CNI News
၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၂
မန္တလေးမြို့မှာ အောက်ဆီဂျင် အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့အတွက် Oxygen Plant ဝယ်ယူဖို့ စီစဉ်နေပါတယ်။
မန္တလေးမြို့ ပြည်သူတွေအတွက် ကိုရဲသူရက ဦးဆောင် အလှူငွေ မတည်ပြီး တော့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါ တယ်။ Oxygen Plant ရောက်ရှိလာရင် အောက်ဆီဂျင် တစ်နေ့ကို ၄၀ လီတာအိုး အလုံး ၈၀ ခန့်အထိ ထုတ်လုပ် ပေးနိုင် မှာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုရဲသူရကတော့ ကိုဗစ်လူနာတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်မှာ ပရဟိတ အဖွဲ့တွေကို အောက်ဆီဂျင် အလှူပြု ပေးတာတွေကို ဆောင်ရွက်နေသလို မိဘနှစ်ပါးကလည်း ကိုဗစ် Positive ဖြစ်နေတာကြောင့် ကိုယ်တိုင် ပြုစု စောင့်ရှောက်ပေးနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။
ဒါကြောင့် မန္တလေးမြို့ရဲ့ လတ်တလော ကိုဗစ် တတိယလှိုင်းမှာ ရင်ဆိုင်ဖြေရှင်း နေရတဲ့ အခြေအနေ၊ ဆေးရုံ တွေမှာ အောက်ဆီဂျင် လုံလောက်မှုမရှိတဲ့ အခြေ အနေ၊ အိမ်မှာ ကုသဖို့အတွက် အောက်ဆီဂျင် ဆောင်ထားဖို့ လိုအပ်တဲ့ အခြေ အနေတွေနဲ့ပတ်သက်ပြီး CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ Oxygen Plant ဝယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီ အခြေ အနေလေးကို အရင်ဆုံးပြောပြပါ။
ဖြေ ။ ။ လောလောဆယ်အလှူငွေနဲ့ ကျွန်တော်တို့ မတည်ထားတာ နဲ့ဆိုရင် ၅၀၅ သိန်း ကျော်ကျော် ရထားပါတယ်။ ဒီရက်ပိုင်းအတွင်းကို အဓိက အောက်ဆီဂျင် လုံလုံလောက်လောက် မရတဲ့အတွက် သေဆုံး သွားတဲ့သူတွေ ကျနော့် မိတ်ဆွေတွေထဲမှာဆို ၁၅ ယောက်လောက်ရှိတယ်။
ဆိုရှယ်မီဒီယာကဆိုရင်တော့ အများကြီးပဲပေါ့။ Newsfeed အပေါ်ဆုံးကနေ အောက်ဆုံးအထိ ဒါတွေပဲ တက်နေတယ်။ ကျနော့်အိမ်မှာလည်း အဖေရော၊ အမေရော ကိုဗစ် Positive ထိထားတာဆိုတော့။ ကျနော်တို့မှာ ကျတော့ Concentrator တွေ ဘာတွေရှိတော့ အဆင်ပြေတယ်။
