ရောဂါပိုးတွေ့ရှိမှု နှုန်းတွေကလည်း လတ်တလောမှာ မြှင့်တက်နေသလို သေဆုံးမှုနှုန်းကလည်း တဖြေးဖြေးတိုးပွားလာနေ တဲ့အတွက် စားသောက်ဆိုင် တွေကို အခုလို ပိတ်ထားဖို့နဲ့ ပါဆယ်စနစ်နဲ့သာရောင်းချဖို့ ညွှန်ကြားထားတာ ဖြစ်တယ်လို့ သိရ ပါတယ်။ အခု COVID-19 ရောဂါ တတိယလှိုင်း မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့အတွက် စားသောက်ဆိုင်လုပ်ငန်းတွေရဲ့ အခြေအနေ ဘယ်လို ရှိလဲဆိုတာနဲ့ ပတ်သက် ပြီးတော့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနေလင်း ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ COVID-19 ပထမလှိုင်း၊ ဒုတိယလှိုင်းတွေတုန်းကလည်း စားသောက်ဆိုင်လုပ်ငန်းတွေကို ရိုက်ခတ်မှုတွေရှိတယ်။ အခု တတိယလှိုင်းရဲ့ ကူးစက်မှုကလည်း အရမ်းကို ပြင်းထန်နေတဲ့အတွက် စားသောက်ဆိုင်လုပ်ငန်း တွေက လက်ရှိမှာ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါသလဲ။
ဖြေ ။ ။ လောလောဆယ်မှာ နောက်ဆုံး အခြေအနေဆိုရင်တော့ ကိုဗစ် တတိယလှိုင်းကြောင့် ဆိုင်ထိုင်စား လက်မခံဖို့ တစ်ချို့ မြို့နယ်တွေမှာတော့ စာထွက်နေပါပြီ။ တော်တော်များများကတော့ လုံးဝအဆင်မပြေတော့ဘူး။ ပထမလှိုင်းမှာလည်း စားသောက်ဆိုင်တွေ ပိတ်ခဲ့ရတယ်။ ဒုတိယလှိုင်းမှာလည်း ပုံမှန်ပြန်မထွက်နိုင်တော့ဘူး။ ကြားထဲမှာ ဆိုင်ဖွင့်လိုက်ရတာက ခဏပဲဖွင့် လိုက်ရတာဖြစ်တယ်။ အဲဒီဖွင့်တဲ့ အချိန်ကလည်း တော်ရုံ အပြင်မထွက်ရဲကြ ဘူး။ လာတဲ့သူက နည်းတယ်။ ဥပမာ-ငါးခါ အပြင်ထွက်တဲ့သူတောင် တစ်ခါ-နှစ်ခါပဲ ထွက်တယ်ဆိုတော့ ရောင်းအားလည်း အများကြီးကျသွားတယ်။ ဒီကြားထဲမှာလည်း ပိတ်ထားရ တာတွေက အများကြီးဖြစ်တယ်။ ဒီတော့ ဝန်ထမ်းတွေလည်း အင်အား အများကြီးလျော့ရတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ငှားရမ်းခတွေက လျှော့မပေးနိုင်ကြဘူး။ အစိုးရဆီက ငှားထားတဲ့ မြေတွေဆိုလည်း တစ်ချို့ ဝန်ကြီး ဌာနတွေက လျှော့ပေးပေမယ့် တစ်ချို့ဝန်ကြီးဌာနတွေက မလျှော့ပေးတဲ့နေရာတွေရှိတယ်။ ပုဂ္ဂလိက ငှားရမ်း တဲ့ နေရာတွေ ဆိုလည်း တစ်ချို့လည်း လျှော့ပေးပေမယ့် တစ်ချို့လည်း မလျှော့ ပေးနိုင်ဘူးပေါ့။ (၃)လလျှော့ ပေးတယ်တို့ တစ်ဝက်လျှော့ ပေးတယ်တို့ လုပ်ကြ တယ်။ ဒါပေမယ့်လည်း စားသောက်ဆိုင်တွေအနေနဲ့ ရောင်းအားက အရင်လို