- By CNI
- Category: Uncategorised
- Hits: 5197
CNI International News
ကဘူးလ်၊ ဒီဇင်ဘာ ၁၃
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်ရှိ ဟိုတယ်တစ်လုံးကို ဒီဇင်ဘာ ၁၂ ရက်တွင် လက်နက်ကိုင်များက ဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။
ထိုဖြစ်ရပ်အတွင်း သေနတ်သမား သုံးဦးကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း တာလီဘန် အစိုးရအဖွဲ့မှ ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားရာ ဟိုတယ်သည် တရုတ်နိုင်ငံသားများကြားတွင် ထင်ရှားပြီး ဟိုတယ်ဝရံဒါမှ ထွက်ပြေးရန် ကြိုးပမ်းသည့် နိုင်ငံခြားသား နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာ မူဂျာဟစ် (Zabijullah Mujahid)က တွစ်တာတွင် ရေးသားထားသည်။
ပစ်ခတ်မှုသည် မြို့လယ်ရှိ Shahr-e-Naw ဒေသတွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၈ ဦးနှင့် သေဆုံးသူ ၃ ဦး စုစုပေါင်း ၂၁ ဦး ဆေးရုံသို့ ရောက်ရှိလာသည်ဟု ကဘူးလ်အရေးပေါ် ဆေးရုံက ပြောသည်။
တရုတ်နှင့် နိုင်ငံခြားသားများ တည်းခိုလေ့ရှိသော လွန်ဂန် (Longan) ဟိုတယ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တာလီဘန် သတင်းရင်းမြစ်များက ပြောသည်။
ကဘူးလ်မြို့မှ ဂျာနယ်လစ် တစ်ဦး တွစ်တာတွင် တင်ထားသည့် ဗွီဒီယိုဖိုင်တစ်ခုတွင်လည်း ဟိုတယ်အထပ် တစ်ခု မှ မီးခိုးများ ထွက်နေခြင်းနှင့် သေနတ်သံများကို ကြားခဲ့ရပြီး ပြတင်းပေါက်မှတဆင့် ထွက်ပြေးရန် ကြိုးပမ်းနေသူ တစ်ဦးကိုလည်း မြင်ခဲ့ရသည်။

ဟိုတယ် တိုက်ခိုက်ခံရစဉ် ပြတင်းပေါက် ခုန်ပြီးထွက်ပြေးနေသူတစ်ဦးကိုတွေ့ရစဉ်
တိုက်ခိုက်မှုသည် နေ့လည် ၂ နာရီခွဲတွင် ဖြစ်ပွားခဲ့သည်ဟု ကဘူးလ်ရဲတပ်ဖွဲ့က ပြောသည်။ ပေါက်ကွဲသံကြီး တစ်ခုနှင့် သေနတ်သံများကို ကြားခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုသည် လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် တရုတ်သံရုံးကို ကာကွယ်ရေး ပိုမို အာရုံစိုက် ဆောင်ရွက်ရန် အာဖဂန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်သံတမန်တို့ တွေ့ဆုံခဲ့ပြီး တစ်ရက် အကြာတွင် ဖြစ်ပွားခဲ့သည်။
ထို့နောက် အထက်ပါ တိုက်ခိုက်မှုသည် တရုတ်တည်းခိုခန်း တစ်ခုအနီးတွင် ဖြစ်ပွားခဲ့ပြီး ကဘူးလ်ရှိ တရုတ်သံရုံး ကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
သို့သော် သံရုံးဘက်က ယခု တိုက်ခိုက်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသေးပေ။ ပါကစ္စတန် သံရုံးကို တိုက်ခိုက်မှု၊ ရုရှားသံရုံးအနီး အသေခံဗုံးခွဲမှုများ အပါအဝင် မကြာသေးခင် လများအတွင်း အာဖဂန် နစ္စတန် နိုင်ငံတွင်း၌ ဗုံးခွဲမှုများစွာ ပေါ်ပေါက်ခဲ့သည်။
