CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၃

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှုနူန်း မြင့်မားလာနေပြီး သေဆုံးနှုန်းတွေလည်း တိုးလာနေ တဲ့အတွက် အခြေခံ စားသောက်ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေမှု အခြေအနေ ဘယ်လိုရှိလဲ၊ စီးပွားရေး အခြေအနေ ကရော ဘယ်လိုရှိသလဲ၊ ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းတွေရဲ့ လိုအပ်နေမှု အခြေအနေ အပါအဝင် နယ်စပ်ဂိတ် တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး CNI သတင်းဌာနက ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးတင်အောင်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေက ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဖြေ ။ ။ ဒီဘက်မှာ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေကို ခြုံငုံပြီးပြောရရင်တော့ အကုန်လုံး ကျဆင်း နေပါတယ်။ ကျနော်တို့ဆီမှာ ဘယ်လို ဖြစ်လဲဆိုတော့ ပြီးခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်တုန်းကဆိုရင် ဒေသမတည်ငြိမ်မှုတွေ ရှိတယ်။ အဲဒီအတွက် စီးပွားရေးက မတိုးတက်နိုင်ဘူး။ ၂၀၂၀ ခုနှစ်ကျတော့လည်း တစ်နိုင်ငံလုံးမှာ ကိုဗစ် ထိခိုက်မှုတွေရှိတဲ့အတွက် ရခိုင်ဒေသ ကတော့ တော်တော်လေး ထိခိုက်ပါတယ်။ စီးပွားရေးတွေ ကျဆင်းနေတယ်။ အခုနယ်မြေကတော့ နည်းနည်းလေး အေးချမ်း တဲ့ အခြေအနေ ရှိပါတယ်။ စီးပွားရေးပိုင်းကတော့ တစ်နိုင်ငံလုံးရဲ့ ရိုက်ခတ်မှု အပိုင်းလည်း ရှိပါတယ်။ လက်ရှိအချိန်မှာတော့ စီးပွားရေးက တော်တော်လေး ကျပ်တည်းနေတယ်။ ကုန်ဈေးနှုန်းကလည်း မြင့်တက်နေတယ်။ အဲဒီလိုအခြေအနေနဲ့ ယှဉ်ဆိုင် နေရပါတယ်။

မေး ။ ။ လက်ရှိ စီးပွားရေးပိုင်းမှာဆိုရင် ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေတာဆိုတော့ ဘယ်လောက်ထိ ကုန်ဈေး နှုန်းတွေက မြင့်တက်နေလဲ၊ ဘယ်လိုအခြေအနေ ဖြစ်နေပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ရခိုင်ဘက်ကိုလာတဲ့ ပြည်ပဘက်က လမ်းကြောင်းက ပစ္စည်းတွေ ကုန်အပေါ့တွေဆိုရင် ကားနဲ့လာ ကြတာ များပါတယ်။ လေးတဲ့ပစ္စည်းတွေ စားသောက်ကုန်ထဲက စားအုန်းဆီတို့ စားဆီ၊ လောင်စာဆီတို့ဆိုရင် သင်္ဘောနဲ့ လာရပါတယ်။ နှစ်လိုင်းရှိတယ်။ ကားလိုင်းတွေက မိုးတွင်းရာသီဆိုရင် ကျနော်တို့ ဆီမှာက တန်ကြီးတဲ့ ကားတွေဆိုရင် သွားခွင့် မပေးဘူးဆိုပြီး ပိတ်လိုက်ပါပြီ။ ဇွန်လထဲက ပိတ်လိုက်တာဆိုတော့ ကားအကြီးတွေ သွားလို့မရတော့ဘူး။ ဒါကြောင့် ကုန်တန်ဆာခတွေက တစ်ပိဿကို အရင်က ကျပ် ၂၀၀ လောက်ရှိတဲ့ ကုန်တန်ဆာခတွေက အခု ကျပ် ၂၅၀ ကနေ တချို့ ၃၀၀ ကျပ်ထိ မြင့်တက်လာတယ်။ ရေလမ်းခရီးကတော့ သိပ်ပြီးတော့ များများစားစား မြင့်တက်လာတဲ့ အခြေအနေ မရှိဘူး။
အရင်ထက် တစ်ပိဿ ၆၀ ကျပ်၊ ၇၀ ကျပ်ပဲ နည်းနည်းပါးပါး တက်တာလောက်ပဲ ရှိတယ်။ ပြည်မဘက်မှာ ဈေးတို့ဘာတို့ တက်လာရင် သူတို့လည်း တက်လာတဲ့ အတိုင်းအတာတော့ ရှိပါတယ်။ ဒီဇယ်ဈေးတို့၊ ဘာတို့ တက်တယ်ဆိုရင်တော့ သူတို့ လည်း နည်းနည်းပါးပါး တက်တယ်။ ကုန်ဈေးနှုန်းကတော့ ကျနော်တို့ ဒေသကထွက်တဲ့ ဆန်စပါးဆိုရင် တက်လာတယ်။ တအားကြီး များများစားစား ထိုးတက်သွားတဲ့ အခြေအနေတော့ မရှိသေးဘူး။ ပြည်မဘက်ကလာတဲ့ ကုန်ပစ္စည်းတွေကတော့ အဲဒီဘက်က အခြေအနေနဲ့လည်း ဆိုင်တယ်ဆိုတော့ နည်းနည်းပါးပါး တက်တာရှိတယ်။ ကုန်ဈေးနှုန်းတွေကတော့ ကျနော် ထင်ပါတယ်။ တစ်ဝက်လောက်တက်တဲ့ ပစ္စည်းလည်းတက်တယ်။ စားအုန်းဆီဆိုရင် အရင် တစ်ပိဿ ကျပ် ၂၀၀၀ ဆိုရင် အခု ကျပ် ၃၅၀၀၊ ကျပ် ၄၀၀၀ အထိ ခေါက်ချိုးတက်သွားတဲ့ ဈေးတွေ ရှိတယ်။ ဈေးကတော့ တော်တော်လေး မြင့်တက်နေတဲ့ အတိုင်းအတာကို တွေ့ရပါတယ်။

