CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကုန်သွယ်မှု ပြုလုပ်နေသည့် ကျင်စန်းကျော့ဂိတ်တွင် လက်ရှိအချိန်၌ ကုန်ကား မလုံ လောက်မှုနှင့် ကုန်ကားခဈေးနှုန်း မြင့်မားမှုများကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကုန်သည်များထံမှ သိရသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ယခင်က တွဲကားတစ်စီးလျှင် မြန်မာကျပ်ငွေ ၁၅ သိန်းသာ ရှိသော်လည်း လက်ရှိ၌ သိန်း ၁၀၀ ဝန်းကျင် ကုန်ကျနေကြောင်း၊ ကုန်ကားများလည်း ရှားပါးနေကြောင်း၊ ထိုအခြေအနေများကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသည့် ကုန်သည်များ အခက်တွေ့နေကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သို့ ပြောသည်။
၎င်းက “ကုန်တင်ပို့မယ့်သူက များနေတယ်။ ဖရဲသီးတင်မယ်၊ သခွားသီးတင်မယ်၊ ဆန်တို့၊ ပဲတို့၊ ပြောင်းတို့၊ ရော်ဘာတို့၊ ဇီးသီး ခြောက်တို့၊ အခြား စားသောက်ကုန်ပစ္စည်းတွေက ပိတ်မိနေတာအများကြီးပဲ ဂိုဒေါင်တွေမှာ။ သူတို့က ရှင်းချင်နေပြီး တရုတ် ပြည်ကို အရောက်ပို့ချင်နေပြီ တရုတ်နှစ်ကူး မတိုင်ခင်။ အရောက်ပို့ချင်တော့ ကားတွေက မလုံလောက်ဘူး။ တင်ပို့မယ့် ပစ္စည်းတွေက များနေတယ်။ ကားအစီးရေက နည်းနေတယ်။ ကားအစီးရေ နည်းနေတဲ့အတွက် ကားခတွေ ဈေးမြင့်နေတယ်။ ကားခတွေ ဈေးမြင့်တဲ့အချိန်မှာ ဖရဲသခွားကတော့ သူက ပုပ်သိုးကုန်ပစ္စည်း ဖြစ်တဲ့အတွက် အမြန်သွားမှ ဖြစ်တဲ့အတွက် ဈေး ပိုပြီး တင်နိုင်တယ်။ ဈေးတွေက မဖြစ်သင့်တဲ့ဈေး ဖြစ်သွားတာ။ ကားတစ်စီးကို ဖရဲသခွား သမားတွေ ဆိုလို့ရှိရင် တရုတ်ငွေ ၃ သောင်း၊ မြန်မာငွေ သိန်း ၉၀ အထိ ပေးပြီးတင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ဆန်သမားတွေကတော့ အဲဈေးကို မတင်နိုင် ဘူး ဖြစ်နေပါတယ်” ဟု ပြောသည်။
ဆန်နှင့် ဆန်ကွဲ တင်ဆောင်သည့် ကားအစီးရေသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် တစ်နေ့လျှင် ၁၀ စီးကျော် တရုတ်နိုင်ငံသို့ ဝင် ရောက်နေသော်လည်း လက်ရှိတွင် ဆန်ကုန်သည်များအနေဖြင့် ကုန်ကား ငှားရန်းခဈေးနှုန်း မြင့်မားနေမှုကြောင့် တစ်နေ့ လျှင် ၃ စီးသာ ဝင်ရောက်နေကြောင်း သိရသည်။
