CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
လီဗာပူးလ် အသင်းနည်းပြ ကလောပ့် က အင်တာမီလန် အသင်းဟာ အန္တရာယ်ရှိနေဆဲဖြစ်တဲ့အတွက် လုပ်စရာ အလုပ်တွေအများကြီးရှိသေးတယ်လို့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ လီဗာပူးလ် အသင်းဟာ ဖေဖော်ဝါရီ(၁၇)ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အင်တာ မီလန် အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ် အသင်းအတွက် ဂိုးတွေကို ဖာမီနိုနဲ့ ဆာလတ် တို့က သွင်းယူခဲ့တာပါ။ ဆာလတ် အတွက်တော့ ချန်ပီယံလိဂ်အဝေးကွင်း(၈)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးလ် အသင်းဟာ အဝေး ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ် တက်ရောက်ဖို့ ခြေတလှမ်းလှမ်းနိုင်ပြီလို့တောင် ပြောလို့ရတာ ဖြစ်ပါတယ်။ အန်ဖီးလ် ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မီလန်ဒါဘီ ၂ သင်းဖြစ်တဲ့ အင်တာမီလန်နဲ့ အေစီ မီလန်တို့ကို ဆန်စီရို မှာ အနိုင်ယူခဲ့တာပါ။
ကလောပ့် က “ဒါဟာ အန္တရာယ်ရှိပါသေးတယ်။ အခုမှ အချိန်တပိုင်းပဲရှိသေးတာပါ။ ကျနော်တို့ လမ်းတဝက် ရောက်ရှိနေပြီလို့တောင် မထင်ပါဘူး။ အဲ့ဒီအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေရပါမယ်။ အလုပ်ပြီးပြီ ခင်ဗျား တို့ရဲ့ ခြေထောက်တွေကို စားပွဲပေါ်တင်လိုက်လို့ ကျနော်ပြောမှာ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲက ကျနော်တို့အတွက် အဓိပ္ပါယ်အများကြီးရှိပြီး၊ ဒါကို ကောင်းမွန်စွာလုပ်ချင်ပါတယ်။ သူတို့ကောင်းတယ်ဆိုတာကို ကျနော်မအံသြပါ ဘူး။ ဒါကို ကျနော်တို့သိပါတယ်။ ဒုတိယပိုင်းအတွက် အဆင်သင့်ဖြစ်နေရပါမယ်လို့” ပြောခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ် နည်းပြ ကလောပ့် ဟာ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ မှန်ကန်တဲ့ လူစားလဲမှုတွေပြုလုပ်နိုင်တာကြောင့် အင်တာမီလန် အသင်းကို အနိုင်ရခဲ့တာပါ။ ကလောပ့် ဟာ ဒုတိယပိုင်းမှာ ဖာမီနို၊ ကီတာ၊ ဟန်ဒါဆန်၊ ဒီယတ်ဇ်နဲ့ မီလ်နာ တို့ကို ထည့်သွင်းခဲ့တာဖြစ်ပြီး သူတို့အားလုံးဟာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် အင်တာမီလန် အသင်းဟာ ဂိုးပေါက်ကန်သွင်းမှုတွေသာ ပြုလုပ်နိုင်တာဖြစ်ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်း ခြောက်မှုကို ပြုလုပ်နိုင်ခြင်းမရှိခဲ့တာပါ။
ဒီပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ဂျိုတာရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ကလောပ့် က ပြောခဲ့ပါသေးတယ်။ “ဘယ်လောက်ဆိုးလဲဆိုတာတော့ ကျနော်မသိပါဘူး။ ဒါပေမယ့် ခြေကျင်းဝတ်က လိမ်ပြီး ယောင်နေပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ မနက်ဖြန်အစောပိုင်းမှာ စစ်ဆေးသွားမှာဖြစ်ပြီး သူ့ကို နောက်ထပ် အကဲဖြတ်မှုတွေလုပ်ဖို့ လိုအပ်ပေမယ့် စောင့်ကြည့်ရမှာဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်နဲ့ အင်တာမီလန် အသင်းတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို မတ်လ(၉)ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:Dailymail