မေး ။ ။ ကိုဗစ် ဒုတိယလှိုင်းမှာလည်း ရခိုင်ပြည်မှာက စားသောက်ကုန်ပစ္စည်းတွေ မြင့်တက်တာ၊ ကျန်းမာရေးသုံး ပစ္စည်း တွေ မြင့်တက်တာရှိခဲ့တယ်ပေါ့နော်။ လက်ရှိ တတိယလှိုင်းမှာလည်း စားသောက်ကုန် ဈေးနှုန်းတွေကတော့ မြင့်တက်နေပြီ ဆိုတော့ ကျန်းမာရေးသုံးပစ္စည်းတွေရဲ့ အခြေအနေကရော လုံလောက်မှုရှိရဲ့လား ဘာတွေလိုအပ်ချက် ရှိနေပါသလဲ။

ဖြေ ။ ။ အဓိကတော့ ကျန်းမာရေးသုံးပစ္စည်းတွေက ကျနော်တို့ဆီမှာ လိုတော့ လိုအပ်နေပါသေးတယ်။ အစိုးရပိုင်းက လည်း သူတို့မှာတော့ ဖြန့်ဖြူးမယ့်အစီစဉ်တွေ ဘာတွေ ထောက်ပံ့ပေးမှာ အစီအစဉ်တွေ လုပ်နေတယ်လို့တော့ သိရပါတယ်။ ဒါပေမယ့် အပြင်ဘက် ပုဂ္ဂလိကပိုင်းတွေမှာလည်း ဆေးဝါးတွေ ကိုဗစ်ကာကွယ်ရေးပိုင်းပစ္စည်းတွေကို အချိန်နဲ့ တဖြေးညီ ယူဆောင်ဖို့၊ ရဖို့လည်းလိုပါတယ်။
ဆေးဝါးပစ္စည်းတွေကျတော့ ဒီဘက်မှာ တစ်ချို့ပစ္စည်းတွေက လက်ရှိ ကန့်သတ်ချက်လေးတွေ ရှိသေးတယ်ဆိုတော့ အဲဒီမှာ လည်း အခက်အခဲ ကြုံနေရတာ ရှိပါတယ်။ ဒါကတော့ ဆေးဝါးဖြန့်ချီတဲ့ ကုမ္ပဏီတွေက ပြောဆိုကြတာပါ။ သူတို့ပြောတာ ကတော့ လက်ရှိ ကာကွယ်ရေးပစ္စည်းတွေရော ဆေးဝါးပစ္စည်းတွေကရော ရခိုင်ဘက်ကို လာရင်နည်းနည်းလေး အခက်အခဲ က ရှိနေတယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူပိုင်းကရော ပြန်ပြီးတော့ ဖြေလျှော့ခွင့် ပေးမယ်ဆိုရင်တော့ ကျနော်တို့ ပိုပြီး တော့ လုံလောက်လာနိုင်တယ်။ လက်ရှိမှာတော့ Mask တို့ဘာတို့ဆိုလည်း ပြည်မဘက်က ဝင်ရတာပဲလေ ဆိုတော့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ပဲ ဈေးတက်နေတယ်။ တစ်အားကြီး မြှောက်တက်သွား နိုင်တယ်ဆိုတဲ့ ဟာမျိုးတော့ မရှိဘူးဗျ။ ဘာလို့လဲ ဆိုတော့ ရန်ကုန်မှာတက်ရင် မန္တလေး၊ ရန်ကုန်ဈေးက အခြေခံတော့ ကျွန်တော်တို့ဘက်ကလည်း တက်တာပဲ တစ်ခြားဆေး တို့ ဘာတို့ကျတော့ ကုမ္ပဏီကသွင်းတဲ့ ပစ္စည်းတွေကတော့ အဲဒီဈေး အတိုင်းပဲ သူတို့ရောင်းနေကြပါတယ်။

