ရန်ကုန်၊ ဇွန် ၂၉
မေး။ ။ အခုလက်ရှိဘဏ်လုပ်ငန်းအခက်အခဲကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လောက်ထိ ခက်ခဲနေကြလဲ။ လက်ရှိ ဗဟိုဘဏ်က ဘာတွေ အမြန်ဆုံး လုပ်ပေးဖို့ လိုအပ်နေလဲ။ ဖြေ။ ။ ဒါကလည်းအားလုံးသိကြတဲ့ အတိုင်းပဲလေ။ လက်ရှိမှာငွေထုတ်လို့ မရ ကြဘူး။ အဲ့ဒါကြောင့် ငွေကြေး လည်ပတ်မှု က တုံ့နှေးနေတယ်။ ကျွန်တော်တို့ က အကြမ်းဖျင်းပြောရမယ်ဆိုရင် အပြင်မှာ ငွေစက္ကူက စုစုပေါင်းရှိတဲ့ဟာထက် ၁၀ ရာခိုင်နှုန်းရှိတယ်ဆိုပါစို့ ဒါဆိုရင် အခုလက်ရှိအနေအထားမှာ အဲ့ဒီရှိတဲ့ ၁၀ ရာခိုင်နှုန်းနဲ့ လုပ်ငန်းလည်ပတ် နေရတာ ဖြစ် တယ်။ အဲ့ဒီတော့ ၉၀ ရာခိုင်နှုန်း လောက်က အလုပ်မလုပ်ဘူးဖြစ်နေတာ။ ပြောရရင်တော့ အခြေအနေ တော် တော် ဆိုးတယ်။
မေး။ ။ဗဟိုဘဏ်အနေနဲ့ရော ဒါတွေကို အရေးတကြီး ဖြေရှင်းဖို့ လိုတယ်လို့ ဆရာ့အနေနဲ့ မြင်ပါသလား။
ဖြေ။ ။လိုတာပေါ့ လက်ရှိအနေအထားက ဗဟိုဘဏ်ရော၊ လက်ရှိအစိုးရရော ပေါ့နော်။ ဒီအတိုင်းဆက်ပြီးသွားမယ်ဆိုရင် စီးပွားရေးတွေ ရပ်သွားမယ့် အနေ အထားဖြစ်တယ်။ အားလုံးက ယုံကြည်မှုတွေ နည်းတဲ့အခါကျတော့ banking နဲ့ ငွေပေးချေ လို့ မရဘူး။ ဒါကလည်း ဘယ်သူ့အပြစ်မှတော့မဟုတ်ဘူး။ အစ အဆုံး လည်နေတယ်။ ဥပမာ ဆိုပါတော့ ကျွန်တော်တို့က ကုန်ပစ္စည်းတွေ တင် တယ်။ စူပါမားကတ်ပဲဖြစ်ဖြစ်၊ ဆေးဆိုင်တို့ဘာတို့ဆိုရင် ကျွန်တော်တို့က ဝယ်ရင် ငွေသားပေးရတယ်၊ သူတို့က တစ်ဆင့် ကုန်ပစ္စည်းတင်သွင်းဖို့ ဒေါ်လာ ပြန်ဝယ် ဆိုတော့ ဒေါ်လာရောင်းတဲ့သူက ငွေသားပြန်တောင်းတယ်။Bank account နဲ့ မရဘူး။ ပြည်ပတင်ပို့တဲ့သူတွေကလည်း လယ်သမားတွေဆီက ပြန်ဝယ်ရင် ငွေသားနဲ့ ဝယ်ရတယ်။ ဘဏ် အကောင့်မှ မရှိတာ။ ဒါကြောင့် ဒါကြီးက တစ်ပတ်လည်နေတာပေါ့နော်။ အဲ့ဒီတော့အမိန့်တစ်ခု ထုတ်လိုက်ပြီးတော့ ငွေသားမလဲပဲ အကောင့်လက်ခံ ဆုံးဖြတ်လို့လည်း မရပြန်ဘူး။ အားလုံးက လက်ခံမှ ရမယ်။ အောက်ခြေအဆင့်ထိရှိတယ်။ မြန်မာနိုင်ငံမှာ ဘဏ်အကောင့် မရှိတဲ့သူက တော်တော်များများရှိတယ်။ ဒါကြောင့် ဒီကိစ္စကိုတော့ အမြန်ဆုံး ဖြေရှင်း သင့်တယ်။ ဒီအတိုင်းဆက်သွားရင်တော့ တိုင်းပြည်စီးပွားရေးကို ဆွဲချသွားလိမ့်မယ်လို့ မြင်ပါတယ်။
