CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁
COVID-19 တတိယလှိုင်းကြောင့် နေ့စဉ်နှင့်အမျှ ကူးစက်မှုနှုန်းသာမက သေဆုံးမှုနှုန်းများပါ မြင့်တက်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ဖျားနာပြီး အနံ့ပျောက်သည့် လက္ခဏာအား လူအများစု တွေ့ကြုံခံစားနေကြရသော်လည်း အနံ့ ပျောက်ခြင်းသည် ထိတ်လန့်စရာမဟုတ်ကြောင်း စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)တွင် သူနာပြု Volunteer လုပ်ပေးနေသည့် ကိုစောသော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
သူနာပြု Volunteer လုပ်ပေးနေသည့် ကိုစောသော်ထက်က“ကျနော်တို့က ၃ ခု သတ်မှတ်ထားတယ်။ အနံ့ပျောက်ရင် အဆင့် ၁၊ လည်ချောင်းတွေယားပြီး ချောင်းဆိုလာရင် အဆင့် ၂နဲ့ မောဟိုက်ပြီးတော့ အဆုတ်တွေ နာလာပြီဆိုရင်တော့ အဆင့် ၃ ဆိုပြီး သတ်မှတ်ထားပါတယ်။ အနံ့ပျောက်လာတဲ့ အခြေအနေမှာဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ အနံ့ပျောက်တယ်ဆိုတာ သိပ်ပြီးတော့ ကြောက်ဖို့မကောင်းပါဘူး။ အနံ့ပျောက်ပြီဆိုတာနဲ့ သတိထားလို့ရပါပြီ။ အနံ့ပျောက်တယ်ဆိုတာ အရမ်း ကျေးဇူးတင် သင့်ပါတယ်။ အနံ့မပျောက်ပဲ ဖြစ်နေတဲ့သူထက် အနံ့ပျောက်ပြီးတော့ လက္ခဏာစပြတယ်ဆို အရမ်း ကျေးဇူး တင်ဖို့ ကောင်းပါတယ်။ အနံ့ပျောက်ပြီဆို ကိုယ့်ကိုယ်ကို သတိထားလို့ရပါပြီ ငါအနံ့ပျောက်ပြီဆိုပြီး ထိတ်လန့်တကြား မဖြစ်သွားပါနဲ့”ဟု ဆိုသည်။