ဒါတွေနဲ့ ပတ်သက်ပြီး ကြက်/ဘဲ မွေးမြူထုတ်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသိန်းမြင့်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။     ။ လက်ရှိပြည်တွင်းမှာ ကြက်ဥဈေးတွေ အရမ်းမြင့်တက်နေတော့ ဈေးကွက် အခြေအနေနဲ့ ထုတ်လုပ်မှု အခြေအနေ ဘယ်လိုမျိုးရှိလဲရှင့်။

ဖြေ ။      ။ ထုတ်လုပ်မှု နည်းသွားတာကတော့ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ပိုင်းမှာက ကျနော်တို့ ဈေးကွက်က ရောင်း လို့တောင် မကုန်ဘူးပေါ့နော်။ နယ်တွေမှာ ဆိုရင်လည်း သွားရေးလာရေး ခက်ခဲလို့ သွားလို့တောင် မကုန်ဘူးဖြစ်တော့ လူတွေ တော်တော်များများက ကြက်တွေကို မမွေးတော့ဘဲနဲ့ ကြက်တွေကို ဥတုံးသွားတယ်ဆိုရင် ကြက်တွေကို ထပ်ပြီးတော့ မထည့် တော့ဘူး။ ကြက်တွေကို ထပ်မွေးဖို့ နောက်ဆက်တွဲ ပြင်ဆင်ထားတာ မရှိဘူး။ ဒါကြောင့် ထုတ်လုပ်မှုက နည်းသွား တာလည်း ပါတယ်။

မေး ။     ။ လက်ရှိဈေးနှုန်းတွေ မြင့်တက်နေတာက ဘယ်လို အကြောင်းအချက်ကြောင့်လဲရှင့်။

ဖြေ ။      ။ ဈေးနှုန်းတွေ မြင့်တက်နေတာက ကိုဗစ်တွေ ဖြစ်တော့ စိုးရိမ်စိတ်နဲ့ပဲ ဝယ်ကြတာတွေ နောက်ပြီးတော့ တစ်ချို့ နေရာမှာ လှူချင်လို့ ဆိုပြီးတော့ ဝယ်ကြတယ်။ ဝယ်လိုအားက အရမ်းကောင်းနေတော့ ရောင်းလိုအားက မလောက်မငှတွေ ဖြစ်ကုန်တာ။ ပုံမှန်ကတော့ ထွက်လာတာတော့ နည်းတာလည်း အမှန်ပဲ။ လူတွေရဲ့ စိုးရိမ်ထိတ်လန့် မှုတွေကြောင့် အဲ့ဒါတွေပို ပြီးတော့ ဝယ်ကြတာတွေ၊ ပိုပြီးတော့ လှောင်ထားကြတာတွေလားတော့ မသိပါဘူးဗျာ။ အဲ့လိုတွေ ဖြစ်ကုန်တာ။

နည်းတဲ့အချိန်နဲ့ သွားဆုံတာရယ် သူတို့ဘက်က စိုးရိမ်ပြီးတော့ တအား ဝယ်လိုအားမြင့်တဲ့ အပေါ်မှာလည်း ဈေးကွက်ပျက် သလောက် နီးပါး ဖြစ်သွားတာပေါ့။ နေ့စဥ် ကြက်ဥတွေ ကတော့ ထွက်နေတာတော့ ထွက်တာပဲ၊ ဒါပေသိ ဝယ်လိုအားနဲ့ ရောင်းလိုအားက မမျှဘူးဖြစ်နေတာ။ ကြက်က ထပ်မွေးတဲ့သူကလည်း နည်းသွားတာ ပါတယ်။ နောက်ပြီး ဈေးကွက်က ရှေ့ပိုင်းမှာလည်း တော်တော်လေး ယောင်ယှက်ခတ်သွားတာပါတယ်။

အဲဒီတော့ မွေးတဲ့သူတွေ စိတ်ပျက်ပြီးတော့ ကြက်ဥဈေးကမတက်၊ အစာဈေးတွေမြင့်တော့ မမွေးကြပဲနဲ့ သိမ်းကြတာတွေ၊ တစ်ချို့တွေ ခြံကြီးပဲထားတာတွေ၊ ခြံပါရောင်းမယ် ဆိုတာတွေ ဖြစ်ကုန်တာပေါ့။ ကျတုန်းက မတရားကျတာကို။ အဲဒီတော့ မွေးမြူတဲ့ လူတွေက စိတ်ပျက်ပြီးတော့ ထပ်မမွေးတော့ဘူးပေါ့နော်။ အဲဒီတော့ ထုတ်လုပ်မှုက နည်းသွား တာ။ အခု ကြက်ဥ ဖြစ်ပြီးရင် ကြက်သားလည်း လာအုံးမှာ မွေးတဲ့သူတွေက စိတ်ပျက်နေတယ်။

