CNI International Article 

၂၀၂၆ ခုနှစ်၊ မေလ ၃၀

ဗီယက်နမ်နှင့် ထိုင်းကြား ၁၉၇၆ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ၅၀ ပြည့် မြောက်သည့် အချိန်မှာ ဗီယက်နမ်သမ္မတ တိုလမ် (To Lam) သည် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ထူးခြားသော ပြောင်းလဲတိုးတက်မှုကို ထင်ဟပ်စေရုံသာမက  အာဆီယံ အနေဖြင့် အင်အားကြီး နိုင်ငံများအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများ၊ ဒေသတွင်း မတည်ငြိမ်မှုများနှင့် အသစ် ပေါ်ပေါက်လာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနေရချိန်တွင် ထိုင်းနှင့် ဗီယက်နမ်ကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အရေးပါမှု ပိုမိုမြင့်တက် လာနေခြင်းကိုပါ ထင်ဟပ် ပေါ်လွင်စေသည့် မှတ်တိုင်တစ်ခု ဖြစ်သည်။

အရှေ့တောင်အာရှတွင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံကြား ဆက်ဆံရေးလောက် သိသိသာသာ ပြောင်းလဲတိုးတက် ခဲ့သည့် ဆက်ဆံရေးမျိုး မရှိသလောက် ရှားပါးလှသည်။

တစ်ချိန်က စစ်အေးတိုက်ပွဲ တင်းမာမှုများနှင့် ပထဝီနိုင်ငံရေးအရ ဗီယက်နမ်နှင့် ထိုင်းတို့သည် ပြိုင်ဘက်များ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလာခဲ့ပြီး အာဆီယံ အတွင်း အရှိန်အဟုန် အကောင်းဆုံး မိတ်ဖက်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များ၏ နောက်ပိုင်း ကာလတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချာတီချိုင်း ချွန်ဟာဗန် (Chatichai Choonhavan) က အင်ဒိုချိုင်းနားဒေသကို စစ်တလင်းအဖြစ်မှ ဈေးကွက်အဖြစ်သို့ ပြောင်းလဲရန် ဆိုသည့် မျှော်မှန်းချက်ကို ဖော်ဆောင်ခဲ့သည်။

ထိုင်း-ဗီယက်နမ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို တွေ့ရစဉ်

ထိုမျှော်မှန်းချက်သည် ထိုင်းနိုင်ငံ အနေဖြင့် ဗီယက်နမ် အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ထိပ်တိုက် တွေ့ဆုံမှု များမှ ပြန်လည်သင့်မြတ်ရေးနှင့် ထိတွေ့ဆက်ဆံရေး လမ်းကြောင်းဆီသို့ ကူးပြောင်းမှုကို ပြသလိုက်သည့် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။

၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့ပြီးကတည်းက ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည်  မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆီသို့ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင်မူ ဆက်ဆံရေးကို ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင် နိုင်ခဲ့သည်။

ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်လိုက်ခြင်းသည် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းဒေသ၏ အရေးအပါဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အကျိုးစီးပွားချင်း တူညီမှု၊ နိုင်ငံရေး အရ ယုံကြည်မှု ပိုမိုနက်ရှိုင်းလာမှုနှင့် စီးပွားရေးအရ အပြန်အလှန် ပိုမိုမှီခိုလာရမှုတို့ကို ထင်ဟပ်စေသည်။

လက်ရှိတွင် နှစ်နိုင်ငံလုံးသည် အရှိန်အဟုန် ပြင်းထန်လာသော ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများနှင့် ဒေသတွင်း သဘောထား ကွဲလွဲမှုများကြားတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မရှိမဖြစ် လိုအပ်သည့် ဒေသတွင်း မိတ်ဖက်နိုင်ငံ များအဖြစ် ရှုမြင်လာကြပြီ ဖြစ်သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်တင်းမာမှုများ၊ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း ဒေသတစ်လွှား၌ လှုပ်ရှား နေသည့် ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်များနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာ ခြင်း အပါအဝင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် စိန်ခေါ်မှုများသည် ဒေသတွင်း ပိုမိုခိုင်မာသော ပူးပေါင်းညှိနှိုင်း မှုနှင့် နိုင်ငံရေးအရ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြသနေသည်။

ဗီယက်နမ်နှင့် ထိုင်း နိုင်ငံများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်ခြင်း သည် သံတမန်ရေးရာ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု သက်သက် မဟုတ်တော့ဘဲ လက်တွေ့ကျသည့် မဟာဗျူဟာမြောက် မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။

နိုင်ငံရေးအရ ယုံကြည်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက် ရှိနေသည်။

