CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁

ဖိလစ်ပိုင်အစိုးရက ငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် စစ်တပ်ပါသည့် ကိုယ်စားလှယ် အဖွဲ့ကို မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်က စေလွှတ်ခဲ့သည်။

အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့တွင် စုစုပေါင်း ၉၁ ဦးပါကြောင်း၊ ဧပြီ ၁ ရက်တွင် ၅၈ ဦး လိုက်ပါသော ရှေ့ပြေးအဖွဲ့ကို ဖိလစ်ပိုင်လေတပ်က C 130 လေယာဉ် ၂ စီးဖြင့် ပို့ဆောင်ခဲ့သည်။
ထို့နောက် ၃၃ ဦးပါ ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဧပြီ ၂ ရက်တွင် စေလွှတ်မည်ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရမှ စေလွှတ်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့တွင် စစ်တပ်၊ ဖိလစ်ပိုင်လေတပ်၊ မီးဘေးကာကွယ်ရေး ဗျူရို၊ မြို့တော်မနီလာ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့နှင့် ပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ်များ/ ပုဂ္ဂလိကကဏ္ဍ (EDC နှင့် APEX သတ္တုတွင်းဌာန) ၊ ကျန်းမာရေးဌာနမှ ဖိလစ်ပိုင် ဆေးဘက်ဆိုင်ရာ အထောက်အကူအဖွဲ့၊ အရပ်ဖက် ကာကွယ်ရေးရုံးညှိနှိုင်းရေးမှူးများ ပါဝင်ကြသည်။

အလားတူ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးပစ္စည်းများလည်း တစ်ပါတည်း သယ်ဆောင်လာမည် ဖြစ်သည်။