CNI International News
လန်ဒန်၊ဩဂုတ် ၂၆
ဗြိတိန်နိုင်ငံမှ ကမ္ဘာကျော်ရိုးလင်းစတုန်းအဖွဲ့(Rolling Stones)မှ ဒရမ်သမား ချာလီဝပ်သည် ဩဂုတ် ၂၄ ရက်က အသက် ၈၀ အရွယ်တွင် ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။
ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ရိုးလင်းစတုန်းအရှုပ်တော်ပုံကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သူအဖြစ် ချာလီဝပ်ကို လူသိများခဲ့ပြီး ဂန္ထဝင်ရော့ခ်ဂီတအဖွဲ့တွင် ကိုယ်ပိုင်ဟန်ဖြင့် အနုပညာများကို တည်ငြိမ်စွာဖန်တီးခဲ့သူဟုလည်း အသိအမှတ်ပြုလေးစားကြသည်။
ချာလီဝပ်၏ စိတ်လှုပ်ရှားမှုကင်းသည့် မျက်နှာသေလေးနှင့် စည်းဝါးနရီပိုင်နိုင်မှုတို့က ရိုးလင်းစတုန်းအဖွဲ့အပေါ် ကမ္ဘာ့ပရိသတ် တသသစွဲကျန်နေသော ဂန္ထဝင်ဖျော်ဖြေပွဲများအတွက် အရေးကြီးအစိတ်အပိုင်းအဖြစ် ရှိနေခဲ့ ဖူးသည်။ ချာလီဝပ်နှင့်တွဲဖက်ဖျော်ဖြေခဲ့ကြသော အဆိုတော် မိုက်ဂျက်ဂါ(Mick Jagger)၏ စင်မြင့်ပေါ် ဆွဲဆောင်အားကောင်းမှု၊ ဂစ်တာသမား ကိရစ်ချတ်(Keith Richards) နှင့်ရော်နီဝုဒ် (Ronnice Wood)တို့၏ ဟန်ချက်ညီညီတီးခတ်ပံ့ပိုးနိုင်မှုတို့ကြောင့် ရိုးလင်းစတုန်း အနုပညာအရှိန်အဝါသည် ၂၀ ရာစုကျော်လွန်၍ ၂၁ ရာစုရောက်သည့်တိုင် တောက်ပဝင်းလက်နေဆဲဖြစ်သည်။
Photo - PA Media
ရိုးလင်းစတုန်းမှ တခြားအဖွဲ့သားများအနေဖြင့် ဗြိတိန်နိုင်ငံထုတ် နေ့စဉ်ကြေးမုံ(Daily Mirror)သတင်းစာတွင် ဖော်ပြခဲ့သည့်အတိုင်း အိမ်ထောင်ရေးပြိုကွဲခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် ဒေါသအလျောက် ပြုမူခြင်းတို့ဖြင့် မကောင်းသတင်းများထွက်ပေါ်ခဲ့ပါသော်လည်း ချာလီဝပ်ကတော့ ဝေးလံခေါင်သီလှသည့် ဒီဗွန်ကျေးလက်ဒေသလေးတွင် တစ်ဦးတည်းသော ဇနီးဖြစ်သူ ရှားလေးရှီဟက်နှင့် နှစ်ပေါင်း ၅၀ ကျော် အေးဆေးတည်ငြိမ်စွာနေထိုင်ရင်း သူ့ဘဝတလျှောက် ဖြတ်သန်းကုန်ဆုံးစေခဲ့သည်။
“ဒီအဖွဲ့ထဲမှာ ဆယ်စုနှစ်ငါးခုလောက် မငြိမ်မသက်ဖြစ်နေခဲ့ကြပေမယ့် ချာလီဝပ်လို့ခေါ်တဲ့ ဒရမ်သမားကတော့ ဟန်မများဘဲ ရိုးလင်းစတုန်းမုန်တိုင်းထန်နေစေကာမူ သူ့အနေနဲ့ တည်တည်ငြိမ်ငြိမ်ပဲ ရှိခဲ့သူပါ” ဟု Daily Mirror က ၂၀၁၂ ခုနှစ်တွင် ရေးသားပြီး အသိအမှတ်ပြုခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အရက်နှင့်ဘိန်းဖြူ စွဲခဲ့ဖူးပြီး ကုသမှုခံယူခဲ့ရသော်လည်း ချာလီဝပ်သည် နောက်ပိုင်းတွင် ထိုမကောင်းသည့်အရာများကို လုံးဝကျောခိုင်းစွန့်လွှတ်ခဲ့သည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ၁၉၆၂ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းလာခဲ့သည့် အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ဖြစ်သည့် ရိုးလင်းစတုန်းအား စတင်တည်ထောင်သူများမှာ မိုက်ဂျက်ဂါ၊ ကိရစ်ချတ်၊ ဘရိုင်ရန်ဂျွန် တို့ဖြစ်ကြပြီး ၁၉၆၃ ခုနှစ်တွင်မှ ချာလိဝပ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။