တရုတ်-မြန်မာနယ်စပ်ရှိ ကျူကုတ်-ဝမ်တိန်နဲ့ ကျင်စန်းကျော့ဂိတ်တွေကို ယခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နေ့လည် ၁ နာရီက စပြီး ကိုဗစ်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံဘက်က ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။
ဒီဂိတ်ပေါက်တွေကနေ မြန်မာနိုင်ငံက သစ်သီးဝလံတွေ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲမျိုးစုံ အစရှိတဲ့ ကုန်ပစ္စည်းတွေကို အဓိက အားထား တင်ပို့နေရတဲ့ ဂိတ်ဖြစ်တဲ့ အတွက် လတ်တလော ပိတ်လိုက်တာကြောင့် ကုန်တင်ကားတွေ ပိတ်မိနေတဲ့ အခြေ အနေ၊ ကုန်ပစ္စည်းတွေ ပျက်ဆီးရှုံးမှု၊ နယ်စပ်ဂိတ်ကို မှီခိုနေတဲ့ လုပ်သား တွေ အလုပ်လက်မဲ့ ဖြစ်သွားမှု အခြေအနေတွေကို CNI သတင်းဌာနက မူဆယ် (၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဌ ဦးစိုင်းခင်မောင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တော့ လက်ရှိ ကုန် သွယ်ရေးရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ လောလောဆယ်ကတော့ အကုန်လုံးပိတ်ထားတယ်။ ပထမပိုင်း တုန်းကတော့ ဂိတ်တွေကို အဆင့်ဆင့် ပိတ်လာ တာ။နောက်ဆုံးမှာတော့ ပန်ဆိုင်းဂိတ်၊ ကျင်စန်းကျော့ဂိတ်နဲ့ ဝမ်တိန်ဂိတ်တွေကို မနေ့က ပိတ်သွားပြီဆို တော့ နယ်စပ် ကုန်သွယ်ရေးက ရပ်သလောက်ဖြစ်သွားပြီ။ လုံးဝ အဝင်အထွက် မရှိတော့ဘူး။
မေး ။ ။ ကုန်ကားတွေ ပိတ်မိနေတာမျိုးတွေ ရှိပါသလား။
ဖြေ ။ ။ ကုန်ကားတွေက တရုတ်ဘက်ကနေ မြန်မာဘက်ကို ထွက်ဖို့ ကား အစီး ၇၀၀ နဲ့ ၈၀၀ ကနေ ၁၀၀၀ လောက်ထိရှိ တယ်။ ပန်ဆိုင်းဘက်ကနေ ဝင်ဖို့ ကားအစီးရေ ၇၀၀ လောက်ရှိတယ်၊ ကျင်စန်းကျော့မှာ အစီးရေ ၁၀၀၀ လောက် ရှိတယ်။ အဝင်-အထွက် အားလုံးပေါင်း ကားအစီးရေ ၂၀၀၀ နဲ့ ၃၀၀၀ ကြားထဲ မှာ ပိတ်မိနေတာ ရှိတယ်။
မေး ။ ။ အခုပိတ်နေတဲ့ ကားတွေထဲမှာ ပုပ်သိုးလွယ်တဲ့ ကုန်ပစ္စည်းတင်တဲ့ ကားတွေရော ပါသလား။ ပါရင် ဒီကားတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ပုပ်သိုးလွယ်တဲ့ ကုန်ပစ္စည်းက လောလောဆယ် ဖရဲသီးကား နည်း နည်းပါးပါး ၁၀ စီးနဲ့ ၁၅ စီးလောက် ရှိတယ်။ ရာသီချိန် မဟုတ်သေးလို့ ဖြစ် တယ်။ ဒါပေမယ့် တခြား ပုပ်လွယ်တဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်တို့၊ ငါးရှဉ့်တို့ ကားတွေ ရှိသေးတယ်။ အဲဒါတွေကတော့ နည်းနည်း ဒုက္ခရောက်မယ့် သဘောရှိတယ်။ အခုအချိန်မှာကတော့ တရုတ်ပြည်ဘက်မှာက ကုန်သွယ်ရေး ဦးစီးဌာနအထက်မှာ ကျန်းမာရေးဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်က အမြင့်ဆုံးလောက် ကို ရှိနေတယ်။ နှစ်ဖက် ညှိနှိုင်း ဆွေးနွေးဖို့က လောလောဆယ် ရောဂါ အခြေ အနေနဲ့က အဆင်ပြေမှာမဟုတ်ဘူး။
တရုတ်ဘက်မှာလည်း ရွှေလီ၊ ဂျယ်ဂေါင်၊ ဝမ်တိန်ဒေသ စစ်ဆေးရေးဝန်ထမ်း တွေ၊ ယာဉ်မောင်းတွေ ကိုဗစ်ရောဂါပိုး တွေ့ တယ်။ နောက်ပြီး ကျနော်တို့ဘက် မှာလည်း မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း ဒီဒေသတွေမှာ ရောဂါဖြစ်ပွားမှုနှုန်းက နည်း နည်းများ နေတယ်။ ဒါကြောင့် ဒီအခြေအနေကတော့ အရေးပေါ် ကုန်ပစ္စည်း တွေကလွဲလို့ပေါ့ ဒါတောင်မှ နှစ်နိုင်ငံ ညှိနှုန်းပြီး ဆေးဝါးအထောက်အကူပစ္စည်း တွေ ရံဖန်ရံခါပို့မယ်။
ဒါပေမယ့် တစ်ဖက်မှာ ပိတ်မိနေတဲ့ ကားတွေကျတော့ သူတို့က တစ်လ တစ်ကြိမ်လောက်တော့ ပြန်ပြီးတော့ ထုတ်ပေးတဲ့ အစဉ်အလာလေးတော့ ရှိတယ်။ အခုကတော့ တရုတ်ဘက် တင်ပို့မယ့် ကားတွေကတော့ လောလော ဆယ် ရက်အကန့် အသတ်မရှိ လုံးဝ ပိတ်မိနေတယ်။ တချို့ကားတွေကလည်း နောက်ကြောင်းပြန် လှည့်ကုန်ကြပါပြီ။
မေး ။ ။ အခုပိတ်မိနေတဲ့ ဖရဲကားနဲ့ ငါးရှဉ့်ကားတွေက စွန့်ပစ်ရမယ့် အခြေ အနေတွေ ရှိနေပါသလား၊ နောက်ကြောင်း ပြန်လှည့်ရင်ရော အဆင်ပြေပါ့ မလား။
ဖြေ ။ ။ ငါးရှဉ့်ရဲ့ သက်တမ်းက သူဂိတ်ကိုလာတဲ့ သက်တမ်းရှိတယ်။ အခု ဒီမှာနှစ်ရက်၊ သုံးရက်ကြာရင်တော့ စွန့်ပစ်ရမယ့် အခြေအနေဖြစ်တယ်။ ဖရဲက တော့ ၁၀ ရက်၊ ၁၅ ရက်ခံတော့ နောက်ကြောင်းပြန်လှည့်ရင် ရောင်းလို့ရမယ့် အခြေအနေ ရှိပေ မယ့် သယ်ယူပို့ဆောင်စရိတ်နဲ့တွက်ရင် ဆုံးရှုံးရမယ့် အခြေ အနေ ရှိတဲ့အတွက် ကိုက်မှာမဟုတ်ဘူး။
မေး ။ ။ ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာလည်း တရုတ်ဘက်က ဂိတ်တွေ ပိတ်ခဲ့တဲ့အတွက် ကုန်သည်တွေ ဆုံးရှုံးမှု ဘယ်လောက်ရှိခဲ့လဲ၊ အခု ကာလမှာရော ဆုံးရှုံးမှုတွေ ဘယ်လောက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ ။ ။ ပမာဏ ဘယ်လောက်ဖြစ်တယ်ဆိုတာတော့ မှတ်တမ်း တင်ထား တာတော့ မရှိဘူး။ ဒါပေမယ့် ဆုံးရှုံးမှုပမာဏ ကတော့ အများကြီးရှိပါတယ်။ ကိုဗစ်ပထမနဲ့ ဒုတိယလှိုင်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိတယ်။ အပေါက် တစ်ပေါက်ထဲ တိုးဝှေ့ဝင်နေရတော့ ကုန်သည်တွေလည်း ဂိတ်မှာတင် ၁၀ ရက် ၁၅ ရက်ကြသွားပြီးတော့ သခွားမွှေး၊ သရက်သီးတွေ တော်တော်များများက တော့ ဆုံးရှုံးလိုက်ရတာရှိတယ်။ ပုပ်ပြီး ဖျက်ဆီးသွားတာတွေ ရှိတယ်။
ဂိတ်ပေါက် ဖွင့်ထားစဉ်တုန်းကလည်း ကျပ်ကျပ်တည်းတည်းနဲ့ ဝင်ရတယ်။ အဲဒီတော့ အပျက်အဆီးများတယ်။ အခုလည်း ပိတ်ထားတော့ ဒီအတိုင်းပါပဲ။ အလေ အလွင့် ပစ်ရမှာတွေများတော့ နစ်နာတွေက အခုထိတော့ ရှိမှာနေ တာပဲ။
မေး ။ ။ ဒီနယ်စပ်ဂိတ်ပေါက်ကို မှီခိုပြီး လုပ်ကိုင်နေရတဲ့ လုပ်သားတွေရဲ့ အလုပ်အကိုင် အခြေအနေကရော လက်ရှိမှာ ဘယ်လို အခြေအနေ ဖြစ်သွားပါ သလဲ။
ဖြေ ။ ။ နယ်စပ်ပေါက်ကို မှီခိုပြီးလုပ်စားနေရတဲ့ လုပ်သားတွေက တရုတ် ဘက်ရော မြန်မာဘက်မှာရော ရှိတယ်။ တရုတ် ဘက် အခြမ်းမှာလည်း မြန်မာ လုပ်သားတွေ အများကြီးရှိတယ်။ နောက်ဒီဘက်က ကုန်သွယ်မှုလမ်းကြောင်း မှာ လုပ်စားနေတဲ့ မြန်မာလုပ်သားတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနေတာ အများကြီးပေါ့။
ဒီအနေအထားမှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကို အမှီပြုပြီးတော့ စီးပွားရှာနေတဲ့ ဓာတ်ဆီဆိုင်တို့၊ ဈေးသယ်တို့ အမျိုးမျိုး ရှိသလို ပို့ကုန်/သွင်း ကုန် လုပ်ငန်းရှင်တေ၊ သူတို့ရဲ့ ဝန်ထမ်းတွေ၊ အေးဂျင့်တွေ၊ အလုပ်သမားတွေ ဆက်နွယ်မှု၊ ကွင်းဆက်တွေ တော်တော် ကျယ်ပြန့် တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေအရ လူဦးရေကို သိန်းနဲ့ချီတဲ့ လုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရူံးသွား တယ်။
မေး ။ ။ ကုန်သွယ်ရေးဇုန် နယ်စပ်ဂိတ်ပေါက်တွေ ပိတ်တာက ဘယ် လောက် အပိုင်းအခြားဆိုပြီး သတ်မှတ်ထားတာ ရှိပါသလား။
ဖြေ ။ ။ ဂိတ်တွေပိတ်တာက ဘယ်နေ့ကနေ ဘယ်နေ့အထိ လောလော ဆယ်မှာ အကန့်အသတ်မဲ့ပါ။ ရွှေလီဘက်က Lockdown ဖြေမှဆိုတဲ့ အနေ အထားတွေလည်း မပြောဘူး။ အခုကတော့ အကန့်အသတ် မရှိပဲဖြစ်တယ်။ သူတို့ဘက်က ရောဂါတွေ့ရှိမှုနည်းလို့ ပြန်ဖွင့်မယ်ဆိုတဲ့ မျှော်လင့်မှုက မျှော်လင့် လို့မရတဲ့ အနေအထားရှိတယ်။
မေး ။ ။ လာမယ့် ရာသီမှာ တရုတ်ဘက်ကို သစ်သီးဝလံတင်ပို့မှုက တောင်သူတွေအနေနဲ့ မျှော်လင့်လို့ရော ရမယ့် အနေ အထား ရှိပါသလား။
