CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒီမိုကရေစီ မဆန်သော ကိစ္စရပ်များကို လုပ်နေသည်ဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှစ၍ TNLA သည် သီပေါမြို့အဝင် မုခ်ဦးတွင် ရေးဆွဲထုဆစ်ထားသော ရှမ်းပြည် ကိုယ်စားပြု အမှတ်သရုပ်အား ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်လျက်ရှိနေသည် ကိုတွေ့ရှိရသလို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင်လည်း မူဆယ်မြို့နယ်၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့၏ အထွဋ် အမြတ် အခေါင်အချုပ်ဖြစ်သော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ကြောင်း SSJAC က ထုတ်ပြန်ခဲ့သည်။ 

SSJAC က “ ရှမ်းလူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းထားရှိသော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုး‌ဟောင်းကို ဖျက်ဆီး သည့်အချိန်တွင် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရေး ရည်သန်၍ စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေး ဖြေရှင်းသည့် နည်းလမ်းကို ရှမ်းအဖွဲ့အစည်း အသီးသီးက ဆောင်ရွက်ခဲ့သည်”ဟု ပြောသည်။

ယခု TNLA က လုပ်ဆောင်နေသည့် သီပေါမြို့အဝင်မုခ်ဦးရှိ ရှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်အား ပလောင် လူမျိုး အမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်ခြင်း အပါအဝင် ယခင်နှစ်များတွင်လည်း ကွတ်ခိုင်မြို့ နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသ စသည့် နယ်မြေဒေသများတွင် အလားတူ ကိစ္စရပ်များ ပြုလုပ်ခဲ့ သည့်အပြင် ရှမ်းပြည်မြောက်ပိုင်းတွင် ဒီမိုကရေစီ မဆန်သော အခြားကိစ္စရပ်များကို ပြုလုပ်နေသည်မှာ ဒေသခံ ပြည်သူတို့၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်း လုပ်နေသည်ဟု SSJAC က ထုတ်ပြန်ခဲ့သည်။

TNLA က သီပေါမြို့အဝင် မုခ်ဦးကို ပလောင်သရုပ်ဖော်မှုကို လုပ်ထားစဉ်

ထို့ပြင် အချုပ်အခြာအာဏာပိုင် ပြည်သူတို့ကို လေးစားသမှုမရှိခြင်း၊ မိမိအစုအဖွဲ့လိုဘ တစ်ခုတည်းကိုသာ ဦးတည် ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရများ၊ လက်ရှိ တော်လှန်ရေး၏ ဦးတည်ချက်များနှင့် ဆန့်ကျင် ကွဲလွဲနေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခမဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ရေး ကို ဆန့်ကျင်ရာ ရောက်ခြင်းတို့ကြောင့် TNLA ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု SSJAC က ထုတ်ပြန်ခဲ့သည်။

TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က MNDAA၊ AA၊ BPLA၊ BNRA၊ KNDF၊ PDF၊ PLA၊ DPLA တို့ဖြင့် ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ နမ့်ခမ်း၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

SSJAC သည် ရှမ်းပါတီများ၊ ရှမ်းလက်နက်ကိုင်များ၊ ရှမ်းအရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဖွဲ့စည်းထားသော ကော်မတီဖြစ်သည်။