မေး ။ ။ ကိုဗစ်တတိယလှိုင်းမှာလိုအပ်တဲ့ ကျန်းမာရေးသုံးပစ္စည်းတွေက ပြည်မကနေ ရခိုင်ပြည်နယ်ထဲကို ဝင်ဖို့အတွက် ဘယ်လိုမျိုး ဖြေလျှော့မှုတွေ အစိုးရပိုင်းက လုပ်ပေးဖို့ လိုနေတာပါလဲ။

ဖြေ ။ ။ အဓိကတော့ ကျနော်တို့ ပထမလှိုင်းရော၊ ဒုတိယလှိုင်းရောပေါ့နော် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းတွေ အောက်ဆီဂျင်က အစပေါ့နော်။ သက်ဆိုင်ရာ အစိုးရအဖွဲ့ရဲ့ ထောက်ခံချက် ယူရပါတယ်။ ဒါက လက်ရှိ ဆေးဝါးပစ္စည်း တွေလည်း ယူနေရပါတယ်။ ဒါကိုယူနေရတော့ အချိန်အကန့်အသတ်ပေါ့နော်၊ ပစ္စည်းတွေ တင်နေရတဲ့ အချိန်မှာရော ကားသမားတွေကလည်း လက်ရှိ ကားတွေက အများကြီးထွက်တာ မဟုတ်ဘူးဆိုတော့ ဒီမှာက အချိန်ကြန့်ကြာတာတွေ ရှိတယ်။ နောက်တစ်ချက် ဒီမှာက တင်ရတဲ့ ခွင့်ပြုမိန့်တွေမှာလည်း ကားနံပါတ်တွေနဲ့ ကားဆရာနာမည်တွေနဲ့ အသေးစိတ် ပြောနေ၊ လုပ်နေရတော့ အခက်အခဲလေးတွေ ရှိနေတဲ့အကြောင်း ပြောပြတာပါ။

မေး ။ ။ ကိုဗစ်ဒုတိယလှိုင်းမှာလည်း ရခိုင်ပြည်နယ်က တော်တော်ကြီးကို ရိုက်ခတ်မှု ပြင်းထန်ခဲ့တာဆိုတော့လေ။ အခု ကိုဗစ်တတိယလှိုင်းမှာရော ဘယ်လို ရိုက်ခတ်မှုမျိုးတွေ ရှိလာနိုင်ပါသလဲရှင့်။

ဖြေ ။ ။ လက်ရှိ ရခိုင်ဘက်မှာကတော့ ကိုဗစ်ရောဂါပိုးတွေ့တဲ့သူများပါတယ်။ ဥပမာအားဖြင့် နယ်စပ်ကုန်သွယ်ရေးရုံးမှာ လည်း တွေ့နေပြီ။ ဒါကြောင့်နယ်စပ်ကုန်သွယ်ရေးရုံးကိုလည်း ခေတ္တခဏရပ်နားမယ်လို့ ပြည်နယ်ကောင်စီက ကျနော်တို့ကို အကြောင်းကြားထားတာ ရှိပါတယ်။ တတိယလှိုင်း ကျနော်တို့ဆီမှာ တကယ်ဖြစ်လာပြီဆိုရင် အောက်ဆီဂျင်တို့ ဘာတို့က ဒေသမှာ အခက်အခဲ တော်တော်ရှိမယ်။ စစ်တွေမှာဆိုရင် အောက်ဆီဂျင်ကန့်တွေက ဆေးရုံကြီးမှာပဲ ရှိတယ်။ အပြင်မှာ မရှိဘူး။ လိုအပ်တဲ့ အောက်ဆီဂျင်တွေက ရန်ကုန်၊ မန္တလေးကနေ ယူပြီးတော့ ရောင်းကြတယ်။ တစ်အားကြီး ဆိုးဝါးလာရင် ကျနော်တို့ ဒီဘက်အတွက်တော့ တော်တော်လေး ခက်ခဲမယ်လို့ ထင်တယ်။ ကျန်တဲ့ ခက်ခဲမှုကတော့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အတူတူပါပဲ။
လက်ရှိ ပိုးတွေ့တဲ့ လူနာကတော့ စစ်တွေမှာတွေ့တာ ရှိတယ်။ ဒါပေမယ့် အကုန်လုံးက နယ်စပ်ကုန်သွယ်ရေးမှာ ကွာရတင်း ထားတော့ စစ်တွေဘက်ပိုင်းကတော့ ထိန်းချုပ်နိုင်တဲ့ အပိုင်းပေါ့။ ဒါပေမယ့် သံတွဲတို့၊ တောင်ကုတ်တို့မှာ တွေ့နေပြီဆိုတော့ သတိထားပြီးတော့ လုပ်ရမယ်။ ကိုဗစ်ဖြစ်သွားပြီဆိုရင် ကျနော်တို့ဆီမှာက စားသောက်ကုန်တို့၊ ဘာတို့ တော်တော်လေး ဝင်လာဖို့ခက်ပြီး ပြတ်တောက်မှုကို ခံရနိုင်တဲ့ အတိုင်းအတာ ရှိတယ်။