ကြက်သားဈေးက တစ်ပိဿမှ ၂၄၀၀ ကျပ်လောက်ပဲ ရှိတယ်။ အရင်းတင် ၃၄၀၀ ကျပ်ရှိတဲ့ ပစ္စည်းက ၂၄၀၀ ကျပ်လောက်နဲ့ ရောင်းနေတာဆိုတော့ အခုဆိုရင် ကျနော်တို့ ကြက်သားပေါက် ထုတ်လုပ်ထားတာပေါ့။ အခုဆိုရင် ဒါတွေက ရောင်းမထွက် ဘူး။ ကြက်ပေါက်လေးတွေ ပိုနေလို့တောင် သတ်ပစ်နေရတယ်ဗျာ။ တစ်ကောင်ကို ၁၀၀ ကျပ်နဲ့ ရောင်းလို့ရောင်း၊ ၁၅၀ ကျပ်နဲ့ ရောင်းလို့ရောင်း အဲလိုတွေနဲ့ မွေးမယ့်သူမရှိလို့ ရောင်းနေရတယ်။ ထွက်လာတဲ့အချိန်ကျတော့လည်း ကြက်သားက ဈေး မကောင်းဘူးဆိုတော့လေ။ ကြက်သားက ဈေးကွက်ထဲမှာ ကျပ် ၁ သောင်းလောက် ရှိတယ်ပြောတာ။ ကျနော်တို့ ခြံမှာ လာ ဝယ်တဲ့ ဈေးနူန်းက ကျပ် ၂၄၀၀၊ ၂၅၀၀ ကျပ်ဆိုတာ အလွန်ဆုံးပဲ။ ဒါကြောင့် မွေးတဲ့သူတွေ အကုန်လုံးပဲ စိတ်ပျက်ပြီးတော့ လျှော့ကြပြီ။ ကျနော်စိတ်ထင် နောက် ရက်ပေါင်း ၆၀ လောက်ကြာရင်တော့ ကြက်သားဈေးလည်း ကမောက်ကမ ဖြစ်အုံးမလား မသိဘူးဗျ။

အဓိကတော့ အဲဒီဟာပါပဲ ဈေးကွက်ကတော့ ငါးပွက်တဲ့နေရာ ငါးစာချသလိုပါပဲ။ အခုလိုဖြစ်ရင်တော့ ကြက်မွေးတဲ့သူက နည်းနည်း စိတ်ပြန်ဝင်စား လာမှာပဲ။ အဲလိုဖြစ်ရင်တော့ ဥစားကြက် တစ်ကောင်မွေးဖို့အတွက်က အနည်းဆုံး မရှိဘူးဆိုရင် ရက်သတ္တာပတ် ၂၀ လောက်မှ ဥကစရတာဆိုတော့ လနဲ့တွက်ရင်တောင် (၅)လလောက်မှ ကြက်ဥ ပြန်ရမှာ။ ချက်ချင်း ထည့်လို့ ချက်ချင်း ကြက်ဥရတဲ့ ကြက်မျိုးတွေ မဟုတ်ဘူးဆိုတော့ ဒီအတိုင်းဆိုရင် ရက်နည်းနည်းရှည်အုံးမှာ။ ကြက်ဥ ရှားတဲ့ပြဿနာက နည်းနည်းလေး ရက်ပိုရှည် အုံးမယ် ထင်တယ်ဗျ။

 

 

မေး ။     ။ အဲဒါဆိုရင် ဈေးကွက်မှာ ဈေးတွေ ထပ်ပြီးတော့ မြင့်တက်မှု ရှိနေအုံးမှာပေါ့နော်။