တခြား မတက်နိုင်တဲ့သူတွေဆို အများကြီး။ အသက်တွေက အများကြီးပါသွား မှာ ဆိုတော့လေ။ အဲဒီတော့ ညီအစ်ကိုတွေ တိုင်ပင်ပြီးတော့ တတ်နိုင်တဲ့ ဘက်က မတည်ပြီး လှူပေးမယ်ဆိုပြီးပေါ့။ ရှေ့ရက်တွေကတော့ ကြည့်သေး တယ်။ ဘယ်သူ မတည်ပြီးလုပ်မလဲပေါ့။ လုပ်မယ့်သူက သိပ်မရှိတဲ့အတွက် ကျနော်တို့ပဲ ဦးဆောင်ပြီး လုပ်ဖြစ်သွားတာပေါ့။
မေး ။ ။ ကိုရဲသူရတို့ ဝယ်ဖို့ စီစဉ်ထားတဲ့ Oxygen Plant က တစ်နေ့ကို အောက်ဆီဂျင် ဘယ်လောက်လောက် ထုတ်ပေးနိုင်တဲ့ စက်မျိုးလဲ။
ဖြေ ။ ။ အောက်ဆီဂျင်အိုး အကြီးဆုံးပေါ့နော် ၄၀ လီတာဆိုရင်တော့ အလုံးရေ ၈၀ ထုတ်ပေး နိုင်တယ်လို့ သိထားပါတယ်။
မေး ။ ။ ကိုရဲသူရက မန္တလေးကဆိုတော့ မန္တလေးမြို့ရဲ့ အခြေအနေလေး လည်း ပြောပြပေးပါဦး။ ကိုဗစ် ကြောင့် အောက်ဆီဂျင် လိုအပ်ချက်က ဘယ်လောက်မြင့်တက်နေလဲ။
ဖြေ ။ ။ မန္တလေးရဲ့ အခြေအနေကတော့ ပြောမယ်ဆိုရင် ရပ်ကွက်တစ်ခုစီ က အိမ်တိုင်း တော်တော် များများမှာ ဖျားနေတယ်၊ နာနေတယ် ကိုဗစ်ရောဂါ ဖြစ် နေကြတယ်။ တတ်နိုင်တဲ့သူကတော့ တတ်နိုင်သလို Concentrator ၁၀ လီတာ တို့ ၊ ၅ လီတာတို့နဲ့သွားနေတယ်။
ဒါပေမယ့် ရောဂါအရမ်းဆိုးရင် အဲဒါတွေလည်း မနိုင်ဘူး။ အောက်ဆီဂျင်အိုးက လိုကိုလိုတယ်။ အောက်ဆီဂျင်အိုးရော Concentrator ရော နှစ်ခုတွဲပြီး ပေးထားရတဲ့ အခြေအနေပေါ့။
ကျနော်က ကိုယ်တိုင်လည်း ကြုံနေရတော့ တော်တော်များများလည်း ကူညီ ပေးနေရတော့ အခြေအနေ တွေကို သိတယ်။ အောက်ဆီဂျင်အိုးက ဘယ် လောက် လိုအပ်နေလဲဆိုတော့ မလောက်ဘူးပေါ့ဗျာ။ စက်ရုံတွေမှာ ဆိုရင် လည်း မနက် ၄ နာရီ လော့ဒေါင်းဖွင့် ကတည်းက သွားပြီးတန်းစီတယ်။
နေ့လည် ၁၁ နာရီလောက်မှ ရတယ်။ အိုးဖြည့်တာနဲ့ဘာနဲ့ဆို နေ့လည် ၂ နာရီ ၃ နာရီလောက်မှ ရတယ်။ တကယ်လိုနေတဲ့သူဆိုရင် အောက်ဆီဂျင် ကျနေတဲ့သူ က ၄၀ လီတာအိုးဆိုရင် ၆ နာရီလောက်ထိပဲ အသုံးခံ တယ်။ ဘယ်လိုမှ လိုအပ် ချက်နဲ့ ရနေတဲ့ဟာနဲ့က အဆင်မပြေဘူး။
ဆေးရုံတွေမှာလည်း ဘာမှ မပေးနိုင်ဘူး။ ဆေးရုံသွားတက်တယ်ဆိုရင်လည်း ဆေးရုံမှာ အောက်ဆီဂျင် အိုး မရှိဘူးဆိုပြီး ပြောတယ်။ အောက်ဆီဂျင်အိုးတော့ အပြင်က ရှာဆိုပြီး အဲဒီလိုပြောတယ်။ ဆေးရုံမှာ လက်ခံ ကုပေးမယ်ဆိုရင် တောင် အောက်ဆီဂျင်အိုးကို ရှာခိုင်းတယ်။
