ဒီလို ရပ်ဆိုင်းနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို မှီခိုနေရတဲ့ လုပ်သားတွေဟာလည်း အလုပ်လက်မဲ့တွေ ရှိလာပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချူပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့် ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး ။ ။ လက်ရှိ ဆောက်လုပ်ရေးဈေးကွက်ရဲ့ အခြေအနေက ဘယ်လိုရှိပါ သလဲ။
ဖြေ ။ ။ ဆောက်လုပ်ရေးဈေးကွက်က လက်ရှိမှာတော့ ကျဆင်းနေတဲ့ အခြေအနေ ဖြစ်တယ်။
မေး ။ ။ ဆောက်လုပ်ရေးဈေးကွက်က နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြောင့် လား၊ ဘယ်လိုမျိုး အခြေအနေတွေကြောင့် ကျဆင်းနေရတာလဲ။
ဖြေ ။ ။ ဆောက်လုပ်ရေးက ယခင် ၂၀၁၅ ခုနှစ်လောက်က စပြီးတော့ ကျဆင်းနေတာဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ်မှာလည်း အထပ်အမြင့်တွေ ရပ်လို့ တစ်ခါ ကျဆင်းတယ်။ ပြီးတော့ ၂၀၁၉ ခုနှစ်လောက်မှာ နည်းနည်းလေး အခြေအနေ ကောင်းနေ တာ။ ၂၀၂၀ ခုနှစ်မှာတော့ Covid-19 စဖြစ်တယ်။ အဲ့ကနေပြီးတော့ အခုချိန်ကျတော့ နိုင်ငံရေးအပြောင်းအလဲနဲ့ ဘဏ်မှာ ငွေကြေးထုတ်ယူရတဲ့ အခက်အခဲတွေကြောင့် အားလုံးပေါင်းပြီးတော့ အခုအချိန်မှာပိုပြီးတော့ ကျဆင်းနေတယ်လို့ ပြောလို့ ရပါတယ်။
မေး ။ ။ ဘယ်လောက် ရာခိုင်နှုန်းလောက်ထိ ကျဆင်းနေတာလဲ၊ အလုပ် လက်မဲ့တွေကရော ဘယ်လောက်ရာခိုင်နူန်း ဘယ်လောက်ထိ ရှိနေပါသလဲ။
ဖြေ ။ ။ ရာခိုင်နူန်းအတိအကျ ပြောဖို့ကျ ခက်တယ်။ အလုပ်လက်မဲ့လည်း အတိအကျပြောဖို့ကျတော့ ကျနော်တို့ဆီမှာ စာရင်းဇယား အချက်အလက် အားနည်းတော့ ပြောဖို့က ခက်တယ်။ ကျဆင်းတာတော့ သိပါတယ်။ ဥပမာ မီးရထား၊ ဟိုတယ် လုပ်ငန်းတွေဘာတွေ ရပ်ဆိုင်းတာပေါ့။ ဒါကြောင့် တော်တော်လေး ရပ်နေပြီ။ ကိုယ်ပိုင်လုပ်ငန်းတွေလည်း ရပ်တယ်။ နောက် တစ်ခါ တင်ဒါလုပ်ငန်းတွေမှာလည်း ဒီနှစ်ထဲမှာ ခေါ်မယ့်လုပ်ငန်းတွေ အားလုံး မလုပ်နိုင်ပဲနဲ့ ကျနော်တို့ သွင်းထားတဲ့ဟာတွေ အကုန်ပြန်ထုတ်တာ ဆိုတော့ ကျဆင်းတာတော့ သိသာတယ်။ အလုပ်လက်မဲ့ ဘယ်လောက် ဖြစ် တယ် ဆိုတာတော့ ခန့်မှန်း ရတာ ခက်ပါတယ်။တွက်ချက်ထားတာတော့ မရှိဘူး။ ယေဘုယျအားဖြင့် ယခင်က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လူဦး ရေ ၁ ဒသမ ၃ သန်းလောက် ဆောက်လုပ်ရေး ကဏ္ဍမှာ ရှိတယ်လို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စာရင်းဇယားအရ ခန့်မှန်းထားတာ ရှိတယ်။ အခုချိန် မှာတော့ တော်တော် များများတော့ ထိခိုက်မှုရှိနိုင်တယ်။ အရေအတွက်တော့ အလုပ် အကိုင် အခွင့်အလမ်း ဘယ်လောက်လျော့ပါးသွားလဲ ခန့်မှန်းဖို့ ခက်ပါတယ်။