ကုန်ကားများ ဈေးနှုန်းမြင့်တက်ပြီး အရေအတွက် မလုံရခြင်းသည် တရုတ်နိုင်ငံတွင်းသို့ ကုန်တင်ပို့ပြီး မြန်မာနိုင်ငံသို့ ပြန် လည် ထွက်ခွာရာတွင် စစ်ဆေးနေသည့်အချိန် ကြာမြင့်နေခြင်းကြောင့်ဟု ဦးမင်းသိန်းက ပြောသည်။
၎င်းက “တရုတ်ပြည်ကို ပို့ပြီးလို့ရှိရင် မြန်မာပြည်ကို အဲကားတွေ ထွက်လာမှ ပြန်တင်လို့ရမှာ။ တရုတ်ပြည်က ထွက်တဲ့ ကားတွေကလည်း နည်းလာတယ်။ ဆိုကြပါစို့ ဒီနေ့ တရုတ်ပြည်ထဲကို အစီး ၄၀ ဝင်သွားမယ်ဆိုရင် အစီး ၄၀ ပြန်မထွက် လာဘူး။ ဟိုဘက်က စာရွက်စာတမ်း တောင်းတာနဲ့ စစ်ဆေးမှုတွေ တအားများတာနဲ့ အထွက်ကလည်း တအားနှေးနေတယ်။ အထွက်နှေးနေတဲ့အတွက် ကားတွေက ရောက်သင့်တဲ့အချိန် မရောက်လာဘူး။ ရောက်တဲ့အချိန် မရောက်တဲ့အတွက် ကား ရှားပါးမှုတွေ ကြုံတွေ့ရတာပေါ့”ဟု CNI သို့ ပြောသည်။
ထို့အပြင် လွန်ခဲ့သည့် ၆ လကျော်တွင် ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ယာယီပိတ် လိုက်သည့်အတွက် မြန်မာနိုင်ငံမှ ကုန်တင်ကား အစီးရေ ၂၀၀ ကျော် တရုတ်နိုင်ငံ ဝမ်တိန်တွင် ပိတ်မိနေရာ နိုဝင်ဘာလတွင် ပြန်လည် ထွက်ခွာခွင့်ပေးခြင်းကြောင့် အစီးရေ ၂၀ သာ ကျန်တော့ကြောင်း သိရသည်။
ကုန်ကားပိုင်ရှင်တစ်ဦးဖြစ်သူ ကိုစိုင်းမြင့်ဇော်က “တရုတ်ကားတွေပဲ တောက်လျှောက် ထွက်နေတာ။ ထွက်ပေမယ့်လည်း တရုတ်ကား အစီးရေ ၆၀၀ လောက် တရုတ်မှာ ပိတ်မိနေတာ။ ကျနော့် စီ(တိုကင်နံပတ်)နေရာက ၄၀၀၊ ၄၀၁၊ ၄၀၂၊ ၄၀၃ ကျနော့်ကား ၄ စီးရှိတယ်။ လွန်ခဲ့တဲ့ ရက် ၂၀ ကနေ ၄၀၀၊ ၄၀၁၊ ၄၀၂၊ ၄၀၃။ အခုထိလည်း ၄၀၀၊ ၄၀၁၊ ၄၀၂၊ ၄၀၃ ပဲ။ အဲနေရာ ပဲ ရွေ့လည်းမရွေ့ဘူး။ သွားလည်း မသွားဘူး။ ဒါပေမယ့် နေ့တိုင်း တရုတ်ဘက်က အစီးရေ ၅၀ လောက်ထွက်နေတော့ ဟိုဘက်ကို အစီးရေ ၅၀ လောက် ဝင်နေတယ်။ အဲတော့ တစ်နေ့ကို ၄/၅၀ လောက် ထွက်နေတယ်ဆိုလို့ရှိရင် ၁၀ ရက်ဆိုရင် ကားအစီးရေ ၄/၅၀၀ အပြင်ပြန်ရောက်နေပြီလေ” ဟု CNI သို့ ပြောသည်။
လက်ရှိအချိန်တွင် ကုန်ကားမလုံလောက်မှုကြောင့် မူဆယ်နယ်စပ်ဂိုဒေါင်များ၌ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်း အများ အပြား ပိတ်မိနေကြောင်း ကုန်သည်များထံမှ သိရသည်။