မေး။ ။ဗဟိုဘဏ်ရဲ့ ငွေကြေး အခက်အခဲကြောင့် လက်ရှိ အပြင်မှာဆိုရင်လည်း ငွေလဲလှယ်နှုန်းတွေက ရာခိုင်နှုန်း တစ်ခုအထိ တက်နေတယ်။ Wave Money ပဲထုတ်ထုတ်၊ ATM ၊ Online Banking System နဲ့ပဲထုတ်ထုတ်ပေါ့နော် ရာခိုင်နှုန်းတစ်ခုထိ ဈေးတွေက တက်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လည်း ကုန်ဈေးနှုန်းတွေက မြင့်တက်လာတွေရှိတယ်။ ဒီအပေါ်မှာလည်း သုံးသပ်ပေးပါအုံး။
ဖြေ။ ။ဒါကြောင့်ရယ်လို့လည်း အပြစ်တင်လို့မရဘူးပေါ့နော်။ ဘာလို့မရလည်း ဆိုတော့ ရာခိုင်နှုန်းမှ ပေးမသုံးရင်တောင် ငွေသုံးလို့ မရတဲ့ သူတွေ အများကြီး ပေါ့နော်။ လုံးဝရပ်သွားမယ်။ ရာခိုင်နှုန်းမလဲနဲ့ဆိုရင်ပေါ့။ ရာခိုင်နှုန်းမလဲရရင် ပိုက်ဆံထုတ်ပေးပါလားဆိုတော့ မရဘူး။ ပိုက်ဆံလဲမရဘူး၊ ရာခိုင်နှုန်းလည်း မလဲနဲ့ဆိုရင် အပြင်မှာရှိတဲ့သူတွေ ဒုက္ခရောက်သွားမယ်။ ရပ်သွားမယ်။ ရာခိုင်နှုန်းမလဲနဲ့ ဆိုရင် သူတို့ကို ပိုက်ဆံပြန်ထုတ်ပေးမှ ရမယ်။ ဆိုပါတော့ Wave Money ၊ Online Banking System တို့ကို လွှဲပေးရင် ဘဏ်က ပိုက်ဆံထုတ်ပေးမယ်လို့ အာမခံနိုင်ရင်တော့ ရာခိုင်နူန်းက မကောက်တော့ ဘူးပေါ့နော်။ အဲလိုဖြစ်နေတယ်။ တချို့မကောက်တဲ့ဆိုင်တွေ ရှိတယ်။ သူတို့ကျတော့ လက်မခံတော့ဘူးပေါ့နော်။ အဲ့ဒီတော့လွှဲလို့ မရတာ ဖြစ်လာ တယ်။ အရေးယူမယ်လို့ အမိန့်ထုတ်တော့ ပျောက်သွားတာတော့ မဟုတ်ဘူး လုပ်ငန်းတွေ ရပ်သွားတာပေါ့။
မေး။ ။ ဒီလိုမျိုး ရာခိုင်နှုန်း တစ်ခုနဲ့ ထုတ်ရတဲ့အခါ တချို့တွေအတွက် မသိသာ ပေမယ့် တချို့ ငွေကြေးပမာဏ အများ ထုတ်ရတဲ့သူတွေ၊ အခြေခံ လူတန်းစား တွေ၊ အလုပ်သမားတွေ လစာအတွက် ထုတ်တာတွေဆိုရင် အခက်အခဲရှိတော့ ဒါတွေကို လက်ရှိ ဗဟိုဘဏ်အနေနဲ့ ဘယ်လို ဖြေရှင်းလုပ်ဆောင်သင့်တယ်လို့ ဆရာမြင်ပါသလဲ။