ဖြေ ။ ။ အခုအနေအထားအရ ဂိတ်ပိတ်ပြီဆိုတော့ မျှော်လင့်ချက်က မှေးမိန်သွားပြီ။ ဂိတ်ပြန်ဖွင့်မယ့် အနေအထားကို လည်း မသိရဘူး။ ဒီဟာ ကတော့ ဥပမာ (၁)လလောက် ကြာမယ်ဆိုရင် မှန်းလို့က ရတယ်။ အခုကတော့ မှန်းဆလို့ မရတဲ့ အနေအထားဖြစ်တယ်။ နှစ်ချီပြီးတော့ ကြာသွားမလားပေါ့။ ဒါကြောင့် တောင်သူတွေ အနေနဲ့ စွန့်စားပြီး လုပ်ချင်လည်း တစ်ချို့တစ်လေက လုပ်ကြမှာပါပဲ။ ဒါပေမယ့် မျှော်လင့်ချက်ကတော့ တော်တော်နည်းပါတယ်။
မေး ။ ။ မူဆယ်နယ်စပ်ကုန်သွယ်ရေးက မြန်မာရဲ့ အကြီးဆုံးနယ်စပ်ကုန် သွယ်ရေးဇုန်တစ်ခုလည်း ဖြစ်တော့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အန်ကယ်တို့ ကုန်သည် တွေ အနေနဲ့ ဘယ်လိုမျိုး ညှိနှိုင်းဆွေးနွေးမှုတွေ တရုတ်ဘက်နဲ့ လုပ်စေချင်ပါ သလဲ။
ဖြေ ။ ။ ကပ်ရောဂါကာလမှာတော့ မဖြစ်နိုင်တဲ့ ဟာတွေကိုတော့ ကျနော်တို့ဘက်ကတော့ တောင်းဆိုဖို့ မမျှော်လင့်ပါဘူး။ တရုတ်က ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံကြီးဖြစ်တဲ့အတွက် သူ့နိုင်ငံသားတွေကို ကာကွယ်ဖို့ ပိုပြီး တော့ တာဝန်ကြီးတယ်။ ဒီအနေ အထားတွေ ရှိတယ်။
ကျနော်တို့ နိုင်ငံလိုမျိုးက လောလောဆယ်ကျတော့ ကြိုးစားရုန်းကန်နေရတဲ့ အခြေအနေဆိုတော့ တစ်ဖက်ကျတော့ အဖက်ဖက်က ပြည့်စုံပြီးတော့ သူလုပ် ချင်တာကို လုပ်လိုက်လို့ လွယ်လွင့်တကူ ပိတ်လိုက်လို့ သူ့ဘက်မှာက ထိခိုက်မှု မရှိဘူးလေ။ သူတို့ဘက်မှာက ကျန်းမာရေးက ပါဝါမြှင့်နေတော့ မျှော်လင့်လို့ မရဘူး။
မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးသလဲ။
ဖြေ ။ ။ ဒီအချိန်ကတော့ ကျနော်တို့ နိုင်ငံရဲ့ အခက်အခဲ ကာလဖြစ်တယ်။ ကပ်ရောဂါရော နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေအရ နယ်စပ်ဂိတ် ပေါက်တွေ ပိတ်သည်ဖြစ်စေ၊ မပိတ်သည်ဖြစ်စေ အားလုံးက ခက်ခဲပင်ပန်းစွာ ရုန်းကန်နေ ရတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဆက်ပြီးတော့လည်း ကြိုးစား ရုန်းကန်ရမှာ ဖြစ်တယ်။ ဒါကြောင့် မလိုအပ်တဲ့ စွန့်စားမှု တွေနဲ့ သွားပြီးတော့ စွန့်စားနေမယ်ဆိုရင် ကိုယ့်ဘက်က ပိုပြီး ထိခိုက်နိုင်တယ်။ နစ်နာမှုက ပိုပြီး များသွားနိုင်မယ်။ သတိထား လုပ်ကိုင်ကြပါ။ ခြိုးခြံချွေတာပြီးတော့ ဒါပဲ ရှိပါ တယ်။