ဖြေ ။      ။ ဟုတ်တယ်။ ကျနော်တို့ ဈေးကွက်ထဲမှာ လက်ရှိ ဖြန့်နေတာက ခြံကို ဝယ်ရင်းဈေး ၁ ပိဿကို ကျပ် ၃၂၅၀ ဝယ်ရ တယ်။ အဲဒီ ၁ ပိဿမှာ ပျမ်းမျှကြေး ကြက်ဥ ၂၆ လုံး၊ ၂၇ လုံး ရှိပါတယ်။ ပျမ်းမျှ ၂၆ လုံးခွဲနှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် ၁၆၂ ကျပ်နဲ့ ၂၄ ပြား ဝယ်ရင်းဈေးရှိတယ်။ ဒါက ခြံထဲမှာ သွားဝယ်တဲ့ဈေး ဖြစ်တယ်။ အဲဒီမှာမှ သယ်ယူစရိတ် ကားခရှိတယ်။ အလေအလွင့်ရှိတယ်။ ကွဲတာရှိတယ်။ အရင်းတင် မရှိဘူးဆိုရင် ကျပ် ၁၃၀ ဝန်းကျင်‌လောက်ရှိတယ်။ အဲဒီလောက် မြတ်လား ဆိုရင် ကျနော်တို့လည်း မမြတ်ဘူး။ အခု ဘာဖြစ်နေလည်း ဆိုရင် တစ်ဆင့်ပြန်ရောင်းစားတဲ့သူက မတရားမြတ်နေတယ်။

ကျနော်တို့က စျေးထိန်းပြီးတော့ ဒါ ၃၂၀၀ ကျပ် ဈေးဖွင့်ပြီးဝယ်တယ်။ တစ်လုံးပေါ်မှာ အားလုံးအရင်း ကျပ် ၁၃၀ ဝန်းကျင် လောက်ရှိတယ်။ ကျနော်တို့က ဗူးတွေနဲ့ ထည့်ရောင်း တော့ ဆယ်လုံးကတ် တစ်ကတ်ဆိုတော့ တစ်လုံးကို အဲပေါ်မှာက တစ် ကျပ် ဝန်းကျင်က ထုပ်ပိုးမှု ကြသေးတယ်။ အခုလက်ရှိ City Mart တွေမှာရောင်းတာက တစ်လုံးကို ၁၃၀ ကျပ်ဝန်းကျင်ပဲ ရှိ သေးတယ်။ ဆယ်လုံး ကျပ် ၁၃၀၀ ပေါ့။ ဒီပေါ်မှာ ကျနော်တို့ ပို့နေတာက ရှုံးတာပဲ။ ဒီနေ့မှာမှ ကျနော်တို့က  City Mart ကို ဒီဈေးတွေနဲ့ မပို့နိုင်တော့ဘူး။ ဈေးနှုန်းတွေ မြှင့်မှရမယ်ဆိုပြီး တောင်းဆိုထားတယ်။ အခုနော်တို့ ကြားတယ်။ အပြင် ကြက်ဥ တစ်လုံးကို ကျပ် ၁၆၀၊ ၁၇၀ ကျပ်အထိ ရောင်းနေတာကြားတယ်။ ဒါကို မှန်းကြည့် နေတာပေါ့။ ဒီအတိုင်းသာ ဆက်သွားရင် တော့ ကြက်ဥ တစ်လုံးကို ၂၀၀ ကျပ်လောက်အထိ ရောင်းလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။

လူတွေကလည်းဗျာ တစ်အားကြီး ဘာကို စိုးရိမ်လည်းဆိုတော့ ကြက်ဥတွေ ဝယ်လို့မရတော့ဘူး။ အထိတ်တလန့် မဟုတ်တဲ့ သတင်းတွေ လျှောက်ပြောတယ်ဗျာ။ လူတွေရဲ့ ထင်မြင်ချက်နဲ့ လျှောက်ပြောနေတာက အများကြီး။ အမှန်အဓိကတော့ ထုတ်လုပ်မှု လျော့နေတဲ့ သဘောပါ။ အရင်က ဈေးတွေ ကျတော့ မွေးမြူသူတွေ ရှုံးတော့ မမွေးနိုင်လို့ ခြံတွေကို ဒီအတိုင်း ထားပြီး မမွေးပဲနဲ့ အခုကျမှ ထုတ်လုပ်မှုက နည်းသွားတဲ့အတွက်ကြောင့် ဖြစ်တာပါ။