မေး ။ ။ ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်း (၂)နှစ်ခုကို သင်္ဘောသားတွေမှာ ကိုဗစ်တွေ့လို့ (၂) ပတ်ရပ်နားဖို့ ရှိတယ်ဆိုတဲ့ အခြေအနေလေး ရှင်းပြပေးပါအုံးရှင့်။

ဖြေ ။ ။ ကိုဗစ် ဒုတိယလှိုင်း စဖြစ်တဲ့အချိန် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လလောက်ထဲက နယ်စပ်ကုန်သွယ်ရေးကို သက်ဆိုင်ရာ အစိုးရကနေပြီး ရပ်နားခဲ့ပါတယ်။ ရပ်နားပြီးတော့ တောက်လျှောက်ပဲ ကျနော်တို့ ကုန်သွယ်မှု မပြုလုပ်ရဘဲ ပိတ်လိုက်ပြီးတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်ကမှ စပြီးဒါ ဖွင့်ပါတယ်။ စပြီးတော့ ဖွင့်တဲ့အချိန်မှာ မောင်းတောနယ်စပ် ကုန်သွယ်ရေးစခန်းရော၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းရောက ကုန်သွယ်မှု ပြုနိုင်တယ်ဆိုပြီးတော့ ခွင့်ပြုခဲ့တာ ရှိပါ တယ်။ ပြန်ပြီးတော့ ခွင့်ပြုတဲ့အချိန်မှာ ကိုဗစ်စည်းမျည်းစည်းကမ်းနဲ့အညီ လုံးဝ လိုက်နာရမယ်ဆိုတော့ ပြန်ဝင်လာတဲ့ လှေသားတွေ ကိုတော့ အကုန်လုံး စစ်တွေဆိုရင် စစ်တွေ ရွှေမင်းဂံစခန်းမှာ ကျောက်ချ ရပ်နားစေပြီးတော့ အဲဒီမှာပဲ ကွာရတင်း ၁၀ ရက် ဝင်ရပါတယ်။ အဲဒီမှာပဲ နှာခေါင်း test ကတော့ အဲဒီထဲမှာ (၂)ကြိမ်ယူပါတယ်။ Negative ဖြစ်ရင် အဲဒီလှေထဲမှာပဲ ပြန်ပြီး တော့ ကွာရတင်းထွက်တော့မှပဲ သူတို့ သွားချင်တဲ့နေရာကို သွားဖို့ လုပ်ခဲ့တဲ့ အတိုင်းအတာ ရှိပါတယ်။ ကိုဗစ်ကူးစက်တဲ့ ကိန်းဂဏန်းတွေကတော့ ရှိပါတယ်။ ဒီနေ့(ဇူလိုင် ၁၂ ရက်)လည်း လူ ၂၀ ကျော်လောက် နှာခေါင်းတို့ဖတ် ထပ်ယူထားတယ်လို့ သိရပါတယ်။ စစ်တွေမှာဆိုရင် များများစားစား စစ်တာဆိုလို့ နယ်စပ်ကုန်သွယ်ရေး စခန်းကသူတွေ ပဲဖြစ်တယ်။ တွေ့မယ်ဆို လည်း ဒီထဲကပဲ တွေ့လာတယ်။ ကျနော်တို့ စစ်တွေအတွက်ကတော့ တအားကြီး ဆိုးဆိုးဝါးဝါး မရှိပါဘူး။ ဘာလို့လဲဆို ကွာရတင်းစင်တာထဲမှာပဲ ထည့်ထားတဲ့ အတွက်ပေါ့လေ။ ဒါပေမယ့် ပိုးတွေ့တဲ့နှုန်းက တစ်နေ့ထက် တစ်နေ့ မြင့်လာတယ်။ ဒီဘက်နယ်စပ် ကုန်သွယ်ရေးဘက်မှာ ရောပေါ့။ မောင်းတော နယ်စပ်ကုန်သွယ်ရေး စခန်းဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးစခန်းက တွေ့တာမဟုတ်ပဲနဲ့ ပြင်ပလူ တွေ ဆီမှာလည်း တွေ့နေတာ ရှိပါတယ်။ အဲဒီအတွက် ပြည်နယ်ကောင်စီကနေ ဇူလိုင်လ ၁၅ ရက်ကနေ ၃၁ ရက်အထိ ခဏ ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတာတော့ ရှိတယ်။ ဒီညွှန်ကြားထားတဲ့အတိုင်း ပြီးခဲ့တဲ့ ကြာသပတေး၊ သောက်ကြာ လောက် ထဲက အကြောင်းကြားထားပါတယ်။ ပိတ်မှာဖြစ်တဲ့အတွက် စစ်တွေတို့၊ မောင်းတောတို့ ရောက်တဲ့ကုန်တွေကို အမြန်ဆုံး ဟိုဘက်ကို ပို့နိုင်အောင်လုပ်ဖို့ ကျနော်တို့ဘက်က နှိုးဆော်ထား ပြောပြထားတာ ရှိတယ်။