မေး ။ ။ ဆရာလည်း ခဏက ပြောတယ်ပေါ့နော်။ တင်ဒါလုပ်ငန်းတွေက ရပ်ဆိုင်းသွားတယ်ဆိုတာက ဘာကြောင့် ရပ်ဆိုင်းသွားတာပါလဲ။
ဖြေ ။ ။ ကြားထဲမှာ နိုင်ငံရေးနည်းနည်း မတည်မငြိမ် ဖြစ်တဲ့အခါ၊ အစိုးရ အပြောင်းအလဲ ဖြစ်တဲ့အခါမှာ တင်ဒါကို စိစစ်တဲ့ အဖွဲ့မှာတင် ကြန့်ကြာသွား တယ်။ နောက်တစ်ခါ ဒီဘတ်ဂျက် နှစ်ကုန်ခါနီးဖြစ်တဲ့ အတွက်ကြောင့် တင်ဒါ တွေကို ဆက်လက် ပြီးတော့ အတည်မပြုနိုင်တာ၊ မထုတ်ပြန်နိုင်တာလို့ ယူဆပါ တယ်။ နိုင်ငံမှာလည်း သူတို့ရဲ့ ဘတ်ဂျက်အခြေအနေ ရှိကောင်း ရှိမယ်။ အဓိက တော့ အဲ့ဒီဟာကြောင့်ပါပဲ။
မေး ။ ။ ဘဏ်လုပ်ငန်းရဲ့ အခြေအနေတွေကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ဘယ်လောက်ထိ ထိခိုက်မှုရှိ နေပါသလဲ။
ဖြေ ။ ။ အများကြီးထိခိုက်ပါတယ်။ဘာလို့ အများကြီးထိခိုက်လဲဆိုရင် ဘဏ်တွေမှာ အရင်က ကျပ်သိန်း ၂၀၀ ထုတ်လို့ ရတယ်။ အဲ့ကနေ ကျပ်သိန်း ၁၀၀ အဲ့ကနေမှ တစ်ပတ်ကို ကျပ်သိန်း ၅၀ ဆိုတာတောင် နပ်မမှန်ချင်တော့ ဘူး။ တစ်ပတ် ကျပ်သိန်း ၅၀ ထုတ်လို့ ရဖို့တောင် မသေချာတဲ့ အခြေအနေ ဖြစ်နေတယ်။ ဆောက်လုပ်ရေး လုပ်ငန်းကကျတော့ အလုပ် သမားတွေအတွက် နေ့တိုင်း နေ့တွက်တွေ ရှင်းပေးရတယ်။ ဝန်ထမ်းစရိတ်တွေ ရှိတယ်။ ပစ္စည်းဝယ်တဲ့အခါမှာလည်း ငွေ လက်ငင်း ပေးဝယ်ရတာရှိတယ်။ Account transfer မရတာ ရှိတယ်။ ဘဏ်လုပ်ငန်းကြောင့်တော့ တော်တော်လေး ထိခိုက် ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတင် မဟုတ်ပါဘူး။ ကျန်တဲ့ စီးပွားရေးလုပ်ငန်း တွေ အားလုံး ငွေကြေးအကျပ် အတည်းက တော်တော်လေး ထိခိုက်မှု ရှိတယ် လို့ ပြောလို့ရတယ်။
မေး ။ ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းဖို့ အတွက်ပေါ့လေ၊ ဆရာတို့ ဆောက်လုပ်ရေး ကဏ္ဍအတွက် ဘာတွေလိုအပ်နေ ပါသလဲ။