မေး ။     ။ စားသုံးသူတွေကို ဘာများ သတင်းစကား ပါးချင်သလဲရှင့်။

ဖြေ ။      ။ စားသုံးသူတွေအနေနဲ့ လိုသလောက်ပဲ ဝယ်စေချင်တယ်။ စိုးရိမ်စိတ်နဲ့ တစ်အားကြီးကို ဝယ်ထားမယ်ဆိုရင် ကြက်ဥဆိုတာ ပုပ်တဲ့မျိုးဖြစ်တယ်။ အချိန်တန် ရက်ကြာ သွားရင် ပုပ်မှာပဲ။ လက်ဆတ်မှုက ရှိမှာမဟုတ်ဘူး။ အဲဒါကြောင့် စားသုံးသူတွေက လိုအပ်သလောက်ပဲ ဝယ်သင့်တယ်။ ကြက်ဥကတော့ ပုံမှန် ထွက်နေမှာပဲ။ ဒါပေမယ့် စိုးရိမ် စိတ်နဲ့ ဝယ်မယ် ဆိုရင် ခါတိုင်း တစ်ဗူးဝယ်မယ့်သူက နှစ်ဗူးဝယ်မယ်၊ သုံးဗူးဝယ်မယ် ဒီလိုမျိုးဆိုတော့ အခုက ထုတ်လုပ်မှုနည်းတဲ့အချိန် စိုးရိမ်စိတ်နဲ့ ပိုဝယ်တဲ့ဟာက ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်မယ်။ ကြက်ဥလည်း လတ်ဆတ်မှု မရှိဘူးပေါ့နော်။ ဒါကြောင့် စိုးရိမ်စိတ် တစ်အားမထားပါနဲ့လို့ မှာချင်ပါတယ်။

အခုဈေးကောင်းလာပြီဆိုတော့ မွေးမြူတဲ့သူတွေ ပြန်ပြီးတော့ ကြက်တွေ ပြန်ဝယ်ထည့်တော့မှာပါ။ ဒါကြောင့် တစ်အား ကြီးတော့ မစိုးရိမ်ပါနဲ့ ကြက်ဥကတော့ နေ့စဥ် ထွက်နေ တာပါ။ ပိုလျှံနေအောင်တော့ မထွက်ဘူးပေါ့နော်။ အရင်ရက်ပိုင်းက ဘာကြောင့် ကြက်ဥဈေးတွေ ကျလဲဆိုတော့ စားသောက်ကုန်လုပ်ငန်းအားလုံးက ရပ်တန့်နီးပါး ဖြစ်သွားတယ်။ ဟိုတယ်တွေ၊ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေ အကုန်ရပ်သွားတာလေ။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကြက်ဥ သုံးစွဲတဲ့သူ နည်းတော့ ဈေးမကောင်းဘူးဗျ။ ဒီတော့ မွေးတဲ့သူတွေရှုံးတယ်။ ရှုံးတော့ မမွေးနိုင်တော့ဘူး။ ဒါကြောင့် ထုတ်လုပ်မှုတွေက ကျဆင်းသွားတယ်။ အခု အဲဒီရဲ့ ဒုက္ခက ဒီမှာလာပြီးတော့ ဈေးကွက်မှာ လိုအပ်သလောက် ထုတ်လုပ်မှုက မပေးနိုင်ဘူး ဖြစ်သွားတာပါ။ အဲဒီတော့ သိပ်ပြီးတော့ မစိုးရိမ်ပါနဲ့ ကြက်ဥက ပုံမှန်ထွက်နေတာပါ။ နောက်ဆယ်ရက်၊ နှစ်ပတ်လောက်ဆို ရင်လည်း မွေးတဲ့သူ တွေက ကြက်ဥကို ပြန်ပြီးတော့ ထည့်ကြတော့မှာပါ။

မေး ။     ။ တစ်ခြား ဘာများ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသေးလားရှင့်။

ဖြေ ။      ။ မရှိပါဘူးခင်ဗျ။ တစ်အားကြီးတော့ မစိုးရိမ်ကြပါနဲ့လို့ ကြက်ဥက ပုံမှန်ပြန်ထွက်လာမှာပါ။

 

#ဦးသိန်းမြင့်

#ကြက်/ဘဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်း

#ကြက်ဉ

#ဈေးနှုန်းတက်

#စိုးရိမ်လွန်

#ကြက်သားဈေး

#ကျန်းမာရေး

#ကိုဗစ်၁၉

#သတင်းအမှားလွင့်