CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃ ရက်
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်းခံစားနေရသည့် မြန်မာနိုင်ငံထဲသို့ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်များမှ အရေးပေါ် တင်သွင်းခွင့်ကို သြဂုတ်လ ၂ ရက်မှ စတင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ကလေး-တမူးနယ်စပ် ကုန်သည်ကြီးများ အသင်း ဥက္ကဌဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
“တရားဝင်ခွင့်ပြုချက် ပေးပြီးဖြစ်တဲ့အကြောင်းကို စီးပွား/ကူးသန်းကလည်း အကြောင်းကြားပါတယ်။ မနေ့က စပြီးခွင့်ပြု လိုက်တာဖြစ်တယ်။ ကုန်သွယ်မှုကို ဖွင့်ပေးတာတော့ မဟုတ်ဘူး။ ကိုဗစ်နဲ့ ပတ်သက်တဲ့ ဆေးတွေ၊ ဘာတွေ တင်သွင်းလို့ ရအောင်ဖြစ်တယ်။ FDA ခွင့်ပြုချက်ပေးထားတဲ့ ပစ္စည်းတွေပဲ ဖြစ်တယ်။ အကိုက်အခဲပျောက်ဆေးလို ဓာတ်ဆားလို ဟာမျိုး တွေပေါ့။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားတဲ့ ဆေးပစ္စည်းတွေပေါ့။ ၈ မျိုးလောက်တော့ ရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။