မေး ။ ။ စစ်တွေ ရွေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ကညင်ချောင်း စီးပွားရေးဇုန်တို့ကဆိုရင် ဘယ်လိုမျိုး ကုန်ပစ္စည်း တွေကို အပြန်အလှန် ကုန်သွယ်မှု ပြုလုပ်နေတာပါလဲ။

ဖြေ ။ ။ အဓိကတော့ ကျနော်တို့ ဒီဘက်က စားသောက်ကုန်ပေါ့နော်။ ဒီနေရာမှာ စိုက်ပျိုးရေးထွက်ကုန်ရှိပါတယ်။ ကြက်သွန်တို့၊ ဂျင်း၊ နနွင်းတက်တို့ ရှိပါတယ်။ ဒါတွေ သွားပါတယ်။ နောက်တစ်ခုက စက်မှုထုတ်ကုန်အနေနဲ့ဆိုရင် ဇီးယို၊ ဇီးသီးခြောက်၊ ဇီးယိုလုပ်တဲ့ ပစ္စည်းတို့ အနေနဲ့သွားပါတယ်။ နောက်တစ်ခုကတော့ ရေချိုငါးပေါ့၊ငါးမြစ်ချင်းတို့ ဘာတို့လည်း သွားပါတယ်။ အဓိကတော့ စားသောက်ကုန်တွေသွားနေတာ များပါတယ်။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာများ ရှိပါသေးသလဲရှင့်။

ဖြေ ။ ။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကတော့ ခုနက ပြောသလိုပဲ ရက်အကန့်အသတ်နဲ့ ပိတ်တယ်ဆိုရင်တော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရက်အကန့်အသတ်နဲ့ မပိတ်ဘူး ရက်ကြာသွားမယ်ဆိုရင် တစ်ဖက်နိုင်ငံမှာလည်း ကျနော် တို့ ပို့နေတဲ့ ပစ္စည်းတွေရဲ့ ဈေးကွက်ပျောက်သွားနိုင်တယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးကို ဦးစားပေးရမှာ ဖြစ်တဲ့ အတွက် အချိန်ကို တစ်အားကြီး ဆိုးဝါးလာတယ်ဆိုရင်တော့ ခေတ္တခဏပိတ်လိုက်၊ ပြီးပြန်ဖွင့်လိုက်ပေါ့လေ။ ဒါမျိုးတွေ ကတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက စဉ်းစားပြီးတော့ လုပ်ပေးနိုင်ရင်တော့ ဒါပိုပြီးတော့ ကောင်းမွန်ပါလိမ့်လို့ ပြောချင်တယ်။

#ဦးတင်အောင်ဦး
#ရခိုင်ပြည်နယ်
#ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
#ကိုဗစ်-၁၉
#တတိယလှိုင်း
#စီးပွားရေး
#ကျန်းမာရေး
#အစားအသောက်
#ပိုးတွေ့လူနာ
#နယ်စပ်ကုန်သွယ်ရေး
#အင်တာဗျူး