CNI Interview
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂
မိမိတို့၏ ဒေသအခွင့်အရေးများကို တရားဉပဒေနှင့် အညီတောင်းဆိုနိုင်ရန် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော် ထဲသို့ တိုင်းရင်းသားများ ပိုမိုပါဝင်လာရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် ရှုပ်ထွေးလျက်ရှိပြီး အာမခံချက်မရဘဲ ဖြစ်နေခြင်း ကြောင့် တိုင်းရင်းသားများသည် လွှတ်တော်ထဲသို့ အပြည့်အဝ ဝင်ရောက်ရန် မစဉ်းစားနိုင်သေးဘဲ လက်နက်ကိုင် လမ်းစဉ်ကိုသာ အားကိုးအားထားပြုလျက်ရှိသည်။
ထိုသို့ ဖြစ်ရခြင်းကလည်း လွှတ်တော်အတွင်းမှာ အင်အားကြီး ပါတီများနှင့် အစုအဖွဲ့များက တိုင်းရင်းသားများ လွှတ်တော်တွင်း တင်ပြ ဆွေးနွေးမှုများကို မဲအများစုဖြင့် ပယ်ချမှုများကြောင့်လည်း လွှတ်တော်ကို ကျောခိုင်း၍ လက်နက်ကိုင် လမ်းစဉ်ဘက်ကို ကူးပြောင်းသွားသူများလည်း ရှိနေသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို CNI က မေးမြန်းထားပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ SSPP ဒုဥက္ကဋ္ဌ(၁)လည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်းကိုတွေ့ရစဉ်
မေး ။ ။ SSPP နဲ့ နစက ငြိမ်းချမ်းရေးအတွက် တွေ့တဲ့အချိန်မှာ နစက-က ပြောတယ်၊ ဒီမိုကရေစီစနစ်မှာ လွှတ်တော်က နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်တယ်ပေါ့။ ဒီတိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ ဒေသ အခွင့်အရေးတွေ ကို တရားဥပဒေနဲ့အညီ တောင်းဆိုနိုင်ဖို့ ဒီနိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ကို ပိုမို ပါဝင်လာရမယ်တဲ့ဗျ။ အဲ့လို ပြောသွားတာ တွေ့ရတာပေါ့လေ။ ဆိုတော့ တိုင်းရင်းသားတွေ နောက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ အနေနဲ့ရော ဒီလွှတ်တော် အခင်းအကျင်းပေါ် ဘယ်လောက်ထိ စိတ်ဝင်စားမှု ရှိသလဲ။
ဖြေ ။ ။ ဥပဒေကြောင်းအရ ပြောရင်တော့ ပုံမှန် အခြေအနေ အောက်မှာပေါ့။ ပုံမှန် အခြေအနေဆို တာက လည်း အမျိုးမျိုးရှိပါတယ်။ သို့တည်းမဟုတ် ဒီမိုကရေစီအခွင့်အရေး ပြည့်ဝတဲ့ အခြေအနေ အောက်မှာဆိုရင် လွှတ်တော်ကတော့ သူ့ရဲ့ လွှတ်တော်အလုပ်ကို လိုလိုလားလား လုပ်နိုင်တာပေါ့ဗျာ။ အဲ့ဒါကြောင့်လည်း လွှတ်တော်က လွှတ်တော်အလုပ်ကို လိုလိုလားလား လုပ်နိုင်တယ် အစိုးရကလည်း သူ့အလုပ်ကို လုပ်နိုင်တယ် တရားစီရင်ရေးကလည်း သူ့အလုပ်ကို လုပ်နိုင်တယ်။
ဒီအာဏာကြီး ၃ ရပ်က သူ့အလုပ်ကို လုပ်နိုင်တဲ့ အနေအထားမျိုးမှာ လွှတ်တော်ကိုလည်းပဲ လွတ်လွတ်လပ်လပ် လွှတ်တော် အလုပ်လုပ်နိုင်တဲ့ အချိန်မှာတော့ အားကိုးလို့ရတာပေါ့။ အခြေအနေ ပုံမှန်မှာပေါ့။ လွှတ်တော်ကတော့ အားကိုးစရာ ဖြစ်ပါတယ်။