ထိုင်း-ဗီယက်နမ် ကုန်သွယ်ရေး သဘောတူညီခဲ့ကြစဉ်

နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကြာ အဆက်ပြတ်ခဲ့သည့်  ပူးတွဲအစိုးရအဖွဲ့ အစည်းအဝေးကို  ၂၀၂၅ ခုနှစ်တွင် ပြန်လည် စတင်နိုင်ခဲ့ခြင်းက ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန် နှစ်ဖက်စလုံး၏ ပြတ်သားသော သန္နိဋ္ဌာန်ကို ပြသလိုက်ခြင်း ဖြစ်သည်။
စီးပွားရေးအရကြည့်လျှင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အလွန်နက်ရှိုင်းစွာ ဆက်နွှယ်နေကြပြီ ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၂၂ ဘီလျံကျော်အထိ ရှိခဲ့သဖြင့် ထိုင်းနိုင်ငံသည် အာဆီယံအတွင်း ဗီယက်နမ်၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။

ဗီယက်နမ်နိုင်ငံအတွင်း ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ အထူးသဖြင့် စွမ်းအင်၊ လက်လီအရောင်း၊ ထောက်ပံ့ ပို့ဆောင်ရေး၊ စက်မှုဇုန်များနှင့် အစားအစာ ထုတ်လုပ်ရေး ကဏ္ဍတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ဗီယက်နမ်သည် အရှေ့တောင်အာရှ၌ ဆွဲဆောင်မှုအရှိဆုံး ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပန်းတိုင် တစ်ခုအဖြစ် ဆက်လက် ပေါ်ထွက်နေဆဲ ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ စက်မှုကဏ္ဍ ခေတ်မီဆန်းသစ်ရေး၊ ဒစ်ဂျစ်တယ်ကဏ္ဍ ကူးပြောင်းရေး ရည်မှန်းချက်များသည် ထိုင်းနိုင်ငံ၏ အမျိုးသားမဟာဗျူဟာ (၂၀၁၈-၂၀၃၇) နှင့် Thailand 4.0 အစီအစဉ်အောက်တွင် စီးပွားရေး ယှဉ်ပြိုင် နိုင်စွမ်းကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းချက်များနှင့် တစ်ထပ်တည်း ကျနေသည်။

ပြန်ပြည့်မြဲစွမ်းအင်၊ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လျှပ်စစ်ကား (EV) များ၊ ထောက်ပံ့ ပို့ဆောင်ရေး ကွန်ရက် ချိတ်ဆက်မှုများနှင့် ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်မှုတို့သည် အနာဂတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်များ ဖြစ်လာဖွယ်ရှိသည်။

ထိုင်းဝန်ကြီးချုပ် အနူတင်နဲ့ ဗီယက်နမ်သမ္မတ တိုလမ်ကို တွေ့ရစဉ်

တိုက်ရိုက် လေကြောင်းပျံသန်းမှု အရေအတွက် တိုးလာခြင်း၊ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု ကျယ်ပြန့်လာခြင်း နှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများ ပိုမို ကောင်းမွန်လာခြင်းတို့က လူမှုအဖွဲ့အစည်းနှစ်ခုကို ပိုမိုနီးကပ် လာစေသည်။

အရေးကြီးသော အချက်မှာ ထိုင်းနှင့် ဗီယက်နမ်တို့သည် အာဆီယံ၏ ဗဟိုချက်ကျမှု (Asean centrality) ကို ထောက်ခံကြပြီး ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းကြသည်။

အရှေ့တောင်အာရှရှိ အလတ်စား အင်အားကြီး နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်တို့ကြား ပိုမိုနီးကပ်စွာ ပူးပေါင်းညှိနှိုင်းခြင်းက နှစ်နိုင်ငံ အကျိုးစီးပွားအတွက် သာမက အာဆီယံတစ်ခုလုံး၏ စုပေါင်းကြံ့ခိုင်မှုကိုလည်း အားကောင်းစေကြောင်း အသိအမှတ်ပြုထားကြသည်။

ဗီယက်နမ်က ၂၀၂၇ ခုနှစ်တွင် Apec ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေပြီး၊ ထိုင်းနိုင်ငံက ၂၀၂၈ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူမည် ဖြစ်သဖြင့် ယခုကဲ့သို့ ပူးပေါင်းညှိနှိုင်းမှုသည် ပို၍ပင် အဓိပ္ပာယ်ရှိလာမည် ဖြစ်သည်။

ထို့ကြောင့် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် အချိန်အခါသည် အောင်ပွဲခံရုံ သက်သက် အတွက် သာ မဟုတ်ဘဲ မဟာဗျူဟာမြောက် ပြန်လည် သုံးသပ်ရန်အတွက်ပါ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်စေသည်။

အရှေ့တောင်အာရှဒေသအနေဖြင့် တည်ငြိမ်မှုပျက်ယွင်းလာသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းကို ရင်ဆိုင် ကျော်လွှား နေရချိန်တွင် ဗီယက်နမ်-ထိုင်း ဆက်ဆံရေး ပိုမိုအားကောင်းလာခြင်းသည် နှစ်နိုင်ငံအတွက်သာ အကျိုးရှိစေမည် မဟုတ်ဘဲ၊ လာမည့် ဆယ်စုနှစ်များအတွင်း ပိုမိုကျယ်ပြန့်သော ဒေသကြီးတစ်ခုလုံးအတွက် အရေးပါသည့် တည်ငြိမ်မှုထိန်းသိမ်းရေး အင်အားစု တစ်ရပ်အဖြစ်လည်း အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်