CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
နေပြည်တော်ကောင်စီနယ်၊ ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy(ဘွဲ့နှင်းသဘင်ခန်းမ)ဘက်စုံသုံးခန်း မကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ယခုဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံ ဒီဇိုင်းများကို မဲစနစ်ဖြင့် ကျောင်းသား/သူများ ကိုယ်တိုင် ရွေးချယ်စေခဲ့ ပြီး ရွေးချယ်မှု မဲအများဆုံးရရှိသည့် ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ခြင်းသည် ယခုဘွဲ့နှင်းသဘင်ခန်းမကြီး၏ ထူးခြား ချက်ပင် ဖြစ်ကြောင်း၊ ထိုကဲ့သို့သော ဆောင်ရွက်များမှတဆင့် လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေး ကြရန်နှင့် ဒီမိုကရေစီ အလေ့အကျင့် ကောင်းများရရှိအောင် လေ့ကျင့်ပေးကြစေလိုကြောင်း ၎င်းက ပြောသည်။

ယခုဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့ရကျောင်းသား ၂၃၀ ဦးကို မကြာမီတွင် ပထမအကြိမ်အဖြစ် ဘွဲ့အပ်နှင်း ချီးမြှင့် ပေးနိုင်တော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတကာအဆင့်မီ Naypyitaw State Academy ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ ကြောင်း၊ ယခုတက္ကသိုလ်ကြီးသည် ဝိဇ္ဇာ၊ သိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာ၊ ဆေးပညာ၊ လူမှုရေးပညာ၊ သံတမန်ရေးရာ ၊ အားကစား အစရှိသည့် ဘာသာရပ် နယ်ပယ်စုံလင်စွာဖြင့် ဘက်စုံပညာများ သင်ကြားပို့ချပေးနေသည့် မြန်မာ နိုင်ငံ၏ ပထမဆုံးသော ပညာရပ်ပေါင်းစုံ လေ့လာသင်ယူနိုင်မည့် Comprehensive University ဖြစ်ကြောင်း ၎င်းက ပြောသည်။