မြန်မာ့လွှတ်တော်ကိုတွေ့ရစဉ်
မေး ။ ။ ပြီးခဲ့တဲ့ လွှတ်တော် အခင်းအကျင်းတွေမှာပေါ့လေ၊ ဒီတိုင်းရင်းသားတွေက သူတို့အခွင့်အရေး အတွက် တင်ပြ တောင်းဆိုတဲ့အခါမှာ တစ်ဖက်က မဲအသာနဲ့ ပယ်ချတာတို့၊ လက်မခံတာတို့ ကြုံခဲ့ဖူးတယ်လို့ ပြောကြတာလည်း ရှိတယ်။ အဲ့ဒါကြောင့် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်တဲ့သူတွေလည်း ရှိတယ်။ ဆိုတော့ ဒီလွှတ်တော် အခင်းအကျင်းကျတော့ရော ဒီတိုင်းရင်းသားတွေအတွက် ယုံကြည်မှု ဘယ်လောက်ထိ ရှိနိုင်မလဲပေါ့။
ဖြေ ။ ။ အခု မြန်မာပြည်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်ပေါ့၊ ဦးနု လက်ထက်က လွှတ်တော် ဦးနေဝင်း လက်ထက်က ပြည်သူ့လွှတ်တော်၊ နောက်ပိုင်းမှာ ဦးသိန်းစိန် လက်ထက်မှာ ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်တွေပေါ့။
အဲ့ဒါတွေ အားလုံးက ရှင်းရှင်းပြောရင်တော့ ဒီ ဒီမိုကရေစီပုံစံအောက်က လွှတ်တော်လို့ မပြောနိုင်ဘူး။ ဒါကြောင့် လွှတ်တော်ထဲမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါနေတယ်ဆိုတည်းက ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတာပဲ။ ၇၅ ရာခိုင်နှုန်းမှာပဲ ရွေးကောက်ခံရတဲ့ လူတွေတက်တော့ ၇၅ မှာလည်းပဲ အနိုင်ရတဲ့ ပါတီကြီးက တစ်ခါ လွှမ်းမိုးနေ ပြန်ရော။ ဒါဆိုတော့ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသား လွှတ်တော်အမတ်တွေက ပြောရေးဆိုခွင့်ဆိုတာ ကျုံ့သွားတာပေါ့ဗျာ။ တော်တော်လေး ကျုံ့သွားတာပေါ့။ ဒါကြောင့် ဘယ်လိုမှ အခွင့်အရေး တောင်းဆိုဖို့ အောင် မြင်စရာ အကြောင်းမရှိပါဘူး။ လက်ရှိ ၂၀၀၈ အောက်က လုပ်သွားတဲ့ ဖွဲ့စည်းပုံအတိုင်းဆိုရင်တော့ အခွင့်အရေး ဘာမှ ရဖို့ အကြောင်းမရှိပါဘူး။
မေး ။ ။ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာတောင် ဒီတိုင်းရင်းသား အခွင့်အရေးတွေ တင်ပြတောင်းဆိုတဲ့ အခါမှာ မရတဲ့ဟာမျိုးတွေ ရှိတယ်။ ဆိုတော့ သူတို့အခု ဒီစစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲမှာ သူတို့က ပြောကြတာတော့ ဒီအရပ်သားအစိုးရတစ်ပိုင်း စစ်အစိုးရတစ်ပိုင်းဆိုတော့ ဘယ်လောက်ထိ ယုံကြည်လို့ ရမလဲဗျ သူတို့ကို။
ဖြေ ။ ။ ကျနော်ကြည့်တာကတော့ ဒီ အာဏာ power sharing သဘောမျိုးပေါ့။ အာဏာခွဲဝေတဲ့ပုံစံနဲ့ ဆိုရင်တော့ ခွဲဝေတဲ့ အဆင့်မှာပဲ ရှိမှာဘဲ။ ဒီကျနော်တို့ တိုင်းရင်းသား အခွင့်အရေးအတွက် အာမခံချက်ရှိတဲ့ လွှတ်တော်တော့ ဖြစ်မလာဘူးဗျ။ ဒီအတိုင်းဆိုရင်တော့။
