CNI International Opinion

၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၁၁

ဖေဖော်ဝါရီ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် ပြည်သူ့တို့၏ခုခံစစ်ကို စတင်ကြောင်း NLD လွှတ်တော်အမတ်အများစု ဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။

လူထုတော်လှန်ရေးတွင် ပါဝင်ခြင်းဖြင့် စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ရန် နိုင်ငံတဝန်းရှိ ပြည်သူများကို NUG က တိုက်တွန်းခဲ့ သည်။ ခေတ္တယာယီသမ္မတ ဒူဝါလရှီးလ၏ ဗီဒီယိုမိန့်ခွန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက စစ်တပ်ကို ချက်ချင်းတိုက်ခိုက်ရန် တောင်းဆိုထားသည်။

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များကို မေလတွင် ဖွဲ့စည်းခဲ့သည်။ ၎င်းသည် NLD အပေါ် သစ္စာခံပြီး ကနဦးတွင် တပ်ဖွဲ့ဝင် အင်အား အနည်းငယ်သာရှိသည်။

စစ်တပ်က NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့များဟု တံဆိပ်ကပ်ထားသလို ဒူဝါလရှီးလကလည်း စစ်တပ်ကို “မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်အကြမ်းဖက်သမားများ” ဟု ခေါ်ဆိုသည်။

ပုံ-ဒူဝါလရှီးလကိုတွေ့ရစဉ်

မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုယိုယွင်းလာမည့် အန္တရာယ်ရှိသော လမ်းကြောင်းတစ်ခုကို ပြသနေသည်။

မြန်မာနိုင်ငံတွင် ကာလရှည်ကြာ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည်။

စစ်တပ်နှင့် စစ်တပ်ကို ဆန့်ကျင်သော နိုင်ငံရေးပါတီများအကြားမှာလည်းကောင်း၊ အာဏာပိုင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြားမှာလည်းကောင်း ရောယှက်နေသော ပဋိပက္ခများလည်း ရှိနေသည်။ အကယ်၍ ဘက် အသီးသီးက လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားပြီး နိုင်ငံရေး အစွန်းရောက်လုပ်ဆောင်မှုများကို အားပေးနေမည်ဆိုလျှင် တိုင်းပြည်သည် အဆုံးမသတ်နိုင်သော တိုက်ပွဲများ၊ ဒုက္ခများနှင့် ပြည့်နှက်နေပေလိမ့်မည်။

ပြည်တွင်း ပဋိပက္ခများကို တိုက်ခိုက်ခြင်း၊ ဗုံးခွဲခြင်းဖြင့် ဖြေရှင်းမှာလား (သို့မဟုတ်) အားလုံး ပါဝင်နိုင်သည့် ငြိမ်းချမ်းရေးမူကို စွဲကိုင်လိုက်နာမှာလား ရွေးချယ်စရာ အချိန်တန်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခများ တင်းမာလာနေသည်။

ပိုဆိုးသည်မှာ မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအမြင်များမှာ မတူကွဲပြားသော ဦးစားပေးမှုများ ဖြစ်လေ့ရှိပြီး ထိုဦးစား ပေးမှုများက ပြည်တွင်း မငြိမ်မသက်ဖြစ်အောင် အဆက်မပြတ် တွန်းအားပေးနေသည်။

ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးသည် အရေးပါဆုံးဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံများက ယုံကြည်ထားကြပြီး ပြည်တွင်း အဖွဲ့ အစည်း အားလုံး ငြိမ်းချမ်းရေးမြှင့်တင်ရန် အိမ်နီးချင်းများအနေဖြင့် ကူညီလိုသော ဆန္ဒရှိကြသည်။ ထိုသဘောထားမှာ တရုတ်တစ်နိုင်ငံတည်းမဟုတ်။ အာဆီယံကလည်း အလားတူ သဘောထားမျိုး ရပ်တည်ချက်ရှိသည်။

ပုံ-CNA

သို့သော် စစ်တပ်က ဖြုတ်ချခြင်းကိုခံခဲ့ရသော NLD အစိုးရ အာဏာပြန်ရအောင် ထောက်ခံသည့်ဘက်မှာ အမေရိကန်နှင့် အနောက်အုပ်စုတို့က ရပ်တည်နေသည်။ ထိုရပ်တည်ချက်သည် ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် စစ်တပ်ကို ဖြုတ်ချဖို့ NLD မျှော်လင့်ချက် ပိုတက်လာအောင် ၎င်းတို့က ပံ့ပိုးပေးသလိုဖြစ်နေသည်။

အနောက်နိုင်ငံများသည် NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စည်းရုံးခြင်းအားဖြင့် ပြည်တွင်း အခြေအနေအား ပြည်တွင်းစစ်အဖြစ်သို့ ဉီးတည်သွားရန် သေချာပေါက် ပြောင်းလဲနိုင်မည် မဟုတ်ပေ။