ဒါ ကျနော်ကိုယ်တိုင် ကူညီပေးနေလို့ သိရတာ။ အဲဒီတော့ ဆေးရုံတွေမှာတောင် မလုံလောက်ဘူးဆို တော့ ကျနောတို့ ဆေးရုံဖို့သွားမယ်ဆိုလည်း ယုံကြည်မှု မရှိဘူးပေါ့ဗျာ။ကျနော့် အသိုင်းအဝိုင်း တော်တော် များများ အယောက် ၁၀၀ လောက်ရှိတယ်။ Positive ဖြစ်နေတယ်။ သူတို့လည်း ဆေးရုံမတက်ဘူး။ အိမ်မှာပဲ ခေါ်ကု တယ်။ တတ်နိုင်သလောက် အောက်ဆီဂျင် ရအောင်ရှာကြ တယ်။ အဲဒီတော့ Oxygen Plant ကို ဝယ်ဖို့ အတွက် စီစဉ်ဖြစ်သွားတာ ပေါ့။
မေး ။ ။ အစ်ကိုပြောသလို အခုအခြေအနေက အိမ်မှာနေပြီး ကုသနေ ကြတာများတာဆိုတော့ အိမ်မှာပဲ ကုသနေကြသူတွေအတွက် အကြုံပြု ပြောကြားပေးပါဦး။ Positive ဖြစ်နေတဲ့ အစ်ကို့ရဲ့ မိဘနှစ်ပါးကိုလည်း ကိုယ်တိုင် ပြုစုပေးနေရတာဆိုတော့လေ အစ်ကို့ရဲက အတွေ့အကြုံကိုလည်း မျှဝေပေးပါ။
ဖြေ ။ ။ ကိုဗစ်က ၁၄ ရက်အတွင်းမှာတော့ တော်တော်ခံရတယ်ဆိုတဲ့ သဘောမျိုုးဖြစ်နေတယ်။ ၅ ရက်နဲ့ ၇ ရက်ကြားဆိုရင် ရောဂါ လက္ခဏာ ပြလာပြီးတော့ တော်တော်ဒုက္ခပေးတယ်။ ၁၄ ရက်ကျော်လာရင် တော့ သက်သာလာတာများတယ်။
ရောဂါ အခံမရှိဘူးဆိုရင်ပေါ့။ ဆေးရုံသွားရင် ဘယ်ဆေးရုံမှာတော့ ကြိုတင်ငွေ ဘယ်လောက်သွင်း ရတယ်ဆိုတာမျိုးတွေက ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းတွေ အတွက်က ဘာမှ မဟုတ်ပေမယ့် ဥပမာဗျာ ဆေးရုံ တစ်ခုက စပေါ်ငွေ သိန်း ၆၀ ပေးမှ လက်ခံမယ်ဆိုတာမျိုးရှိတယ်။ ဒါမနေ့က ကျနော်ကိုယ်တိုင် ကြုံခဲ့တဲ့ ဟာ။ သူများစကားနဲ့မဟုတ်ဘူး။ သေတာရှင်တာ ကုတာမကုတာနောက်မှ။ စပေါ်အရင်ပေးရတယ်။ အဲလိုမျိုးတွေ ရှိတယ်ဆိုတော့ အခုချိန် အခုကာလက မတတ်နိုင်တဲ့သူတွေများတယ်။ အဲဒီတော့ အိမ်မှာပဲ ကုကြတာများတယ်။
အရင် ကိုဗစ်စင်တာက ဆရာဝန် တော်တော်များများက အပြင်မှာ ဂရုစိုက်ပြီး လိုက်ကူညီပေးနေပါ တယ်။ အိမ်မှာ ဆေးမှန်မှန်သောက်မယ်။ အဓိက အစား မှန်မှန်စားမယ်။ စိတ်ဓာတ်ခိုင်မာဖို့လိုတယ်။ စိတ်လျော့ လိုက်လို့ မရဘူး။ အောက်ဆီဂျင်ကတော့ တတ်နိုင်သလောက် လိုက်ရှာပြီးတော့ ဆောင်ထားသင့် တယ်။ ကျနော့် အဖေဆို အောက်ဆီဂျင်က ၇၀ အောက်ကို ကျကျနေတာ။