မေး ။ ။ အခု သူတို့ပေါ့လေ ဒီတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့ အခါမှာ သူတို့ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အဖွဲ့တိုင်းလိုလိုမှာ ပြောတာ တွေ့ရတယ်။ ဆိုတော့ သူတို့က ဒီလက်နက်ကိုင်အဖွဲ့တွေကို ဘာကြောင့် ဒီရွေးကောက်ပွဲအကြောင်း ပြောတယ်လို့ ဆရာတို့ နားလည် ထားပါသလဲ။
ဖြေ ။ ။ ရှင်းရှင်းပြောရင်တော့ လက်ရှိ SAC ပေါ့လေ နစက ကနေပြီးတော့ မိတ်ဆွေဖြစ် ရန်သူမဖြစ်ပဲနဲ့ မိတ်ဖက်ဖြစ်တဲ့ အဖွဲ့အစည်းတွေက ဒီတိုင်းရင်းသားတွေပဲ ရှိတာကိုး။ ဒါကြောင့် တိုင်းရင်းသား အဖွဲ့အစည်းတွေ က သူ့ရဲ့ မိတ်ဖက်ဖြစ်နေတော့ မိတ်ဖက် အဖွဲ့အစည်းတွေကို တိုင်ပင်တဲ့ သဘောမျိုးပါပဲ။
တိုင်ပင်တယ် သဘောထားတောင်းတဲ့ သဘောပါပဲ။ ရန်ဘက်ကိုတော့ သွားတောင်းလို့ ဘယ်ရမလဲ။ ရန်ဘက် ကတော့ ဘာလုပ်လုပ် ဆန့်ကျင်မယ် ကန့်ကွက်မယ်၊ ဖျက်ချမယ်၊ ရန်ဘက်ကတော့ ပြောမှာပေါ့။ အခုကတော့ တိုင်းရင်းသားတွေက မိတ်ဖက်ဖြစ်နေတော့ မိတ်ဖက်တွေကို တိုင်ပင်တဲ့ သဘောပါပဲ။ သို့သော်လည်းပဲ အဓိက ကျတဲ့ အခု ရန်ဘက်ဖြစ်နေတဲ့ ဆန့်ကျင်ဘက် အင်အားစုတွေက ပူးပေါင်းပါဝင်မှုရှိမှပဲ ဒါအောင်မြင်မယ့် သဘော ရှိပါတယ်။ ဖျက်ဆီးဖို့ ကန့်ကွက်ဖို့ အင်နဲ့အားနဲ့ ပြင်မယ်ဆိုရင်တော့ ကျနော်တို့ တည်ငြိမ်မှု မရှိတဲ့အတွက် ဒီ ရွေးကောက်ပွဲကလည်း အလားအလာကောင်းမယ် မထင်ပါဘူး။
မေး ။ ။ အခု ဒီလာမယ့် ၂၀၂၃ မှာ ကျင်းပမယ့် ရွေးကောက်ပွဲက ဒီ နစကအတွက် နိုင်ငံရေးထွက်ပေါက် တစ်ခုအဖြစ် သူက အသုံးပြုသွားနိုင်လားဗျ။ ဒါကရော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် နိုင်ငံရေး ထွက်ပေါက် ဖြစ်ပါသလား။
ဖြေ ။ ။ ကျနော်တို့ တွက်တာက နိုင်ငံရေး ထွက်ပေါက် ဆိုတာထက်ကို အခုလက်ရှိ ကျနော်တို့ ၂၀၀၈ မှာ ပြဋ္ဌာန်းထားတဲ့ state of emergency အရေးပေါ် အခြေအနေ ပြဋ္ဌာန်းချက်များအောက်က ပြဋ္ဌာန်းထားတဲ့ ပုဒ်မ တွေနဲ့အညီ အာဏာထိန်းထားတယ်လို့ ပြောတာကိုး။ အဲ့တာကလည်း ၂ နှစ်သက်တမ်း ရှိတယ်။ ၂ နှစ် သက်တမ်း ပြည့်တဲ့ အချိန်မှာ သူတို့ ဘယ်လိုဆက်ပြီး လုပ်မလဲဆိုတာ ဖွဲ့စည်းပုံနဲ့အညီ လုပ်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံနဲ့အညီ ရထားတဲ့ အခွင့်အာဏာကို အဆုံးသတ်မယ့် သဘောတော့ ဖြစ်နိုင်တာပေါ့ဗျာ။
ဒီမှာ အဆုံးသတ်ပြီးတော့ နောက်ထပ် ဘယ်လို စခန်းသွားမလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ ဒီ ဖွဲ့စည်းပုံကပေးတဲ့ အခွင့်အာဏာကတော့ ဒီရွေးကောက်ပွဲမှာပဲ နိဂုံးချုပ်မှာပေါ့ဗျာ။ ရွေးကောက်ပွဲက ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အာဏာရဲ့ နောက်ဆုံး လုပ်ငန်းတစ်ခုအနေနဲ့ သတ်မှတ်လို့ ရတာပေါ့ဗျာ။
