၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၉

ယခုလမှ စတင်ပြီး ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်များအနေနှင့် ယာဉ်စီးခများ ပိုမိုတောင်းခံမှု မရှိစေရေးအတွက် ယာဉ်ပိုင်ရှင်များနှင့် ကုမ္ပဏီများထံသို့ စာပို့ အကြောင်းကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။

YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “ဘယ်လိုထုတ်ထားလည်း ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲ လျက်ရှိသော YBS ခရီးသည်ယာဉ်များသည် ရုံးပိတ်ရက်ရှည်များတွင် ပြေးဆွဲရသည့် ခရီးသွားပြည်သူလူထုထံမှ ပုံမှန်ယာဉ်စီးခ ၂၀၀ ကျပ်အစား ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ် အထိ တောင်းခံနေကြောင်း၊ ယာဉ်များပေါ်တွင် စပါယ်ယာများ လိုက်ပါပြီး မချေမငံ ရိုင်းပြစွာ ဆက်ဆံလျက်ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာများနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားမှုများ ရှိပါတယ်။ ဒါကြောင့် YBS ယာဉ်လိုင်း ကုမ္ပဏီများနဲ့ ပုဂ္ဂလိကကြီးကြပ် ယာဉ်လိုင်းတာဝန်ခံများ အနေနဲ့ ယာဉ်စီးခ ပိုမိုကောက်ခံမှု မရှိစေရေး၊ တာဝန်ရှိသူ အဆင့်ဆင့်မှ အထူးသတိပြု ကြပ်မတ်ဆောင်ရွက်သွားရန် ဆိုပြီးတော့ စာနဲ့ ညွှန်ကြားချက်လည်း ထုတ်ထားပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။