CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၁
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေတာကြောင့် Oxygen Concentrator တွေကို ပြည်ပကနေ တင်သွင်းရာမှာ FDA ထောက်ခံချက် မလိုပဲ တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှက ထုတ်ပြန် ထားပါတယ်။ အခုလို ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေကို အလွယ်တကူ တင်သွင်း ခွင့် ပြုလိုက်တာကြောင့် ကိုဗစ်ရောဂါ ကုသ မှုအပိုင်းအတွက် အထောက်အကူ ဖြစ်စေသလို အောက်ဆီဂျင် လိုအပ်ချက်အတွက်လည်း အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းရဲ့ အခြေအနေဟာ အခု ဇူလိုင်လကုန်မှ အမြင့်ဆုံး အနေ အထားထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထား ကြပြီး အောက်ဆီဂျင်လိုအပ်ချက် အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ဆေးဝါးနဲ့ အထောက်အကူပြု ပစ္စည်း ကိရိယာတွေရဲ့ လိုအပ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ လုပ် ဆောင်ဖို့လိုအပ်ကြောင်း အပါအဝင် လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အောက်ဆီဂျင် လိုအပ်ချက်မြင့်တတ်နေမှုနဲ့ ကိုဗစ်ရောဂါ ကုသမှုအပိုင်းမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ကိရိယာတွေရဲ့ ဈေးကွက်အခြေအနေတွေအကြောင်းကို ကုန်သည်စက်မှု အသင်းချုပ်က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်း ထားပါတယ်။
ဖြေကြားပေးသူအနေနဲ့ သူရဲ့ ရာထူးနဲ့အမည်ကို လုံခြုံရေးနဲ့အခြားသော အကြောင်းအမျိုးမျိုးကြောင့် ထည့်သွင်း မဖော်ပြဖို့ မေတ္တာရပ်ခံတဲ့အတွက် ကြောင့် CNI သတင်းဌာနအနေနဲ့လည်း သတင်းရင်းမြစ်ကို ကာကွယ်ပေးရန် တာဝန်ရှိတဲ့အတွက် ဖြေကြားသူရဲ့ ရာထူးနဲ့အမည်ကိုထည့်သွင်း မဖော်ပြ ပေးနိုင်တာကို လေးစားရပါသော စာဖတ်ပရိတ်သတ်များ အနေနဲ့ နားလည် လက်ခံပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။
မေး ။ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာက oxygen concentrator တွေကို ပြည်ပကနေတင်သွင်းရာမှာ FDA ထောက်ခံချက်မလိုပဲ တင်သွင်းခွင့်ပြုလိုက်တယ်ဆိုတော့ ပြည်တွင်းက အောက်ဆီဂျင် လိုအပ်ချက် အတွက် ဘယ်လို အကျိုးသက်ရောက်မှုရှိလာနိုင်လဲ။
ဖြေ ။ ။ ဒီရက်ပိုင်းမှာ ကိုဗစ်ကူးစက်မှုနှုန်းက တော်တော်လေး မြင့်တတ် လာတယ်။ အဲဒီအခြေအနေမှာ လူတွေက အောက်ဆီဂျင် လိုအပ်ချက်တွေလည်း များလာတယ်။ နောက်ပြီးတော့ တချို့က အခုချိန်မှာ ဆေးရုံ ဆေးခန်းတွေကို တတ်နိုင်ဖို့ အခက်အခဲရှိတဲ့ အနေအထားဖြစ်တယ်လေ။ ကုတင်ကလည်း အကန့်အသတ်နဲ့ဖြစ်နေတဲ့ အနေအထားဆိုတော့ ဖြစ်တဲ့သူကလည်းများနေ တော့ တချို့က ကိုယ့်အိမ်မှာပဲကိုယ်နေပြီး အောက်ဆီဂျင်ပေးထားတာမျိုး လုပ်နေကြရတယ်။ အောက်ဆီဂျင်က အိုးရရှိဖို့ ငှားရမ်းဖို့အတွက် အခက်အခဲရှိတဲ့အခါကျတော့ Oxygen Concentrator လေးတွေနဲ့ဆိုတော့ တတ်နိုင်တဲ့သူတွေအတွက်က ဒါလေးနဲ့ကပိုပြီးတော့ အဆင်ပြေတဲ့ သဘောရှိတယ်။ အခုလိုမျိုး Oxygen Concentrator တွေကို လွယ်လွယ်ကူကူ သွင်းခွင့်ပြုလိုက်တဲ့ကိစ္စကလည်း ကိုဗစ်ကုသရေးအပိုင်းမှာ တနည်းအားဖြင့် အထောက်အကူ ဖြစ်စေပါတယ်။