မရှိတော့ဘူး။ ရောင်းအားက ၂၀ ရာခိုင်နူန်းအောက်ကို ကျသွားတယ်။ ရောင်းအားတော်တော့် ကို မရှိတော့တဲ့ ဆိုင်တွေရှိတယ်။ တစ်ချို့ လည်း မဖွင့်နိုင်တော့ဘူး။ ပြန်ပြီး ပိတ်ရတဲ့ ဆိုင်တွေရှိတယ်။ ပလာဇာတွေ၊ ဈေးဝယ်စင်တာတွေမှာ ဖွင့်ထားတဲ့ ဆိုင်တွေ ဆိုရင် သူတို့ ငှားရမ်းခ မတတ်နိုင်တော့လို့ ပြန်ပြီးတော့ ရုပ်သိမ်း သွားတဲ့ ဆိုင်တွေလည်း ရှိတယ်။ အဓိကတော့ ငှားရမ်းခ ကြောင့် ဖြစ်တယ်။ ရောင်းရတာနဲ့ ငှားရမ်းခနဲ့က ဘယ်လိုမှ Cover မဖြစ်တဲ့အချိန်မှာ ပိတ်သိမ်း သွားတဲ့ ဆိုင်တွေ အများကြီးရှိ တယ်။ စားသောက်ဆိုင် လုပ်ငန်းတွေက Covid-19 ပထမလှိုင်းထဲက စပြီးတော့ အကုန်ထိခိုက်ကြတယ်။ ဒါပေမယ့်လည်း ဆိုင်တွေ အနေနဲ့ လက်ခံတယ် ပြန်ရောင်းတယ်၊ အရင် ရောင်းအား မရှိပေမယ့် ဒီထဲကပဲ ဆက်ရပ်တည် ရုန်းကန် နေရတယ်။ တစ်ချို့ ဆို ငှားရမ်းခနဲ့ ဝန်ထမ်းစရိတ်ကျေရုံပဲရှိတယ်။ တစ်ချို့ဆိုကျေတောင် မကျေဘူး။ အခု တတိယလှိုင်းဖြစ်လာပြီ ဆိုတော့ ပါဆယ်ရောင်းရမယ်။ တစ်ချို့ဆိုင်တွေဆို ပါဆယ်မရောင်းကြရဘူး။ အဲဒီတော့ ထပ်ပြီး ထိခိုက်အုံးမယ်လို့ မြင်ပါတယ်။
မေး ။ ။ Covid-19 တတိယလှိုင်းရဲ့ ကူးစက်မှုက အရမ်းကို မြန်ဆန်နေ တော့ စားသောက်ဆိုင်လုပ်ငန်းတွေ အနေနဲ့ တခြားပုံစံပြောင်း လုပ်ကိုင်မှုတွေ ရှိလာနိုင်မလား။
ဖြေ ။ ။ အဓိက ကျနော်တို့ အမြင်ကတော့ လုံးဝကြီး ပိတ်တာနဲ့စာရင် နိုင်ငံတော်ကလည်း စည်းမျဉ်းစည်းကမ်းနဲ့ သတ် မှတ် ပေးလိုက်မယ်။ လူတွေ ကလည်း စည်းကမ်းလိုက်နာမယ်ဆိုရင် ကျနော်ပြောနေတဲ့ အရင်ထဲက နှာခေါင် စည်း Mask တပ် ပါ၊ လူစုလူဝေးနဲ့ မနေပါနဲ့ ဆိုပေမယ့်လည်း လမ်းမပေါ်မှာ Mask မတပ်ပဲ သွားတဲ့သူတွေ အများကြီး ဒါတွေကို ကျနော်တို့က ဘယ်လို လုပ်မှာလဲ။ ဒီလူတွေကို မတပ်ရင် ဒဏ်ရိုက်မယ်ဆိုတာမျိုး စည်းကမ်းတကျ သေချာလုပ်နိုင်မယ်ဆိုရင် အများကြီး လျှော့နည်းသွားမှာ ဖြစ်တယ်။ ဒီရောဂါက အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖြစ်နေတာပဲ။ တရုတ်တို့၊ ထိုင်းတို့မှာ ဖြစ်နေတာ ပဲ ဒါပေမယ့် သူတို့က Mask တပ်တယ်။ စည်းကမ်းလိုက်နာတယ်။ ကျနော်တို့ လောက် မကူးဘူး။ အခု ကျနော်တို့ဆီမှာကျတော့ အရမ်းကူးသွားတယ်။ စားသောက်ဆိုင်တွေကိုလည်း ကိုဗစ်ကာလအတွင်းမှာ ဖွင့်လို့ရအောင် ဆိုပြီး တော့ ကျန်းမာရေး