သံရုံးတိုက်ခိုက်မှုများကို IS အဖွဲ့က ကျူးလွန်ကြောင်း ထုတ်ဖော်ပြောဆို ထားပြီး လက်ရှိပါကစ္စတန်နိုင်ငံကို ထိန်းချုပ်ထားသည့် တာလီဘန်များကလည်း နိုင်ငံတွင်းလုံခြုံရေးကို အာရုံစိုက် ဆောင်ရွက်သွားမည်ဟု ပြောသည်။
Source: CNA
- By CNI
- Category: Uncategorised
- Hits: 5241
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ပြန်လိုက်သည့် ဆုံးဖြတ်ချက်တွင် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ပြန်လွတ်လာနိုင်သလားဆိုကာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ သုံးသပ်နေကြသည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် လာမည့် လွတ်လပ်ရေးနေ့တွင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းကြားတွင် သုံးသပ်မှုများလည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းမှာ ပိုမို ကောင်းမွန်လာနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်း ဌာနသို့ ပြောသည်။
နိုင်သန်းရွှေက “နိုင်ငံရေးအခြေအနေအရ လွတ်လာနိုင်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လည်း ဒီ ၂၀၂၃ မှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲလည်း ရှိနိုင်တယ်ဆိုတော့ ဖြစ်နိုင်တယ်ပေါ့နော်၊ ကျနော်တို့ အဲဒီလိုပဲ ပြောရမှာပေါ့။ တကယ်လို့ လွတ်လာမယ်ဆိုလို့ရှိရင် နိုင်ငံရေး အခြေအနေတွေက ပိုပြီးတော့ ကောင်းလာမယ့် အခြေအနေ ရှိ တယ်လို့ ယူဆရမှာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူပြောထားတာ ရှိတယ်လေ၊ ဒီအကြမ်းဖက်တဲ့ မူတွေက NLD ရဲ့ မူဝါဒမဟုတ်ဘူး။ ဒီအကြမ်းဖက်တဲ့ လုပ်ရပ်တွေက ဒါဆိုလို့ရှိရင် NLD က ပိုပြီး တော့ စည်းလုံးနိုင်ရင်တော့ ပိုပြီးတော့ ထွက်ပေါက်က ပိုပြီးကောင်းလာမှာပေါ့နော်၊ ပြည်သူအတွက်၊ ဒီနိုင်ငံ အတွက်က ပိုရှိလာနိုင်တာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုနေကြစဉ် (Hkun Latt)
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရန် နိုင်ငံတကာမှ တောင်းဆိုနေသလို နိုင်ငံရေးရှုထောင့်ကနေလည်း ပြန်လွှတ်ပေးသင့်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်း “ဒါကတော့ စစ်ကောင်စီရဲ့ အပိုင်းက ဖြစ်ပါတယ်၊ လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာ ကတော့ သူတို့လက်ထဲမှာပဲ ရှိပါတယ်၊ လက်ရှိ အခြေအနေမျိုးမှာ ဒါပေမဲ့ ဒီဟာတော့ ပကတိ အခြေအနေကို တော့ လူသားချင်းစာနာမှုအရ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်ဖြစ်၊ အမျိုးသားခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်ဖြစ် ဒီဟာတော့ လွှတ်သင့်တယ်၊ နိုင်ငံတကာကလည်း ဒါကို တောင်းဆိုနေတယ်၊ ကုလသမဂ္ဂ မှာလည်း ဒီဟာကို လွှတ်ဖို့ တောင်းဆိုနေတယ်၊ ဒါကို အတည်ပြုတယ်ဆိုတော့ ဒီဟာတော့ နိုင်ငံရေးရှုထောင့် ကနေပြီးတော့ လွှတ်ပေးသင့်ပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီနိုင်ငံတွင် ဥပဒေအထက်မှာ မည်သူမျှ မရှိရဆိုသည့်အတွက် ဥပဒေအရ မှန်ကန်မှု ရှိ/မရှိ စိစစ်ကာ လုပ်ဆောင်သင့်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ် (GETTY IMAGES)
၎င်းက “ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုရင် ဥပဒေအထက်မှာ ဘယ်သူရှိတုန်းဆိုရင် ဥပဒေပဲရှိတယ်၊ ဥပဒေရဲ့ တရားစီရင်မှု မှန်/မမှန်တော့ စိစစ်ဖို့လိုတာပေါ့၊ အဲဒါကို မှားတယ်ဆိုရင်လည်း မှားတာကို ထောက်ပြပေါ့၊ ကနေ့ ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံ အနေအထားက မဲမသမာမှုအပေါ်မှာ အဂတိအပေါ်မှာ အများကြီး စွဲချက်တွေ ဖြစ်နေတာပေါ့၊ ဒီစွဲချက်တွေက မှန်/မမှန် လေ့လာဆန်းစစ် စိစစ်ပေါ့၊ မှားနေတယ်ဆိုရင် ဒါ လွှတ်ပေးသင့်တယ် ပြောတာလက်ခံတယ်၊ မှားတာလည်း မထောက်ပဲနဲ့ အပြစ်ရှိတာကိုလည်း မပြောပဲနဲ့ လွှတ်ပေးသင့် ပါတယ်ဆိုရင် အဲဒါမျိုးက ဒါ သူတို့နိုင်ငံမှာ အဲဒီလိုဖြစ်နေရင် ငါတို့က အဲဒီလိုပြောလို့ ကိုယ်ချင်းစားနာမှု ရှိ/မရှိ စဉ်းစားဖို့ ကောင်း တယ်လေ၊ အဲဒီတော့ ပြောချင်တာတော့ ဘာလဲဆိုရင်တော့ ဒီမိုကရေစီနိုင်ငံမှာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိ ရ ဘူးလို့ ဆိုထားတဲ့အတွက် ဥပဒေထဲမှာ ဥပဒေရဲ့ တရားစီရင်မှုပဲ ရှိတဲ့အတွက် အဲဒီစီရင်မှုမှန်ရင် လွှတ်ပေးစရာ မလိုဘူး၊ မမှန်ရင်တော့ ပြန်လည်ပြီးတော့ စဉ်းစားပြီးတော့ မမှန်တဲ့အကြောင်းကို ထောက်ပြပြီးတော့ လွတ် အောင် လုပ်လို့ရတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တချို့ကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။
- By CNI
- Category: Uncategorised
- Hits: 4844
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် အုပ်စုတွင်းအခက်အခဲကို ထောက်ပြ လိုက်ပြီး ဒီအုပ်စုက အလွန်ရှုပ်ထွေးတယ်လို့ ပြောလိုက်ပါတယ်။
ဇာဗီက “အမှန်တကယ်ဖြစ်ခဲ့တာကို ကျနော်တို့ ရင်ဆိုင်ရမှာပါ။ဒီနေ့မှာ ကျနော်တို့ သူတို့ကို မယှဉ်နိုင်ခဲ့ပါဘူး။ မြူးနစ်မှာတုန်းက ကျနော်တို့ ပိုကောင်းခဲ့ပေမယ့် ဒီနေ့မှာတော့ ဘိုင်ယန်က ပိုပြီးကောင်းခဲ့ပါတယ်။ဒီအုပ်စုက အလွန်ရှုပ်ထွေးပြီး ချန်ပီယံလိဂ်မှာ အရာအားလုံးက ကျနော်တို့အတွက် ဖြစ်သွားခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှုရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှမရှိခဲ့ပါဘူး။စပိန်ကလပ်ဟာ ဒီပွဲမတိုင်ခင်ကစားခဲ့တဲ့ အင်တာမီလန်အသင်းက ပလာဇန်အသင်းကို ဂိုးပြတ် အနိုင်ရတဲ့ ပွဲပြီးကတည်းက ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာရဖို့က သေချာသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်က ထွက်ခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ၂ နှစ်ဆက်တိုက် ကစားရ တော့မှာပါ။ဇာဗီက “ကျနော်တို့ အရင်ပွဲတွေမှာ လုပ်ခဲ့မိတဲ့ အမှားတွေက အခုလိုအခြေအနေကို ရောက်သွားတဲ့ အဓိကအကြောင်းအရင်းပါပဲ။ကျနော်တို့ဟာ တကယ်ကို ဆိုးရွားတဲ့ ခံစားချက်နဲ့ ထွက်ခွာခဲ့ရပေမယ့် ပြန်လည် ချိတ်ဆက်ပြီး ကျန်တဲ့ ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားရမှာပါ” လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုနှစ်ရာသီအသင်းအောင်မြင်မှုတွေရဖို့အတွက် ကစားသမားသစ်တွေ အများ အပြားဖြည့်တင်းခဲ့ပေမယ့် အခုလို ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတာကြောင့် ယူရိုသန်း ၂၀ ဝန်းကျင် ဆုံးရှုံး ရနိုင်တယ်လို့ သိရပါတယ်။ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် လာလီဂါပြိုင်ပွဲကို အာရုံစိုက်ရတော့မှာဖြစ်ပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရီးရယ်လ်အသင်းနဲ့ ၃ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ စနေနေ့မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: Uncategorised
- Hits: 5282
CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၂၉
ယူကရိန်းကိုစစ်ဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှုများဆက်လက်လုပ်ဆောင်ရန် ပြင်သစ်ကာကွယ်ရေးဝန်ကြီးသည် ဗုဒ္ဓဟူးနေ့တွင် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့သည်ဟု AP သတင်းတွင်ဖော်ပြသည်။
ကာကွယ်ရေးဝန်ကြီး ဆီဘတ်ဂျန် လုကော်ဟနူ (Sebastien Lecornu) သည် ပိုလန်ခရီးစဉ်ပြီးနောက် ယူကရိန်း သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ပိုလန်ခရီးစဉ်တွင် ၎င်းသည် ပြင်သစ်ထုတ် စစ်ဘက်သုံး ဂြိုဟ်တုနှစ်ခုကို ရောင်းရန် သဘောတူညီမှုရရှိခဲ့သည်ဟု ကြေညာခဲ့သည်။
ယူကရိန်းခရီးစဉ်တွင်လည်း ၎င်းသည် ရုရှားနှင့်စစ်ပွဲအတွင်း ကျဆုံးသွားခဲ့သော ယူကရိန်းစစ်သားများကို သွားရောက် ဂါရဝပြုခဲ့ပြီး ယူကရိန်းသမ္မတ၊ ကာကွယ်ရေးဝန်ကြီးတို့အပြင် စစ်ဘက်ဆိုင်ရာအရာရှိများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရသည်။ ပြင်သစ်သည် အမေရိကန်၊ ဗြိတိန်တို့နှင့်ယှဉ်လျှင် ယူကရိန်းကို စစ်ဘက် ဆိုင်ရာထောက်ပံ့မှုများနှင့်ပတ်သက်၍ အသံတိတ်နေခဲ့သော်လည်း ၎င်းတို့သည် ရုရှားဘက်မှ စတင်ကျူးကျော်ခဲ့ သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစကာ ယူကရိန်းသို့ လက်နက်များစွာ ထောက်ပံ့ခဲ့သည်။