ကျနော်တို့ဆို ၄၀ လီတာ ၅ အိုးလောက် ဆောင်ထား ရတယ်။ အိုးတွေကလည်း အရမ်းဈေးကြီးနေတယ်။ အိုးအလွတ်ဝယ်တာတင်ကို ၅ သိန်းလောက်ပေးရ တယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဆက်ပြီးတော့ လုပ်ပေးဖို့ စီစဉ်ထား တယ်။ အခု Oxygen Plant ပြီးသွားရင်လည်း နောက်ထပ် လုပ်ဖို့ ကူညီပေးဖို့ စီစဉ်ထားပါတယ်။
မေး ။ ။ အစ်ကိုတို့ စီစဉ်နေတဲ့ Oxygen Plant က ဘယ်တော့လောက်ရ မလဲ။
ဖြေ ။ ။ ကျနော် (၃) နေရာလောက်တော့ စုံစမ်းထားတယ်။ ရက် ၄၀ လောက်တော့ ကြာမယ်လို့ သိရတယ်။ ဝယ်မယ်ဆိုရင် ၃၀ ရာခိုင်နှုန်း အရင်ဆုံး ပေးချေရတယ်။ ဆိပ်ကမ်းရောက်ပြီဆို ငွေအပြည့် ချေပေး ရမှာ။ အခုက ငွေ မပြည့်သေးမှာစိုးလို့ မမှာထားသေးဘူး။
ဒါပေမယ့် အရှေ့မှာ တခြားအသင်းက မှာထားတာတွေရှိတယ်။ သူတို့မှာ ထားတာ အဆင်ပြေမပြေ အရင်ကြည့်မယ်။ အဲဒါတွေကိုလည်း နားလည်တဲ့ လူကြီးတွေနဲ့ ချိတ်ပြီးတော့ စီစဉ်ထားပါတယ်။
မေး ။ ။ အစ်ကို့အနေနဲ့ အခုအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ဖြည့်စွက် ပြောကြားပေးချင်တာ ရှိရင် ပြောကြားပေးပါဦး။
ဖြေ ။ ။ ကျနော်တို့က ဒါတွေသိပ်နားမလည်ဘူး။ ကျနော်တို့ဆို ကားရောင်းကားဝယ်လုပ်တယ်။ အပြင်က အရောင်းအဝယ် လုပ်နေတဲ့ သူဆိုတေ့ာ ဘာမှသိပ်မသိဘူး။ လုပ်ချင်ကိုင်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ လုပ်ပေးနေ တာဖြစ်တယ်။ တကယ်နားလည်တဲ့သူတွေ တကယ်တတ် သိတဲ့သူတွေ အပေါ်က လူကြီးပိုင်းတွေသာ ဝင်ပြီး ကူညီပြီး လုပ်ပေးနိုင် မယ်ဆိုရင် ပိုပြီး ထိရောက်နိုင်မယ်လို့ထင်တယ်။
ကျနော်တို့ဆို ဘာမှမသိတဲ့သူတွေ။ ကိုယ်အနားကသူတွေ တကယ်ဒုက္ခရောက် နေလို့သာ မကြည့်ရက်တော့လို့ သာ ဝင်လုပ်တာ။ တကယ်သိတဲ့သူတွေ တကယ်လုပ်နိုင် ကိုင်နိုင်တဲ့သူတွေ အဲအပိုင်းတွေကို ဝင်ထိန်းပေးမယ် ဆိုရင် လူအသေအပျောက်နှုန်းလည်း လျော့သွားနိုင်တယ်။ တတိယလှိုင်းကိုလည်း ထိန်းနိုင်မယ်လို့ ကျနော်ထင် တယ်။ ဒါပေမယ့် ကျနော်တို့ အခုအခြေအနေက ဘယ်သူ့ကိုမှ မပြောနိုင်၊ ဘာအကူအညီမှလည်း မတောင်းနိုင် အဲလိုပုံစံမျိုး ဖြစ်နေတာ။ ကိုယ့်လည်း သူမကယ်နိုင် သူ့လည်း ကိုယ်မကယ်နိုင် အဲဒီလို ဖြစ်နေတာ။
တကယ်လုပ်ပေးနိုင်တဲ့သူတွေ အခုလို အောက်ဆီဂျင်ကိစ္စကို ဝင်ထိန်းပေးမယ် ဆိုရင် မသေသင့်ပဲနဲ့ အသက်တွေကို ကယ်ထားနိုင်မယ်လို့ ကျနော်ထင်တယ်။