စစ်တပ်သည် တိုင်းပြည်တွင် အမြစ်တွယ်နေသော အာဏာရှိသည်။ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သော အကျပ်အတည်းမှစ၍ NLD ထောက်ခံသူများ၏ ကန့်ကွက်ဆန္ဒပြမှုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်မှုများနှင့် နိုင်ငံခြား ပိတ်ဆို့မှု များကို စစ်တပ်က ရင်ဆိုင်ခဲ့သည်။

စစ်တပ်သည် မြန်မာနိုင်ငံတွင် အင်အား ၆ သိန်းရှိသည်။ NLD အာဏာရစဉ်ကပင် စစ်တပ်သည် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း နေရာယူထားဆဲ ဖြစ်သည်။

သို့ရာတွင် အမေရိကန်နှင့် အနောက်အုပ်စုတို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများကို လက်နက်အမြောက်အမြားပေးရန် ခြေလှမ်းစလိုက်လျှင်တော့ တကယ့် ပြည်တွင်းစစ် အသွင်သဏ္ဌာန် ပေါ်လာနိုင်သည်။

ပုံ-SSPP

မြန်မာ့အခြေအနေသည် စာမျက်နှာသစ်တစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။

NLD သည် မြန်မာနိုင်ငံတွင် တရားဝင်ပါတီအဖြစ် ရှိနေဆဲဖြစ်ပါသည်။ NLD ၏ ယခင်ရပ်တည်ချက်သည် စစ်တပ်နှင့် အစိုးရ ဌာနများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများအပေါ် ထောက်ခံခြင်းမျိုး မပါဝင်ခဲ့ပေ။

ယခုအခြေအနေတွင် NLD က တော်လှန်ရေးကို ဦးဆောင်ခဲ့လျှင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတစ်ခုဆီသို့ ဦးတည် သွားလိမ့်မည်ဖြစ်သည်။

တရုတ်သည် တခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လေ့မရှိသော နိုင်ငံခြားရေးမူဝါဒကို လိုက်နာသည်။

တရုတ်အတွက် မြန်မာ့ငြိမ်းချမ်းရေးသည် အရေးကြီးဆုံးဖြစ်သည်။ မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်နေပါက မြန်မာဘက်မှ ဒုက္ခသည်များ တရုတ်ဘက်သို့ ထွက်ပြေးလိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ ကြီးမားသော ခြိမ်းခြောက်မှုအောက် ရောက်ရှိသွားနိုင်စရာရှိသည်။

ပုံ-AFP

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားတပ်ဖွဲ့များ တိုက်ပွဲဖြစ်သည့်အခါ တရုတ်နယ်မြေထဲသို့ ရံဖန်ရံခါ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ဖူးသည်။

တရုတ်မီဒီယာတစ်ခုအနေဖြင့် ကျွန်ုပ်တို့ ဂလိုဘယ်တိုင်းမ်က မြန်မာ့အခြေအနေ ပိုဆိုးစေမည့် အမေရိကန်နှင့် အနောက် အင်အားစုများ ချမှတ်ထားသော မည်သည့်မူဝါဒကိုမဆို ဆန့်ကျင်ပါသည်။ အနောက်အုပ်စု၏ နိုင်ငံရေးအရ ကြေညာချက်များ သည် ၎င်းတို့အတွက် အရေးမပါသော်လည်း မြန်မာနိုင်ငံကိုသာ ထိခိုက်စေမည်ဖြစ်သည်။ အနောက်တိုင်း၏ ပုံစံစနစ်သည် မြန်မာနှင့် မကိုက်ညီကြောင်း သက်သေပြပြီး ဖြစ်သည်။

တိုင်းပြည်သည် အမျိုးသားရေးနှင့် နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ရန် ဘက်ပေါင်းစုံမှ လက်ခံသော နိုင်ငံရေးမူဘောင်တစ်ခုကို လေ့လာစူးစမ်းရန် လိုသည်။

မြန်မာနိုင်ငံ၏ NUG အစိုးရက ပြည်တွင်းစစ်ကို တွန်းအားပေးသည့် တော်လှန်ရေးတောင်းဆိုသော ယခုကဲ့သို့အချိန်အခါတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သဘောထားသည် အလွန်အရေးကြီးပါသည်။ အနောက်ကမ္ဘာအနေဖြင့် မြန်မာလူထုအပေါ် သိသာမြင်သာသည့် အကျိုးဖြစ်ထွန်းဖို့သာ အာရုံစိုက်ပြီး မြန်မာ့အခြေအနေကို ကယ်တင်ရန် ပြည်တွင်းစစ်ကို မထောက်ခံရေး ကျွန်ုပ်တို့ မျှော်လင့်ပါသတည်း။ 

Global Times သတင်းဌာန၏ “US, West should refrain from encouraging civil war in Myanmar: Global Times editorial”ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော အယ်ဒီတာ့အာဘော်ကို CNI သတင်းဌာနမှ ဘာသာပြန်ဖော်ပြပေး လိုက်ပါသည်။