ဖြေ ။ ။ နံပါတ်တစ်အချက်ကတော့ ငွေကြေးတွေပေါ့နော်။ ငွေကြေးတွေ လွယ်လွယ်ကူကူ ထုတ်ရဖို့၊ နောက်တစ်ခုက ပစ္စည်းဈေးတွေပေါ့။ မြန်မာငွေ ဈေးက ကျဆင်းသွားပြီး ဒေါ်လာဈေး မြင့်သွားတယ်။ အဲ့ဒီတော့ ဆောက်လုပ် ရေးသုံး ပစ္စည်းတွေ ဈေးတက်ကုန်တယ်။ ဒီလို ကုန်ဈေးနှုန်းတက်တာနဲ့အညီ နောက်ပိုင်း တင်ဒါတွေမှာလည်း ဈေးနှုန်းမြှင့်ပေးမှ ရမယ်။ ငွေကြေးလည်ပတ်မှု ကောင်းအောင် ပြန်လုပ်ပေးမှရမယ်။ ငွေထုတ်ယူမှု လွယ်ကူအောင် လုပ်ပေးမှ ရမယ်။ ကုန်ဈေးနှုန်း တက်တာနဲ့အညီ လာမယ့် တင်ဒါတွေမှာလည်း ဈေးနှုန်း ကို ပြန်ပြီးတော့ သတ်မှတ်တဲ့ ဈေးကို မြှင့်ပေးဖို့လိုတယ်။ နိုင်ငံတော်ရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေများများလေး ပြန်ချထားပေးဖို့လို တယ်။ နောက်တစ်ခုကတော့ အခွန်နှုန်းထား တွေ ပြန်လျှော့ထားတာရှိပေမယ့် ဒါကလည်း (၃)လထဲဖြစ်နေတဲ့ အတွက်ကြောင့် နောက်လာမယ့်ဟာက မီနီ ဘတ်ဂျက်ပဲ ရှိတော့ အနည်းဆုံး (၂)နှစ် သို့မဟုတ် (၃) နှစ်လောက်ကို အခွန်နှုန်း ထား ပြန်လျှော့ပေးမှ အိမ်ခြံမြေဈေးကွက် ကောင်းပြီး ဆောက်လုပ်ရေး ဈေးကွက်လည်း ပြန်ကောင်းလာမယ်ပေါ့။ ဒါကြောင့် အခွန်နှုန်းထားလျှော့ရင် ရေရှည်လျှော့ပေး စေချင် တယ်။ ပြီးတော့ ငွေကြေးသာ လွယ်လွယ်ကူကူ ထုတ် ပေးနိုင်မယ်။ လည်ပတ်သွားမယ်ဆိုရင် ထိုက်သင့်တဲ့ အဆင်ပြေမှု ပြန်ဖြစ်မယ် လို့ ယူဆပါတယ်။
မေး ။ ။ အခုက တတိယလှိုင်း ကိုဗစ်ကလည်း လာနေပြီဆိုတော့ စီးပွား ရေး လုပ်ငန်းတွေက Covid ကြောင့်လည်း ၂၀၂၀ နှစ်စလောက်ကနေ ထိခိုက် လာတော့ အခုတကျော့ပြန်လာနေတဲ့ လိူင်းတွေရဲ့ ဒဏ်ကို ခံနိုင်ဖို့ ဘာတွေ ပြင်ဆင်ဖို့ လိုအပ်နေ ပြီလို့ သုံးသပ်မိပါသလဲ။
ဖြေ ။ ။ အဲ့ဒါကတော့ ပုံမှန်အတိုင်းပဲပေါ့နော်။ ကျနော်တို့ သတ်မှတ်တဲ့ Covid စည်းမျည်းစည်းကမ်းတွေနဲ့ တောင့်ခံမယ်။ လက်ဆေးပါ၊ Mask တပ်ပါ၊ ခြောက်ပေခွာ နေပါပေါ့၊ ဒါတွေကတော့ ယေဘုယျ စည်းကမ်း သတ်မှတ်ချက် တွေပေါ့။ ဆောက် လုပ်ရေးမှာက တစ်ခုရှိတာက သူက ရုံးခန်းနေပြီး လုပ်ရတဲ့ အလုပ်မဟုတ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်က နီးနီး ကပ်ကပ် လုပ်ရ တဲ့ အလုပ်တွေ မဟုတ်တဲ့အတွက် အရမ်းကူးစက်ပြီးတော့ ရောဂါပြင်းထန်တာ၊ သေဆုံးတာတော့ ရှေ့မှာ ရှိခဲ့တာတော့ နည်းပါးတယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ တကယ် Covid ပြင်းထန်လာပြီဆိုရင် အလုပ်သမားတွေ သွားတာလာတာ၊ ဝန်ထမ်းတွေ သွားတာလာ တာ၊ စားတာ၊ သောက်တာက လည်း ပြဿနာဖြစ်နိုင်တယ်။ ကျနော်တို့ ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ထား၊ ပြင်ဆင်ထား ထိခိုက်မှုကတော့ အနည်းနဲ့အများ ရှိနိုင်တယ်။ Lock Down ဖြစ် သွားတဲ့အတွက် သွားတာလာတာ အခက်အခဲဖြစ်သွားမယ်။ ပစ္စည်းတွေ ပို့ဆောင်တဲ့နေရာမှာ တစ်မျိုးအခက်အခဲ ဖြစ်နိုင်တဲ့အတွက် တကယ့် Covid က ကြီးကြီးမားမား ရိုက်ခတ်မယ် ဆိုရင်တော့ ဒီ့ထက်ကို အများကြီး ထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။ ပြင်ဆင်ထားရင် နည်းနည်း သက်သာနိုင်ပေမယ့် ထိခိုက်မှု က တော့ ရှိလာနိုင်တယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ တစ်ခုက တခြားပြည်ပ နိုင်ငံတွေနဲ့ ဆက်စပ်လုပ်နေတဲ့ ဆောက် လုပ်ရေး လုပ်ငန်းတွေ စီမံကိန်းတွေရဲ့ အခြေအနေ ကရော ဘယ်လိုမျိုး ရှိပါသ လဲ။
ဖြေ ။ ။ တချို့အလုပ်တွေကတော့ ရပ်ဆိုင်းနေတယ်။ နောက်တစ်ခါ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)တို့က ထောက်ပံ့တဲ့ ဟာတွေကျတော့ လုပ်ရတာတော့ နိုင်ငံနဲ့ ချုပ်လိုက်မယ်။ ဒါပေမယ့် ADB က ပိုက်ဆံမပေးတဲ့အတွက်၊ နိုင်ငံတော် က လုပ်ငန်း ရှင် ဖြစ်တဲ့အတွက် မပေးတော့ အခက်အခဲတွေတော့ ရှိတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာလည်း လတ်တလော ထိခိုက်မှုတွေ ရှိနေပါတယ်။ ဘယ်လောက်ထိ ထိခိုက်မှုတွေ ရှိနေလဲ ဆိုတာ တော့ စာရင်းက အတိအကျမရှိတဲ့ အတွက်ပြောလို့ မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ADB နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေရှိနေတဲ့ အခါကျတော့ သိတယ်။
မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာများ ရှိပါသေးသလဲ။
ဖြေ ။ ။ အခုချိန်ကတော့ နိုင်ငံရေးတည်ငြိမ်ရင် ရှိသမျှ စီးပွားရေးလုပ်ငန်း အားလုံးက ကောင်းတယ်ပေါ့။ နိုင်ငံရေးနဲ့ စီးပွားရေးလုပ်ငန်းက ဆက်စပ်နေ တော့ အမြန်ဆုံးတည်ငြိမ်မှု ရပါစေ။ ဒါဆိုရင် ကျန်တဲ့အခြေအနေ အရပ်ရပ်က ကောင်းမွန် ထိုက်သင့်တဲ့ အခြေအနေ တစ်ရပ်အထိ ပြန်လည် တည်ငြိမ်သွား နိုင်တယ်လို့ ယူဆပါတယ်။ တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ အနည်းနဲ့အများ ထိခိုက်မှုက ဆက်ရှိနေမှာလို့ ယူဆပါတယ်။ ကျန်တာတော့ ပြောစရာမရှိပါဘူး။
#ဦးမျိုးမြင့်
#မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချူပ်
#ဆောက်လုပ်ရေးလုပ်ငန်း
#ငွေကြေးအခက်အခဲ
#စီးပွားရေးကျဆင်း
#နိုင်ငံရေးတည်ငြိမ်မှု
#အင်တာဗျူး