တိုင်းရင်းသားမျိုးနွယ်စုများကိုတွေ့ရစဉ်
မေး ။ ။ ဟုတ်ကဲ့ပါ။ ဟိုတလောကပေါ့လေ၊ ဒီအာဆီယံ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ ဒီလက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဒီအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ သူ့ရဲ့ ဩဇာအာဏာကို သုံး သွားမယ်ဆိုပြီးတော့ ပြောသွားတာ တွေ့ရတယ်။ ဒီစစ်ကောင်စီ ဘက်ကလည်း လက်ခံတဲ့ သဘောမျိုးပေါ့။ ဆို တော့ ဒီဟာက တွေ့ဆုံဆွေးနွေးဖို့ ကိစ္စကျတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဘယ်လို အနေအထား မျိုး ရှိနိုင်လဲပေါ့။ သူက လက်ခံနိုင်လား လက်မခံနိုင်ဘူးလား။
ဖြေ ။ ။ ကျနော်တို့ ဒီမေးခွန်းကတော့ ဖြေဖို့ ခက်ပါတယ်။ အခု နိုင်ငံတကာ သံတမန် စစ်မျက်နှာမှာ နိုင်ငံတကာ မျက်နှာပြင်မှာ အပြိုင်အဆိုင် လုပ်နေကြတယ်။ အပြင်ရောက်နေတဲ့ အစိုးရနဲ့ အထဲမှာ အုပ်ချုပ်နေတဲ့ အဖွဲ့နဲ့က အပြိုင်အဆိုင် လုပ်နေတော့ ဒီပြိုင်ဆိုင်မှုမှာ အင်အားချိန်ခွင်လျှာ ဘယ်လို ပြောင်းရမလဲ ဒါတော့ ကြည့်ရမှာပေါ့။
အရှေ့အုပ်စုကတော့ တရုတ်၊ ရုရှားကတော့ ကျနော်တို့ ဒီစစ်ကောင်စီ ဘက်မှာပါနေတာ တွေ့ရပြီးတော့ ဒီ အနောက်အုပ်စုကတော့ NUG ဘက် ပါနေတဲ့ အခါကျတော့ ဒီအုပ်စုပြိုင်ပွဲတွေမှာ ဘယ်လို အားသာမလဲ ဘယ်လို ချိန်ခွင်လျှာ ဖြစ်မလဲဆိုတာ ဒေါ်စုရဲ့ အဆုံးအဖြတ်မှာလည်း အဲ့ဒီ အခြေအနေပေါ် မူတည်မယ်လို့ ထင်တယ်။
ဒေါ်စုကလည်း အရမ်းဆုံးဖြတ်မှာတော့ မဟုတ်ဘူး။ သူ့ကို ဒီ ၆ လပေါ့၊ အခု စက်တင်ဘာမှာ အာဆီယံ အထူး ကိုယ်စားလှယ် လာမယ်ဆိုရင် သူက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တဲ့အချိန်မှာ ဖြစ်နေတဲ့ နိုင်ငံရေး အခင်း အကျင်း ပေါ်မှာ မူတည်ပြီးတော့ ဒေါ်စုကတော့ ဆုံးဖြတ်သွားမယ်လို့တော့ ကျနော် ယူဆတယ်။ ဒါကြောင့် ကျနော်တို့ ကြိုတင်ခန့်မှန်းဖို့တော့ ခက်ပါတယ်။ အခုက ပြိုင်ဆိုင်မှု အားကောင်းတဲ့ အချိန်လည်း ဖြစ်နေတာကို။
အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
မေး ။ ။ တချို့ နိုင်ငံရေးသမားတွေကတော့ သုံးသပ်တာပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါလက်ခံ တွေ့ဆုံမှာ မဟုတ်ဘူးပေါ့။ တကယ်လို့ သူ တွေ့လိုက်တယ်ဆိုရင်တော့ သူသဘောထား မှတ်ချက်တစ်ခုခု ပေးရ တော့မှာပေါ့။ မပေးဘူးဆိုရင်လည်း ဒီအခင်းအကျင်းကြီးမှာ နှုတ်ဆိတ်နေတာတို့၊ အဲ့လိုဖြစ်သွားမှာစိုးလို့ သူက တော့ တွေ့မှာ မဟုတ်ဘူးဆိုပြီးတော့ ပြောသွားတာ တွေ့ရလို့လေ။
ဖြေ ။ ။ ဒါလည်းပဲ ခန့်မှန်းလို့ ခက်ပါတယ်။ နိုင်ငံရေးက မဖြစ်နိုင်တာ မရှိပါဘူး။ ဖြစ်ချင်လည်း ဖြစ်လာတာ ပဲ။ ပေါ်လာတဲ့ နိုင်ငံရေး မိုးလေဝသပေါ့၊ နိုင်ငံတကာ အတက်အကျ အခြေအနေတွေ ကြည့်ပြီးတော့ အပြောင်း အလဲ ဖြစ်သွားမှာပဲဗျ။