ဦးစီးဌာနတို့၊ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီတို့က အရင်ထဲကလည်း စည်းကမ်းတွေ လုပ်ထား တယ်။ ဒီစည်းကမ်းတွေ အတိုင်း သာ လိုက်နာမယ်ဆိုရင် အများကြီး ကူးစက်နှုန်းသက်သာသွားမှာ။ ဥပမာ ကျနော်တို့ အလုံ အခန်းတွေဆိုရင် အဲကွန်းများတယ်။ ဒါဆို ကူးစက်မှု ပိုများ မယ်ဆိုတော့ အဲကွန်းခန်းတွေကို ပိတ်ပြီး Open air ဖြစ်အောင် ပြတင်းပေါက် တွေကို ဖွင့်ထားပေးဖို့၊ ထိုင်ခုံတွေကို ခြားထားပေးဖို့၊ လူတစ်ဦးနဲ့ တစ်ဦးခွာဖို့ အရက်ပျံပါတဲ့ ဆေးရည်နဲ့ သန့်ရှင်း လုပ်တာတို့ တွေကို စနစ်တကျလုပ်ဖို့ ညွှန်ကြားချက်တွေက ထွက်ရှိပြီးသား ဒီအတိုင်းသာ လိုက်နာပြီး လုပ်မယ်ဆိုရင် ကူးစက်နှုန်း လျှော့သွားမယ်။ ဒါဆိုရင် ဆိုင်တွေတောင်မှ ပိတ်ခိုင်းဖို့ လိုချင်မှ လိုမယ်။ အခုတော့ ပိတ်လိုက် ရတော့ နံပါတ်တစ် လုပ်ငန်းရှင်တွေ သူတို့ကို မှီခိုနေတဲ့ Supplier တွေရှိမယ်။ ဝန်ထမ်းတွေ ရှိမယ် ဒါတွေက ထိခိုက်သွားမယ်ဆိုတော့ အများကြီး ထိခိုက် သွားမယ်။ သေချာ လေးသာ စည်းကမ်းလိုက်နာပြီး လုပ်မယ်ဆိုရင်တော့ ကူးစက်မှု ဒီလောက်ကြီးအထိ ဖြစ်မှာ မဟုတ်ဘူး။ အခုလောလောဆယ် မှာတော့ ဆိုင်တွေ လက်မခံဘူးဆိုတော့ အားလုံးဒီလိုပဲ၊ ပါဆယ်ပဲ ရောင်းပြီး တော့ သွားကြရမှာပေါ့။ ဒါကိုမှ မခံနိုင်တဲ့သူက လည်း ပြိုလဲကျပေါ့ ဒီလိုပဲမြင် ပါတယ်။
မေး ။ ။ တချို့ဝန်ကြီးဌာနရဲ့ အခွန်အခတွေ ပေးဆောင်တဲ့အခါမှာ အခက် အခဲ ရှိတယ်ဆိုတာက ဘယ်လိုပုံစံမျိုး ပေးဆောင်ရတာလဲရှင့်၊ ထောက်ပံ့ကူညီ မှုက ဘယ်လိုပုံစံမျိုးနဲ့ လိုအပ်နေတာပါလဲ။
ဖြေ ။ ။ ထောက်ပံ့ကူညီမှုကတော့ တချို့အစိုးရမြေတွေကို ကျနော်တို့ ငှားရမ်းထားရတယ်။ ဒါမျိုးတွေကို တစ်နှစ်စာဆို လည်း တစ်နှစ်စာ၊ ခြောက် လစာဆိုရင်လည်း ခြောက်လစာ ဖြေလျှော့ပေးတာမျိုး လုပ်မယ်ဆိုရင် ငှားရမ်း ထားတဲ့သူတွေ သက်သာမယ်။ နောက်တစ်ခုက အခွန်အခတွေပေါ့။ စားသောက်ဆိုင်တစ်ဆိုင်မှာ အမြတ်ခွန်တွေ၊ Commercial tax တွေ ရေခွန်၊ မီးခွန်၊ အမှိုက်သိမ်းခွန်ကအစ အများကြီးမျိုးစုံ ရှိတယ်။ ဒါတွေကိုလည်း နိုင်ငံတော်က လျှော့ပေါ့ပေးမယ်ဆိုရင် အများကြီးသက်သာမယ်။ အခုလည်း ကျနော်တို့ အမြတ်ခွန် လျှော့ပေါ့ပေးမယ်လို့ သိထားတယ်။ ဒါကလည်း လျှော့ ပေါ့ပေး ရမယ့် အခွန်တစ်ခုပဲ အမြတ်ခွန်ဆိုတာ မြတ်မှ အခွန်ဆောင် ရတာကို