မေး ။ ။ အခု ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင် လိုအပ်ချက်က ဘယ်လောက်ထိ မြင့်တတ်နေလဲ။ ရှေ့ဆက်ပြီး ဘယ်လိုအခြေအနေတွေ ရင်ဆိုင်လာရနိုင်လဲ။
ဖြေ ။ ။ ကိုဗစ်တတိယလှိုင်းကတော့ ရှေ့မှာကြုံခဲ့တဲ့ ပထမလှိုင်းကတော့ ကျနော်တို့နိုင်ငံအတွက် ပြင်းထန်တဲ့ ပြန့်နှံ့မှု မရှိခဲ့ဘူး။ ဒုတိယလှိုင်းကျတော့ ပထမလှိုင်းထက်စာရင် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုရှိခဲ့ တယ်။ တတိယ လှိုင်းကတော့ ဒုတိယလှိုင်းထက်စာရင် ပိုပြီးတော့ ကျယ်ပြန့်တဲ့ ကူးစက်မှုရှိတယ်ဆိုတာ အားလုံးအမြင်ပဲဖြစ်တယ်။ အဓိက ကတော့ ကူးစက်မှု နှုန်းမြန်တဲ့ ဗိုင်းရပ်စ်က ကျနော်တို့ ပြည်တွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ ပြန့်နှံသွား တဲ့ သဘောမျိုးရှိတယ်။ ဒါကြောင့် အောက်ဆီဂျင်လိုအပ်မှုက ကြိမ်းသေပေါက်များတယ်ဆိုတာ ဘယ်သူ မှ မငြင်းနိုင်တဲ့အချက်။ နောက်တစ်ခုက ကူးစက်ပြန့်နှံ့မှုက ဘယ်လို အလား အလာရှိလဲဆိုတော့ ခန့်မှန်းမှုတွေအရက ဒီလကုန် ဇူလိုင်လကုန်လောက်ကျရင် အမြင့် ဆုံး အနေအထားမှာ ရောက်သွားနိုင်တယ်။ အဲဒါပြီးသွားရင်တော့ သြဂုတ်လတို့ နောက်လတွေမှာဆိုရင်တော့ နည်းနည်းလေး ပြန်တန်းသွားပြီး တော့ နောက်ပိုင်းမှာ Wave ရဲ့ သဘောအရ တဖြေးဖြေးချင်း ပြန်ကျသွားနိုင်တဲ့ အနေအထား ဖြစ်တယ်။
မေး ။ ။ အောက်ဆီဂျင်အိုးပျက်သွားတာ Concentrator တွေ ပစ္စည်းပြတ် သွားတာမျိုး ကြုံနေရတယ်။ ဈေးနှုန်းမြင့်မား တာတွေလည်း ကြုံနေရတယ်။ အခုလို ကိုဗစ်ရောဂါ ကုသရေးနဲ့ကာကွယ်ရေးအတွက် လိုအပ်တဲ့ကျန်းမာရေး အထောက် အကူ ပြုပစ္စည်းတွေ ရောင်းချမှုအပိုင်းမှာ ဘယ်လို အခြေအနေတွေ ရှိနေလဲ။
ဖြေ ။ ။ အခု ကျန်းမာရေး အထောက်အကူပြု ပစ္စည်းရောင်းချနေရမှု အပိုင်းမှာတော့ ပြောရရင်တော့ အရင်သွင်းထား တဲ့ stock တွေကိုပဲ ရောင်းချ နေရတဲ့ အပိုင်းဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အထူးသဖြင့်တော့ ကိုဗစ်ကို အထောက်အကူပြုတဲ့ ဆေးပစ္စည်းကိရိယာတွေရယ် နောက် ဆေးဝါး တွေလည်း အလားတူပဲပေါ့နော်။ ရုတ်တရက် ကူးစက်မှုက မြင့်တတ်သွားတဲ့ အခါကျတော့ ဈေးကွက်မှာ ဝယ်လို အားက မထင်မှတ်လောက်အောင် မြင့်တတ် လာတာရှိတယ်။ အဲဒီတော့ ဈေးကွက်မှာ ပစ္စည်းတွေပျက်သွားတာတို့ ဈေးနှုန်းတွေ မြင့်တတ်သွားတာတို့ ဒါတွေက တကယ့် မြေပြင်မှာ ကြုံတွေနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးကုသရေး အထောက်အကူပြုတဲ့ ကိရိယာတွေပဲ ဖြစ်ဖြစ် ကိုဗစ်နဲ့ပတ်သတ်လို့ အသုံးပြုမယ့် လိုအပ်တဲ့ ဆေးဝါးတွေပဲဖြစ်ဖြစ် အရေးပေါ် အခြေအနေတစ်ရပ်လို့ သတ်မှတ်ပြီးတော့ ဒါတွေကို ချက်ချင်း တင်သွင်းလာနိုင်အောင်၊ ပုံမှန်အခြေအေနမှာထားရမယ့် စည်းမျဉ်းစည်းကမ်း တွေ လုပ်ထုံးလုပ်နည်းတွေကို ဖြေလျော့ပြီးတော့ ချက်ချင်းဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒါနဲ့ပတ်သတ်လို့ ကျနော်တို့ အသင်းချုပ်ကလည်း သက်ဆိုင်ရာ ကုန်စည်စီး ဆင်းမှု မှန်ကန်မြန်ဆန်စေရေးကော်မတီလို မျိူး၊ နောက် စီးပွားကူးသန်းဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင် ရာ ဝန်ကြီး ဌာနတွေနဲ့ရော၊ အဖွဲ့အစည်းတွေနဲ့ရော ချိတ်ဆက် ညှိုနှိုင်းပြီး ခုနက လို စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေကို အချိန်အတိုဆုံးနဲ့ အမြန် ဆုံး ဖြေလျော့ ဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုက်တွန်းညှိနှိုင်း ဆောင်ရွက်နေ တာ ရှိပါတယ်။
မေး ။ ။ Oxygen concentrator တင်သွင်းမယ့်သူတွေ ပြန်လည်ရောင်းချ မယ့် လုပ်ငန်းရှင်တွေကို ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ ။ ။ အထူးသဖြင့်တော့ Oxygen Concentrator လိုပစ္စည်းတွေက ကျနော်သိရသလောက်က နဂိုတည်းက စီးပွားကူး သန်းဝန်ကြီးဌာနက လိုင်စင် လျှောက်စရာမလိုပဲ တင်သွင်းခွင့်ပြုထားတဲ့ ပစ္စည်းမျိုးဖြစ်ပါတယ်။ တစ်ခုရှိတာ က အရင်တုန်း ကတော့ FDA ကနေ ဒီပစ္စည်းတွေက စိတ်ချရမှု ရှိ-မရှိ safety ပိုင်းကို စစ်ဆေးပြီးမှ ထောက်ခံချက်ရမှ ပေးသွင်းတဲ့ သဘောရှိတယ်။ အခုချိန်မှာတော့ အရေးပေါ် လိုအပ်ချက်ဖြစ်တဲ့အတွက် FDA ရဲ့ ထောက်ခံချက် ကို ကျော်ပြီးတော့ တိုက်ရိုက် တင်သွင်းလို့ ရတဲ့ သဘောဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်သဘောနဲ့ တင်သွင်းလာပြီးရင် လေဆိပ် ဒါမှမဟုတ် သင်္ဘောဆိပ် ဒါမှ မဟုတ် နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ရောက်တဲ့အခါကျရင် custom တို့ကနေ ဒီဟာကို အမြန်ဆုံးထုတ်ပေးဖို့ပေါ့။ အဲဒါကိုလည်း ကျနော်သိရသလောက်က ညွှန်ကြားထားပြီးသားဖြစ်တဲ့အပြင်ကို လိုအပ်ရင် ဂျူတီတို့၊ ဘာတို့ကို နောက်မှ ဆောင်ပြီးတော့ အရင်ဆုံး စာရင်းမှတ်ပြီးတော့ ထုတ်ယူသွားလို့ရတဲ့အထိကို လုပ်ဆောင်ထားတဲ့ အခြေအနေလေးရှိပါတယ်။
မေး ။ ။ အောက်ဆီဂျင် လိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အပြင် လက်ရှိမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါ ကာကွယ်ကုသရေး အပိုင်းနဲ့ ပတ်သတ်ပြီး ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ ။ ။ အခုချိန်မှာတော့ အောက်ဆီဂျင်ကတော့ ဘာပဲဖြစ်ဖြစ် ဈေးကွက် ရဲ့ လိုအပ်ချက် တစ်ရပ်ရှိတာပေါ့နော်။ တကယ်တမ်း ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ လူတွေအတွက်ကိုလည်း ရေရှည်မှာ ကျန်းမာရေး စောင့်ရှောက်မှု ပေး သွားဖို့ ခုနကလို အထောက်အကူပြု ဆေးဝါးတွေရော ပစ္စည်းကိရိယာတွေရော လိုအပ်လာမှာဖြစ်ပါတယ်။ အဲဒါ အပြင်ကို လတ်တလောမှာ သေရေးရှင်ရေး အတွက် လိုအပ်နေတဲ့ ဆေးဝါးတွေကိုလည်း အခု Oxygen concentrator တွေလိုမျိုးပေါ့နော်။ မြန်မြန်နဲ့ လွယ်လွယ်ကူကူ တင်သွင်းခွင့်ရအောင် အစိုးရ ဘက်နေ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတာကိုလည်း အကြံပြုလိုပါတယ်။