CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉

အောက်ဆီဂျင်အိုးများ အဆမတန် ဈေးတက်နေခြင်းနှင့် ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည့်အပေါ် မိမိ၏ တဒင်္ဂ အကျိုးအမြတ်အတွက် အများသူ၏ အသက်ကို မစတေးပါနှင့်ဟု မြောက်ဒဂုံမြို့နယ် ပင်းယလမ်းတွင် စေတနာရှင်ပရဟိတအသင်း(ရန်ကုန်)မှ ဖွင့်လှစ်ထားသည့် Emergency Oxygen Care Center ၌ ကူညီပေးနေသူ သူနာပြု ကိုစောသော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

“ပထမဆုံး ဈေးကစားတဲ့ သူတွေကို ပြောချင်တာက သူတို့ရဲ့စီးပွားရေးက အသက်နဲ့လဲ နေရတယ်လို့ ပြောချင် တယ်။ ကိုယ့်ရဲ့ တဒင်္ဂ အကျိုးအမြတ်အတွက်နဲ့ သူများတွေရဲ့ အသက်ကိုတော့ မစတေးပါစေနဲ့ပေါ့နော်။ အခုလို ဈေးကစားတဲ့ အချိန်မှာဆိုရင် ဟုတ်ပါတယ်၊ စီးပွားရေးပြေလည်တဲ့သူတွေက ၁၅ သိန်းဆိုလည်း ဝယ်နိုင်သလို ၁၈ သိန်းဆိုရင်လည်း ဝယ်နိုင်ပါလိမ့်မယ်။ ဘယ်လောက်ကုန်ကုန် အကုန်ခံနိုင်တဲ့မိသားစုက မြန်မာနိုင်ငံမှာ နည်း ပါတယ်။

မြန်မာနိုင်ငံက အောက်ခြေလူတန်းစားနဲ့ ရပ်တည်နေတဲ့နိုင်ငံပါ။ အဲ့လိုအခြေအနေမျိုးမှာ ဒီလိုငွေကြေး ကစားလိုက်ခြင်းအားဖြင့် ကျနော်တို့ရောဂါသည်တွေ လူမမာတွေရဲ့ အသက်ကို ကစားနေတာပါပဲ။ သူတို့ဈေး ကစားလေ ဒီဘက်အခြမ်းမှာ လူနာတွေရဲ့ အသေအပျောက်နှုန်းက များလေများလေ ဖြစ်လာမှာပါ” ဟု စောသော်ထက်က ဆိုသည်။