မမြတ်ပဲနဲ့ ဘယ်လိုသွားပြီး အခွန်ဆောင်မလဲပေါ့။ အခုချိန်မှာတော့ အရင်းတောင်မရဘူး။ ရှုံးနေကြတာဆိုတော့ နိုင်ငံတော်ကို အမြတ်ခွန်အနေနဲ့ ထမ်းဆောင်ဖို့ မလွယ်ဘူး။ နိုင်ငံတော်လည်း သိမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက Commercial tax ပေါ့၊ဒါက စားသုံးသူတွေက ပေးရတဲ့ဟာ ဖြစ်တယ်။ တစ်ချို့က မဆောင်နိုင်ကြဘူး။ ရေခွန်၊ မီးခွန်ဆိုလည်း တတ်နိုင်သမျှ လျှော့ပေးရင်တော့ ကောင်းတာပေါ့။ ဒီလို အချိန်မှာက ပိတ်ထား ရတဲ့ အချိန်က များတယ်။ ပြန်ဖွင့်တဲ့အခါကျတော့လည်း ရောင်းအားက မရှိဘူး ဆိုတော့ ဒါမျိုးတွေကို တတ်နိုင်သလောက် လျှော့ပေးရင်တော့ ဘာပဲပြောပြော ဒီလုပ်ငန်းတွေ ပြန်ပြီးတော့ ထူထူထောင်ထောင်လေး ဖြစ်လာမှာ ပေါ့။ ဒီလို ပြိုလဲနေတဲ့ကြားထဲကမှ အခွန်အခတွေ သက်သာမယ် လျှော့သင့် လျှော့ထိုက် တဲ့ အခွန်အခတွေ လျှော့ပေးမယ် ဆိုရင်တော့ အမြတ်မရှိပေမယ့် သူ့ရဲ့ ဝန်ထမ်း တွေကို ထိန်းထားနိုင်မယ်ပေါ့ ဒီလိုအခြေအနေမျိုးတွေ ဖြစ်သွားမယ်။
မေး ။ ။ ခုနက ပြောတယ်ပေါ့နော်၊တတိယလှိုင်း ကိုဗစ်ရိုက်ခတ်မှုမှာလည်း စားသောက်ဆိုင်လုပ်ငန်းတွေက ထပ်ပြီး ပြိုလဲသွားနိုင်တာရှိတယ်ဆိုတော့ ဘယ်ထိ ပြိုလဲသွားနိုင်ခြေရှိပါသလဲ၊ လုပ်ငန်းတွေ အနေနဲ့ ဘာတွေ ပြင်ဆင် ထားဖို့ လိုမယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ဘယ်လောက်ထိ ပြိုလဲသွားမလဲဆိုတာတော့ မှန်းရခက်တယ်။ ဘာလို့လဲဆိုတော့ တစ်ဆိုင်ချင်းစီရဲ့ အခြေအနေ အသေးစိတ်ကျတော့ ကျနော် တို့လည်း မသိနိုင်ဘူးပေါ့နော်။ နောက်ပြီးတော့ ဘယ်ဆိုင်တွေက ပြိုလဲသွားပြီ။ ဘယ်ဆိုင်တွေ ကတော့ မရှိတော့ဘူးဆိုတာတော့ လောလောဆယ်မှာ ကျနော် တို့အတွက် စာရင်းကောက်ယူထားတာ မရှိသေးဘူး။ ကျနော်တို့ အသင်းဝင် အနေနဲ့ ပြောရင်တော့ ဘယ်သူတွေက ပြိုလဲသွားတယ်ဆိုတာ စာရင်း မပေး ထားတဲ့အတွက် အတိအကျ မရပေမယ့် ကိုယ်နဲ့သိတဲ့ မိတ်ဆွေတွေထဲမှာကိုပဲ အရင်က သူဆိုင်သုံးဆိုင် ဖွင့်ထားတယ်ဆိုရင် အခု နှစ်ဆိုင်က ဖြုတ်လိုက်ပြီ တစ် ဆိုင်ပဲ ကျန်တော့တယ်တို့ ငါးဆိုင်ရှိတဲ့ဆိုင်က တစ်ဆိုင်ပဲ ရှိတော့တယ်တို့ ဒါတွေက ကြားနေရတယ်။ တချို့ ဆိုင်တွေဆိုလည်း လုံးဝကို ပိတ်သိမ်းလိုက်ပါပြီဆိုတဲ့ ဟာမျိုးတွေ ကြား နေရတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြိုလဲတယ် ဆိုတာတော့ သိနေတယ်။ ခုနက ပြော သလိုပဲ ဆိုင်ပိတ်ထားရပေမယ့် ငှားရမ်းခတွေက ပေးနေရတယ်။ မြေပိုင်ရှင် ဘက်က လျှော့ပေးနိုင်တာကို လျှော့ပေးပေမယ့်လည်း ကျနော်တို့ဘက်မှာ ရောင်းအားမရှိတော့ ဝန်ထမ်းစရိတ်တွေက ရှိတယ်။ တစ်ချို့လည်း ဝန်ထမ်းတွေ ကို လစာမပေးနိုင်တဲ့ အခြေအနေထိ ဖြစ်သွားတယ်။ ဒါမျိုးတွေက နည်းမျိုးစုံနဲ့ အခက်အခဲတွေက ဖြစ်နေ တဲ့ အတွက်ကြောင့် COVID-19 တတိယလှိုင်းက ကြာမယ်ဆိုရင် ထပ်ပြီးပြိုလဲသွားမယ့် စားသောက်ဆိုင်တွေ တော်တော်များ မယ်လို့ ယူဆတယ်။
မေး ။ ။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာရော ပိတ်သိမ်းလိုက်ရတဲ့ စားသောက်ဆိုင် ဘယ်လောက်ရှိလဲ၊ ဒီလုပ်ငန်းကို မှီခိုနေတဲ့ လုပ်သား ဘယ် လောက်လောက် အလုပ်လက်မဲ့ ဖြစ်သွားတာ ရှိပါသလဲ။
ဖြေ ။ ။ ဒါလည်း ကျနော်တို့မှာ စာရင်း ကောက်ယူထားတာတော့ မရှိသေး ဘူး။ ကိုဗစ်ရဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်း အခု တတိယလှိုင်း ဆက်နေတာဆို တော့ ဒါတွေကို စာရင်းလုပ်ဖို့က ကျနော်တို့မှာ အချိန်မရလိုက်ဘူး။ ပထမလှိုင်း တုန်းက စာရင်း လုပ်ထားတာတော့ ရှိတယ်။ အခုကတော့ ကျနော်တို့အားလုံး Work From Home လုပ်နေကြရတယ်။ အသင်းကိုလည်း လှုပ်ရှားမှုတွေ ခဏ လေး ရပ်ထားရတဲ့ အခြေအနေဆိုတော့ အခုလောလောဆယ်တော့ data မပေးနိုင်သေးတဲ့ သဘောဖြစ်ပါတယ်။ ပြိုလဲ သွားတာတွေတော့ အများကြီးပဲ ရှိတယ်။ လောလောဆယ် မပြောနိုင်သေး တာက ဒီအချိန်မှာ အားလုံး ရုန်းနေရ တဲ့အတွက် data ပေးဖို့က အခက်အခဲရှိ နေလို့ပါ။
မေး ။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ရော စားသောက်ဆိုင်လုပ်ငန်းကို ထိခိုက်တာမျိုး ရှိပါသလား။
ဖြေ ။ ။ နိုင်ငံရေးအခြေအနေအရတော့ ကျနော်တို့ နိုင်ငံခြားသားကို အဓိကထားနေရတဲ့ ဆိုင်တွေကတော့ ခရီးသည်တွေ လျော့သွားတဲ့အတွက် အခက်အခဲတွေတော့ ရှိတယ်။ မြန်မာနိုင်ငံကိုလာတဲ့ ဧည့်သည် မရှိတော့ဘူး ဆိုတာက နိုင်ငံရေး အခြေအနေကြောင့် ပါသလို ကိုဗစ်ကြောင့်လည်း ခရီးသွား လို့ မရတဲ့အတွက် မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် အများကြီး နည်းသွား တယ်။ နဂိုထဲကလည်း နိုင်ငံခြားခရီးသည်က မရှိတော့ဘူး။ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြားသားကလည်း နိုင်ငံရေး