ယူကရိန်းနိုင်ငံ၊ ခါကိဗ်ဒေသ၊ ခုပီးရန့်စ်ခ်တွင် လေးလကျော်ကြာ လျှပ်စစ်မီးမရှိသောကြောင့် စေတနာ့ဝန်ထမ်း များက အစားအစာများကို လာရောက်ဝေငှပေးနေစဉ်(ဓါတ်ပုံ-အေပီ)
ယခုလအတွင်း ယူကရိန်းကို ကူညီပေးရေး ညီလာခံနှစ်ခုကိုလည်း လက်ခံကျင်းပပေးခဲ့သည်။ သို့သော်သမ္မတ အီမန်နွယ် မက်ခရွန် (Emmanuel Macron) ၏ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆက်ဆံရေးကို ထိန်းသိမ်း ထားမှု၊ ယူကရိန်းအရေးကို ညှိနှိုင်းအဖြေရှာရန်ကြိုးပမ်းမှုတို့ကြောင့် ယူကရိန်းပြည်သူများသည် ပြင်သစ်နိုင်ငံနှင့် ပတ်သက်၍ အမြင်မကြည်လင်တော့ပေ။
ပြင်သစ်ကာကွယ်ရေးဝန်ကြီး၏ခရီးစဉ်သည် ယူကရိန်းသမ္မတ၏အမေရိကန်ခရီးစဉ်အပြီး၊ ယူကရိန်းအရှေ့ပိုင်း တိုက်ပွဲများတွင် သူမသာ ကိုယ်မသာ အခြေအနေများရှိနေချိန်၌ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ယခု ခရီးစဉ်အတွင်း လုကော်ဟနူ၏ တွေ့ဆုံမှုများတွင် မည်သည့်ရလာဒ်များ ပေါ်ထွက်လာမည်ကိုတော့ မသိနိုင်သေးပေ။

ခါကိဗ်ဒေသ၊ ခုပီးရန့်စ်ခ်တွင် လေးလကျော်ကြာ လျှပ်စစ်မီးမရှိသောကြောင့် ဒေသခံတစ်ဦး ဖယောင်းတိုင်မီးကို အသုံးပြုနေရစဉ်(ဓါတ်ပုံ-အေပီ)
လက်ရှိအချိန်တွင် ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ရန် စိတ်အားထက်သန် နေကြသော်လည်း ၎င်းတို့၏ ရပ်တည်မှုအသီးသီးက ဆွေးနွေးရန်ပို၍ အလှမ်းဝေးစေလျက် ရှိသည်။ ရုရှားဘက်က ၎င်းတို့တရားမဝင်သိမ်းပိုက်ထားသော ယူကရိန်း၏ဒေသလေးခုကို ရုရှားပိုင်အဖြစ် အသိအမှတ်ပြုမှသာလျှင် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ပြောဆိုထားပြီး ယင်းကို ယူကရိန်းဘက်က ခါးခါးသီးသီး ငြင်းဆိုထားသည်။
ပြင်သစ်သည် ယူကရိန်းစစ်တပ်အတွက် Caesar(ဆီးဇာ) အမြောက်များ၊ တင့်ကားဖျက်ဒုံးကျည်များ၊ Crotale(ခရိုတဲယ်) လေကြောင်းကာကွယ်ရေးစနစ်များနှင့် ဒုံးပစ်လောင်ချာများကို ထောက်ပံ့ပေးထားသည့်အပြင် ယူကရိန်းစစ်သား ၂၀၀၀ ကိုလည်း ပြင်သစ်မြေသို့ခေါ်ကာ လေ့ကျင့်ပေးခဲ့သည်။ ထို့အပြင် ယူကရိန်းကို လာမည့်နှစ် အစောပိုင်းတွင် လက်နက်များ ထပ်မံထောက်ပံ့ပေးသွားမည်ဟုလည်း သမ္မတ မက်ခရွန်က ကတိ ပေးထားသည်။
ထိုသို့ပြင်သစ်အပါအဝင် အနောက်အုပ်စု၏ လက်နက်ထောက်ပံ့မှုများက ရုရှားကို စိတ်ဆိုးဒေါသဖြစ်စေခဲ့ကာ အမေရိကန်နှင့်နေတိုးအဖွဲ့သည် ယူကရိန်းစစ်ပွဲကို လောင်စာထည့်ပေးနေခြင်းသည် အခြေအနေများကို ထိန်းမနိုင် သိမ်းမရဖြစ်သွားနိုင်သည်ဟု ရုရှားဘက်က သတိပေးထားသည်။
Source:AP
- By CNI
- Category: Uncategorised
- Hits: 5007
CNI International News
မက်ဒရစ်၊ ဒီဇင်ဘာ ၃
စပိန်ပြည်ထဲရေးဝန်ကြီး Fernando Grande-Marlaska (ဖာရန်ဒို ဂရန်ဒီ- မာလစကာ)က ၎င်း၏နိုင်ငံရှိ ပစ်မှတ်များသို့ ပေးပို့သော စာအိတ်ဗုံးများသည် ယူကရိန်းရှိ ရုရှား၏စစ်ပွဲနှင့် ဆက်နွှယ်နေနိုင်ကြောင်း ပြောကြားခဲ့သည်ဟု Aljazeera သတင်းတွင်ဖော်ပြသည်။