ဖြေ။ ။စောစောက ပြောသလိုပဲ အခက်အခဲကတော့ ရှိတယ်။ ရာခိုင်နှုန်း က တော့ ဘယ်သူ့မှ မပေးချင်ကြဘူး။ ဒါပေမယ့် မပေးရင် သုံးလို့က မရဘူး။ ငွေလဲလှယ်လို့မရဘူး။ ဘဏ်ကလည်း ထုတ်မရတော့ ဘယ်လို ဆက်ပေးမလဲ၊ အဲ့ဒီအဖြေက ဘယ်သူ့မှ မဖြေနိုင်ဘူး။ ဗဟိုဘဏ်က လဲပေးမှ ရမယ်။ ငွေလဲမပေးဘဲ ရာခိုင်နှုန်းနဲ့ လဲရင်ဖမ်းမယ်ဆိုရင် တော့ လခစားဝန်ထမ်းတွေ လစာမထုတ်ပဲ ထိုင်ကြည့်နေရမှာပေါ့။ အခုဆို ATM စက်တွေလည်း တန်းစီ တာ နည်းသွားတယ်။ ဘာလို့ဆို ဘဏ်က ငွေလာမထည့်ကြလို့ ဒါအဖြေတော့ မဟုတ်ဘူး။ အဖြေကတော့သူတို့ငွေပြန်လဲပေးမှ ရမယ်။ ဝန်ထမ်းတွေကို online transfer နဲ့လစာပေးတယ်။ ကျွန်တော့် အကောင့်ထဲမှာ ငွေ သိန်း ၅၀၀ ရှိတယ်။ ဝန်ထမ်းတွေက လက်မခံဘူးဆို ဘယ်လိုလုပ်မလဲပေါ့။ သူတို့က ပိုခက် ခဲမှာပေါ့။ အဲ့ဒီတော့ ကျွန်တော်ကတော့ ရတဲ့ဆီက လဲပေးရတာပေါ့။အဲ့ဒီတော့ ကျွန်တော် တို့ကတော့ ဘဏ်ကရမလား ထုတ်မယ်၊ ထုတ်လို့မရရင်တော့ စောစောက ပြောတဲ့နည်းနဲ့ ရှင်းပြီး ငွေသားရအောင် လုပ်တယ်။ ဝန်ထမ်းတွေ အဆင်ပြေ အောင်ပေါ့၊ အဲ့ဒီအတွက်တော့ မကျေနပ်ဘူး။ ဒါပေမယ့်လည်း အဖြေမှ မရှိတာ။
မေး။ ။ကုန်ဈေးနူန်းတွေတက်သလို၊ ဘဏ်နဲ့ ပတ်သက်ပြီးတော့ ချိတ်ဆက်ပြီးမှ စီးပွားရေးတွေကလည်း ယိုင်လာနေတာဆိုတော့ ဒီအပေါ်မှာလည်း သုံးသပ် ပေးပါအုံး။
ဖြေ။ ။မှန်တယ်အခုကတော့ ပြောရရင်တော့ ၂ ချက်ပေါ့။ တစ်ချက်ကတော့ ဘဏ်ကနေ ငွေသားမရတဲ့ အတွက်ကြောင့်မို့ လုပ်ငန်းရှင်အားလုံးက ငွေသား မပေးနိုင်ရင် ရာခိုင်နှုန်းပေးပြီးတော့မှ ထည့်ရတာပေါ့နော်။ အဲ့ဒီတော့ ကုန်ဈေး ကတော့ တက်လာတာပေါ့နော်။ နောက်တစ်ခုက လူတွေက မြန်မာငွေပေါ် ယုံကြည်မှုနည်းပြီး ဒေါ်လာကို ဝယ်တော့ ဒေါ်လာဈေးတွေ တက်လာတယ်။ အခုဆိုရင် တစ်ဒေါ်လာကို ကျပ် ၁၆၀၀ ဝန်းကျင် ဖြစ်နေတော့ ဆီတွေဘာတွေ က ဈေးတက်တယ်။ အဲလို စက်သုံးဆီဈေးတက်တော့ ကားခတွေ တက်တယ်၊ ကားခတွေ ဈေးတက်တော့ ကုန်ဈေးနှုန်းတက်တယ်။ဒုတိယ အချက်ကလည်း Covid-19 ကြောင့်လည်းဖြစ်တယ်။ ကိုဗစ်ကြောင့် ကမ္ဘာမှာ ကွန်တိန်နာ သင်္ဘောခတွေက ပစ္စည်းတွေ တင်တဲ့နေရာမှာ သုံးဆလောက် ဈေးတက်သွား တယ်။ Insurance ဈေးတက်နေတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် က တော့ သင်္ဘောအာမခံပေါ့ Insurance တက်တယ်။ တိုင်းပြည်က မတည်ငြိမ် ဘူးလို့ ယူဆတဲ့အတွက် သင်္ဘောအာမခံကြေးတွေ ပိုကောက်တယ်။ အဲ့ဒီ ပြဿနာတွေ ရှိတယ်။
မေး။ ။ ဆရာ့အနေနဲ့ ဖြည့်စွက် ပြောချင်တာများ ရှိပါသေးလား။
ဖြေ။ ။အစိုးရပိုင်းရော၊ ဗဟိုဘဏ်ရော ကျန်တဲ့ Sector တွေရော ညှိပြီး ဖြေရှင်း ရမှာပေါ့နော်။ ပြည်သူတွေကလည်း ပူးပေါင်း ပါဝင်ဖို့လိုတယ်။ လက်ရှိ အနေ အထားမှာတော့ ပြည်သူတွေကလည်း ယုံကြည်မှု မရှိဘူး ဖြစ်နေတယ်။ စိတ် အား မထက်သန်တဲ့ အတွက်ကြောင့်မို့ အများစုကလည်း အလုပ်မလုပ်ပဲ ထိုင်နေကြတယ်။ ဒါကြောင့် လူတွေ အားလုံးပူးပေါင်း ပါဝင်တဲ့ အခါကျမှ အဖြေတခုရမယ်လို့ ကျွန်တော် ထင်မြင်ပါတယ်။ အခုကတော့ ကျွန်တော်တို့က နှစ်ခုဖြစ်နေတာပေါ့။ တစ်ဖက်ကလည်း ကိုဗစ် တတိယလှိုင်းက လာနေပြီ တစ်ဖက်ကလည်း တပ်မတော်အာဏာ ထိန်းသိမ်း တဲ့ အတွက်ကြောင့်မို့ CDM တို့ ဘာတို့ ဖြစ်လာတဲ့အတွက်ကြောင့်မို့ မတည် မငြိမ် ဖြစ်တယ်ခေါ်မှာပေါ့၊ ဗုံးပေါက်တယ်တို့ မီးလောင်တာတို့ကြောင့်လည်း နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေကြောင့် ဒီနှစ်ခု ပေါင်းစပ်တဲ့အခါကျတော့ ကျွန်တော်တို့ တိုင်းပြည်ကတော့ ရိုက်ခတ်မှုများလာနိုင်တယ်။ ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ ကျန်းမာရေးအတွက်ရော၊ စီးပွားရေးအတွက်ရော ကြိုတင်ပြင်ဆင်ဖို့တော့လိုမယ်လို့ ကျွန်တော်မြင်ပါ တယ်။