အဲ့ဒါကြောင့် ဒီရွေးကောက်ပွဲ ကိစ္စပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် သဘောထားကိုပဲ ဖြစ်ဖြစ်ကျတော့ ဒီအချိန်နဲ့ တစ်ပြေးညီ အမြဲတမ်း ပြောင်းနေတယ်လို့တော့ ကျနော်ယူဆတယ်။ ဒါကြောင့် အခုကြိုပြောဖို့ ခက်တယ်ဗျ။ သူတို့ဖြစ်မယ်၊ မဖြစ်ဘူး ကြိုပြောလိုက်ရင် လွဲသွားတတ်တယ်။ ဒါကြောင့် ဖြစ်ပေါ်လာမှပဲ ခန့်မှန်းတာ ပိုကောင်း တယ်ဗျ။
မေး ။ ။ ဟုတ်ကဲ့ပါ ဗိုလ်မှူးကြီး။ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေကို ကျနော်ပြန်ကောက် မေးလိုပါ တယ်။ အခု ဒီ နစကနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ဒုတိယအကြိမ် ဘယ်တော့ ပြန်စဖို့ ရှိလဲဗျ။
ဖြေ ။ ။ ကျနော်တော့ မသိဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ဟိုပုဂ္ဂိုလ်လေးဦးကို ကွပ်မျက်ပြီးတဲ့ နောက်ပိုင်း မှာ ပြည်သူတွေရဲ့ လှုပ်ရှားမှု၊ အုံကြွမှုက ပိုမြင့်လာတော့ နည်းနည်းလေးတော့ လျင်လျင်မြန်မြန်တော့ ဖြစ်မယ် မထင်ဘူး။ ဖြစ်ချင်းဖြစ်ရင်လည်း အာဆီယံ အထူးကိုယ်စားလှယ် ထွက်လာမယ့် အချိန်ပေါ့။
အာဆီယံအထူးကိုယ်စားလှယ်က ဒီစက်တင်ဘာလမှာ လာဖို့ရှိတော့ အဲ့ဒီ အာဆီယံကိုယ်စားလှယ် မလာခင် လောက်မှာမှ ဖြစ်မှာ။ ဩဂုတ်လ ထဲမှာတော့ ကျနော် သိပ်မမြင်ဘူးဗျ။ အာဆီယံကိုယ်စားလှယ် လာတဲ့အချိန်နဲ့ တိုက်ပြီးတော့များ ထုတ်မလားတော့ မပြောတတ်ဘူးဗျ။ အခုချိန်ထိတော့ ကျနော်တို့ ဖိတ်စာကို ဟုတ်တိ ပတ်တိ မတွေ့သေးဘူးလေ။ လေထဲမှာပဲ ဖိတ်မယ် ထူးခြားချက်ရှိတယ် ဆိုတာလောက်ပဲ ကြားနေရတာ။ အစီအစဉ်ကို ကျနော်တို့က မသိရသေးဘူး။
မေး ။ ။ အခုတိုင်းရင်းသားတွေရဲ့ အခွင့်အရေး တောင်းဆိုဖို့ နိုင်ငံရေး စင်မြင့်ဖြစ်တဲ့ လွှတ်တော်ကို ပိုမို ပါဝင်လာဖို့ဆိုပြီး နစက-က ပြောသွားတာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး အနေနဲ့ နောက်ဆုံးဘာများ ပြောကြားလို ပါသေးလဲ။
ဖြေ ။ ။ အဲ့ဒီ သူပြောတာကတော့ သူ့ဘက်က လွှတ်တော်ကို ဝင်ခွင့်ဆိုတာ ဖြတ်သန်းရမှာက ရွေးကောက် ပွဲလေ။ အဲ့ဒီ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူပဲ လွှတ်တော်အမတ် ဖြစ်တာကိုး ဒီမိုကရေစီ ဥပဒေအရ။ သို့သော် အဲ့ဒီ မှာ ရွေးကောက်ပွဲ မဝင်ဘဲနဲ့ အမတ်ဖြစ်နေတဲ့ သူတွေကိုတော့ ဖယ်ရှားဖို့ လိုတာပေါ့ဗျာ။ အဲ့တာဆိုရင်တော့ သူတို့ ပြောတဲ့အတိုင်း ပိုပြီးတော့ စစ်မှန်တာပေါ့။ ရွေးကောက်ပွဲ မဖြတ်ဘဲနဲ့ အမတ်ဖြစ်တဲ့စနစ် ရှိနေသေးရင်တော့ လွှတ်တော်ကတော့ အားကိုးလို့ရတဲ့ လွှတ်တော်တော့ မဖြစ်သေးဘူးခင်ဗျ။ အဲ့ဒါပါပဲဗျ။