စာအိတ်ဗုံးခြောက်ခုသည် ရုရှားကျူးကျော်စစ်နှင့် ပတ်သက်နေနိုင်သည်ဟု ဂရန်ဒီ-မာလက်စ်ကာက ဥရောပမှ ဝန်ကြီးများနှင့် ဥရောပကော်မရှင်ထံပေးပို့ခဲ့သောစာတွင် ဖော်ပြထားသည်ဟု ဥရောပသတင်း (Europa Press) တွင် သောကြာနေ့က ဖော်ပြသည်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အဆိုပါသတင်းကို အတည်ပြုသည်။
စာအိတ်ဗုံးခြောက်ခုသည် စပိန်နိုင်ငံရေးသမားများ၊ ယူကရိန်းနှင့် အမေရိကန်သံရုံး၊ အီးယူ ဂြိုဟ်တုစင်တာနှင့် ယူကရိန်းကို စစ်လက်နက်များထောက်ပံ့ပေးနေသော စပိန်လက်နက်စက်ရုံတစ်ခုတို့ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
သံသယရှိဖွယ်အထုပ်တစ်ထုပ်ရောက်ရှိလာခဲ့ခြင်းကြောင့် ချက်ရဲတပ်ဖွဲ့က ဘရွန်(Bron) မြို့ရှိ ယူကရိန်း ကောင်စစ်ဝန်ရုံးကို ရွှေ့ပြောင်းပေးခဲ့ရသည်။ ချက်ရဲတပ်ဖွဲ့က အဆိုပါအထုပ်ကို X-ray ဖြင့် စစ်ဆွေးတွေ့ရှိခဲ့ပြီး ၎င်းမှာ စပိန်တွင် ထုပ်ပိုးတပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

စပိန်ပြည်ထဲရေးဝန်ကြီး ဖာရန်ဒို ဂရန်ဒီ- မာလစကာ(ဓါတ်ပုံ-ရိုက်တာ)
စပိန်နိုင်ငံတွင်တွေ့ရှိခဲ့ရသော ဖောက်ခွဲရေးပစ္စည်းများသည် အိမ်တွင်းလုပ်ဖြစ်ကာ ပေါက်ကွဲစေတတ်သော ပစ္စည်းနှင့် သတ္တုလုံးအနည်းငယ်သာပါဝင်သည်ဟု စပိန်မီဒီယာများက ပြောသည်။ အဆိုပါ အထုပ်များသည် ဖွင့်ဖွင်ခြင်းပေါက်ကွဲခဲ့ခြင်းမရှိသော်လည်း မီးပွားများသာထွက်ပေါ်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး စပိန် သတင်းစာများနှင့်ရုပ်သံဌာနတို့က ထုတ်ပြန်သည်။
အဆိုပါဗုံးခြောက်လုံးမှ တစ်လုံးသာ စပိန်မြို့ရှိ ယူကရိန်းသံရုံးဝန်းအတွင်းပေါက်ကွဲခဲ့ပြီး လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုအချိန်အထိ အဆိုပါစာအိတ်ဗုံးများ ပေးပို့ခဲ့သည်ဟု မည်သည့်အဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်း မရှိသေးသလို အာဏာပိုင်များဘက်ကလည်း သံသယရှိသူများနှင့်ပတ်သက်သည့် သတင်းများကို ထုတ်ပြန်ထား ခြင်းမရှိသေးပေ။
စပိန်ကာကွယ်ရေးဝန်ကြီး မာဂရီတာ ရိုဘယ်စ် (Margarita Robles) ကလည်း သူမ ၏ယူကရိန်းခရီးစဉ်အတွင်း အဆိုပါဗုံးများနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် စပိန်နိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခ အတွင်း ယူကရိန်းနိုင်ငံဘက်မှ ဆက်လက်ရပ်တည်သွားမည်ဟု ပြောဆိုခဲ့သည်။ တခြားနိုင်ငံများရှိ ယူကရိန်း သံရုံးများသို့ တိရစ္ဆာန်များ၏ မျက်လုံးများပါဝင်သော အထုပ်များရောက်ရှိခဲ့သည်ဟုလည်း ယူကရိန်းနိုင်ငံခြားရေး ဌာနက ပြောသည်။
Source:Aljazeera