ကြောင့် တစ်ချို့ထွက်သွားတဲ့ ပုံစံရှိကြတော့ နိုင်ငံခြားသားကို အဓိကထားရောင်းတဲ့ ဆိုင်တွေကတော့ ထိခိုက်တာပေါ့။ ပြည်တွင်းကိုပဲ အဓိကထားတဲ့ ဆိုင်တွေကတော့ ကိုဗစ်ကြောင့် အများကြီး ထိခိုက်တယ်။ နိုင်ငံရေးကြောင့်တော့ တစ်ချို့ရက် တွေမှာ ပိတ်လိုက်ရတယ်။ ငွေကြေးမတည်ငြိမ်မှုတွေ ရှိတယ်။ ဘဏ်ကနေ ငွေထုတ်မရတာတွေကြောင့် ငွေသားနဲ့ ရှင်းရတဲ့ ဆိုင်တွေဆိုရင် အဆင်မပြေဘူး။ Online Banking ၊ Digital Payment ကို သုံးပြီး ပေးရတဲ့ ဆိုင်တွေကတော့ အဆင်ပြေ တယ်။ ဒါမျိုးတွေ က အများကြီးအခက်အခဲ ရှိတယ်။ ဈေးဝယ်တာကအစ ကျနော်တို့မှာ ငွေကြေးမရှိရင် တစ်ချို့ Supplier တွေဆီက ဝယ်လို့မရဘူး။ အွန်လိုင်းနဲ့ ပေးလို့ရရင်တော့ ပြဿနာက မရှိဘူးပေါ့။ ကျနော် တို့ဆီမှာလည်း စားသုံးသူတွေဆီက Digital Payment ကို လက်ခံပေးနေရ တယ်။ ကျနော်တို့ ဆီ ဝင်သွားတဲ့ ပိုက်ဆံတွေကို ဘဏ်ကပြန်ပြီး ထုတ်လို့မရတဲ့ အတွက် ဝန်ထမ်းတွေကို လစာပေးတာကအစ တော်တော်လေး အခက်အခဲ ရှိတယ်။ သူတို့သုံးလို့ရအောင်တော့ ဝန်ထမ်းတွေကို ငွေက အမြဲတမ်း ထုတ်ပေး နေရတယ်။ ကိုယ်ပိုင်ကျတော့ ငွေကြေးကအစ အခက်အခဲရှိတယ်။ ကုန်ပစ္စည်း ဈေးနှုန်းတွေ ပြောင်းသွားတယ်၊ ဈေးတွေတက်တယ်ဆိုတာကတော့ အခက် အခဲတွေ အများကြီးရှိပါတယ်။
မေး ။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိပါသေးသလဲရှင့်။
ဖြေ ။ ။ တခြားတော့ မရှိပါဘူးဗျ။ အဓိကတော့ ကျနော်တို့ ဒီကိုဗစ်လှိုင်းကို ကျော်ဖြတ်ဖို့အတွက် အားလုံး စည်းကမ်းရှိရှိနဲ့ လိုက်နာမယ်ဆိုရင် ဒီကာလကြီး က အများကြီး ကြာမှာမဟုတ်ဘူး။ အများကြီး မကြာလို့ ဆိုင်တွေသာ ပုံမှန် အတိုင်း ပြန်ထွက် နိုင်မယ်ဆိုရင် လုပ်ငန်းတွေလည်း နည်းနည်း လည်ပတ် လာမယ်။ သူတို့ကို မှီခိုနေတဲ့ ဝန်ထမ်းတွေ အားလုံးလည်း လည်ပတ် လာမယ် ဆိုရင် ဘာပဲပြောပြော ငွေကြေးစီးဆင်းမှုက ရှိနေမှာပဲ။ အခုချိန်မှာတော့ ဆိုင်တွေပိတ်ပြီး ပါဆယ်စနစ်ကတော့ ဘယ်လိုမှ ဝယ်လိုအား မဖြစ်နိုင်ဘူး။ ဒါကြောင့် အားလုံးပဲ ဒီကာလကြီးကို အောင်မြင်စွာ ကျော်လွှားနိုင် ပါစေလို့ ဆုတောင်း ပေးရမှာ ပေါ့လေ။
#ဦးနေလင်း
#မြန်မာနိုင်ငံ
#စားသောက်ဆိုင် လုပ်ငန်းရှင်
#စီးပွားရေး
#စားသောက်ဆိုင်လုပ်ငန်း
#ကိုဗစ်-၁၉
#ကျန်းမာရေး
#ပါဆယ်စနစ်
#ပြိုလဲနိုင်
#ငွေကြေးအခက်အခဲ